
ဒိန်းမတ်အသင်းသည် မကြာမီကျင်းပတော့မည့် ကမ္ဘာ့ဖလား ပြိုင်ပွဲ၌ အိမ်ရှင်ကာတာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ရွှေ့ပြောင်းလုပ်သားများအပေါ် ဆက်ဆံမှုတို့ကို ဆန့်ကျင် ကန့်ကွက်သည့်အနေဖြင့် အရောင်ဖျော့သော ဂျာစီကို ဝတ်ဆင် ကစားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဒိန်းမတ်အသင်းအတွက် ဂျာစီဖန်တီးပေးသည့် ဟမ်းမဲလ်ကုမ္ပဏီသည် ဝမ်းနည်းပူဆွေးမှုအထိမ်းအမှတ်ကို ကိုယ်စားပြုရန် အသင်း၏ တတိယမြောက်ဂျာစီကို အနက်ရောင် ဂျာစီဖန်တီးထားကြောင်းနှင့် ဒိန်းမတ်အသင်းဂျာစီ၏ တံဆိပ်ကို လည်း အရောင်ဖျော့ကာ ပုံဖော်ထုတ်လုပ်ထားကြောင်း သိရသည်။
ဒိန်းမတ်အသင်း၏ အိမ်ကွင်းဂျာစီကို စပွန်ဆာတံဆိပ်များ မပါသော အနီရောင်ဖျော့ဖျော့နှင့် ဒုတိယ အဝေးကွင်းဂျာစီကို အဖြူရောင် ဝတ်ဆင်ကစားသွားမည်ဖြစ်သည်။ ထို့အပြင် ဒိန်းမတ် အသင်း၏ လေ့ကျင့်ရေးကွင်း၌ ဝတ်ဆင်ကစားမည့် ဂျာစီစပွန်ဆာ လိုဂိုများကိုလည်း ရုပ်သိမ်းသွားမည် ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာနိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သားများ သည် ကာတာနိုင်ငံတွင် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဆောက်လုပ် ရေးလုပ်ငန်းများလုပ်ကိုင်စဉ် သေဆုံးခဲ့ကြောင်း သိရသည်။
မိုးဇက် - စုစည်းသည်