အကြမ်းဖက်ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ

 

CRPH, NUG, PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများက တစ်နိုင်ငံလုံးတွင်  အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ခဲ့ချိန်မှစ၍   စစ်ဘက်နှင့်မဆိုင်သော  လမ်း၊  တံတား၊ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းနှင့် ပညာရေးအဆောက် အအုံများ ဖျက်ဆီးခံခဲ့ရသလို ရဟန်း၊ သံဃာတော်၊ သီလရှင်များ၊ အစိုးရဝန်ထမ်းများနှင့်  အရပ်သားများပါ  လုပ်ကြံသတ်ဖြတ်ခံ ခဲ့ကြရသည်။

 


PDF အမည်ခံ အကြမ်းဖက်အုပ်စုများ၏ အရပ်ဘက်ပစ်မှတ် များကို အကြောင်းမဲ့တိုက်ခိုက်မှုများတွင် ခရီးသည်တင်မော်တော် ယာဉ်များ၊    ခရီးသည်တင်ရထားများ  စသည့်အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်များကို ပစ်မှတ်ထားတိုက်ခိုက်မှုများအပြင် လူမှုရေးအသင်းအဖွဲ့များ၏ လူနာတင်ယာဉ်များကိုလည်း အလွတ်မပေးခဲ့။ လေကြောင်းလိုင်းတစ်ခု၏ လေယာဉ်များကို ပျက်ကျစေရန် ရည်ရွယ်လျက် Pitot Tube များတွင် သစ်ရွက်များ လိပ်၍ ထည့်ခဲ့သည့်အပြင် လေယာဉ်ဘီးမူလီနှင့် အင်ဂျင်ပါဝါ လီဘာရှိ  ဘိုးနပ်များလျှော့ထားရန် စီစဉ်ခဲ့ခြင်းစသည့် ရက်စက် ယုတ်မာသော လုပ်ရပ်မျိုးကိုလည်း ပြုလုပ်ခဲ့ကြဖူးသည်။

 


စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက အရပ်ဘက်လေယာဉ် တစ်စင်း   လွိုင်ကော်လေဆိပ်သို့   ဆင်းသက်စဉ်  အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခံရသည့်ဖြစ်စဉ်တွင် အဆိုပါလေယာဉ်သည် လေယာဉ်ကွင်း၏    မြောက်ဘက်တွင်ရှိသည့်    PDF,  KNPP အကြမ်းဖက်သောင်းကျန်းသူများနေသည့်    နေရာကိုဖြတ်၍ ပျံသန်းစဉ် အောက်မှနေ၍ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် လေယာဉ်၏  ဝမ်းဗိုက်ပိုင်းကို  ကျည်ထိမှန် ဖောက်ထွက်ကာ  လေယာဉ်ပေါ်တွင်  စီးနင်းလိုက်ပါလာသည့် ခရီးသည်တစ်ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

 


ခရီးသည်တင်လေယာဉ်ကို     ပစ်ခတ်တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု၊    ရာဇဝတ်မှုများကို   ကျူးလွန်ခဲ့ခြင်းဖြစ်ရာ ယင်းကိစ္စအပေါ်  ပြည်ဖျက်မီဒီယာများက သတင်းအလွဲအမှား များဖြင့် ပုံဖျက်၍ လိမ်ညာဖုံးဖိပေးခဲ့ကြပြီး PDF အကြမ်းဖက် အဖွဲ့များကို လက်ခံထားသည့် KNPP အဖွဲ့ကလည်း မျက်စိစုံမှိတ် နားကိုပိတ်၍    ငြင်းချက်ထုတ်ခဲ့သည်။  မပြေးသော်ကန်ရာရှိ ဆိုသည့်နှယ်  မြေပြင်တွင်  ၎င်းတို့သာရှိနေသည့်  နေရာပေါ်မှ ပျံသန်းစဉ်  ပစ်ခတ်ခံရခြင်းဖြစ်ရာ  မျက်စိစုံမှိတ်၍  ငြင်းမည် ဆိုလျှင်ပင် အနည်းဆုံးကိုယ့်လူကိုယ် စုံစမ်းမေးမြန်းမှုတို့ ပြုလုပ်ဖို့ မဖြစ်မနေလိုအပ်မည်သာဖြစ်သည်။ 

 


မည်သို့ပင်ဆိုစေကာမူ   အရပ်ဘက်ပြည်သူများ၏  အသက် အန္တရာယ်ကို အစုလိုက် အပြုံလိုက် ဖြစ်ပွားစေသည့်အန္တရာယ် ရှိသည့်  မိုက်မိုက်ကန်းကန်း  ကျူးလွန်မှုကိုမူ  ငြိမ်းချမ်းရေးနှင့် အေးချမ်းသာယာရေးကို     လိုလားသည့်   ပြည်သူလူထုနှင့် အဖွဲ့အစည်းများက  ပြင်းပြင်းထန်ထန်  ပြစ်တင်ရှုတ်ချလျက် ရှိကြပါကြောင်း။     ။