
ရန်ကုန် စက်တင်ဘာ ၁၃
၂၀၂၃ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ အုပ်စု (က) ဒုတိယနေ့ကို စက်တင်ဘာ ၁၂ ရက် ညပိုင်းက ဆော်ဒီအာရေဗျနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း သည် ဥဇဘက်ကစ္စတန်အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည်။
ယခုပွဲရလဒ်မှာ ခြေစစ်ပွဲအောင်မြင် ရေး သက်ရောက်မှု မရှိသော်လည်း မြန်မာအသင်းအနေဖြင့် အကောင်းဆုံး ကြိုးစားခဲ့သည်။ သို့သော် အသင်းနှစ်သင်း ကြား ကွာခြားမှု၊ ခံစစ်ပိုင်းအားနည်းမှုများ ကြောင့် မြန်မာအသင်း အရေးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ဥဇဘက်ကစ္စတန်အသင်းသည် နောက်ဆုံး အဆင့်ပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ခြေစစ် ပွဲ အောင်မြင်ထားပြီးဖြစ်သောကြောင့် ယခုခြေစစ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေ သော်လည်း ယင်းအသင်းနှင့် တွေ့ဆုံ သည့် ရလဒ်များကို ထည့်သွင်းတွက်ချက် မည်မဟုတ်ရာ မြန်မာအသင်းအနေဖြင့် နှစ်ပွဲဆက်အရေးနိမ့်ခဲ့သော်လည်း ယခုပွဲ ရလဒ်မှာ ခြေစစ်ပွဲ အောင်မြင်ရေး တွက်ချက်ရာတွင် သက်ရောက်မှုရှိမည် မဟုတ်ပေ။
မြန်မာအသင်းနည်းပြချုပ် ဦးစိုးမြတ် မင်းသည် ပွဲထွက်လူစာရင်း၌ ဟိန်းထက် စိုး (ဂိုး)၊ လတ်ဝေဘုန်း၊ လန်းဆန်း အောင်၊ ကောင်းထက်ပိုင်၊ ဇော်ဝင်းသိန်း၊ ထွန်းထွန်းသိန်း၊ သာယာဝင်းထက်၊ ရဲရင့်ဖြိုး၊ သန်းတိုးအောင်၊ စွမ်းထက်၊ သိန်းဇော်သီဟတို့ကို အသုံးပြုခဲ့သည်။ ဥဇဘက်ကစ္စတန်အသင်းအတွက် အနိုင် ဂိုးများကို ကိုးမိနစ်တွင် ဖော်မင်၊ ၂၅ မိနစ် တွင် ပယ်နယ်တီမှတစ်ဆင့် ရာမာတူလာ ယော့ဗ်၊ ၉၀+၂ မိနစ်တွင် ဂျိုဘိုရာယော့ဗ် တို့က သွင်းယူခဲ့သည်။ မြန်မာအသင်း အနေဖြင့် ယခုပွဲတွင်လည်း ပယ်နယ်တီ ပေးခဲ့ရပြီး နှစ်ပွဲဆက် ပယ်နယ်တီပေး နေရသဖြင့် ခံစစ်ကစားသမားများ၏ ဖျက်ထုတ်မှုနှင့် ပါးနပ်မှုအပိုင်းတွင် အားနည်းချက်များ ရှိနေသေးသည်။
အုပ်စု (က) အခြားပွဲတွင် အိမ်ရှင် ဆော်ဒီအာရေဗျအသင်းက မော်လ်ဒိုက် အသင်းကို ၁၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ သည်။ မြန်မာအသင်းသည် အုပ်စုတတိယ ပွဲအဖြစ် မြန်မာစံတော်ချိန် စက်တင်ဘာ ၁၇ ရက် နံနက် ၁ နာရီတွင် အိမ်ရှင် ဆော်ဒီအာရေဗျအသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF