
ရန်ကုန် အောက်တိုဘာ ၄
၂၀၂၂ ရာသီ မြန်မာအမျိုးသမီး လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁) ပထမနှင့် ဒုတိယနေ့ကို အောက်တိုဘာ ၃ ရက်၊ ၄ ရက်က ဗဟန်းမြက်ခင်းတု ကွင်း၌ ကျင်းပရာ သစ္စာအားမာန် နှင့် လက်ရှိချန်ပီယံ အား/ကာသိပ္ပံ အသင်း ဂိုးပြတ်အနိုင်ရခဲ့သည်။
အောက်တိုဘာ ၃ ရက်က ကျင်းပသည့်ပွဲတွင် သစ္စာအားမာန် အသင်းက Young Lionesses အသင်းကို ခြောက်ဂိုးပြတ် အနိုင် ရ ခဲ့သည်။ လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင် ကစားသမားအများစု ပါဝင်သည့် သစ္စာအားမာန်အသင်းသည် ခြေအသာဖြင့် ကစားကာ ဂိုးပြတ်အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ပွဲအစတစ်မိနစ်မှာပင် မြတ်နိုးခင်က သစ္စာအားမာန် အသင်းအတွက် ဂိုးစတင်သွင်းယူခဲ့ပြီး ခုနစ်မိနစ်တွင် ခင်မိုးဝေက ဒုတိယဂိုးထပ်သွင်းခဲ့သည်။ နှစ်ဂိုးပြတ်ပြီး နောက်ပိုင်းတွင် သစ္စာအားမာန်အသင်းက ပွဲကိုထိန်းကစားခဲ့၍ အနိုင်ဂိုးများ ကို ၃၅ မိနစ်တွင် နီလာဝင်း၊ ၅၆ မိနစ်တွင် ဝင်းဝင်း၊ ၆၃ မိနစ်တွင် ဂျူလိုင်ကျော်၊ ၉၀+၂ မိနစ်တွင် ခင်ဆန်းလွင်တို့က သွင်းယူခဲ့သည်။
အောက်တိုဘာ ၄ ရက်က ကျင်းပသည့်ပွဲတွင် လက်ရှိ ချန်ပီယံ အား/ကာသိပ္ပံအသင်းက တနင်္သာရီအသင်းကို ၂၃ ဂိုး - ဂိုး မရှိဖြင့် အနိုင်ရခဲ့သည်။ တနင်္သာရီအသင်းသည် ယခုမှ အသင်းသစ်ဖွဲ့စည်းပြီး ယှဉ်ပြိုင်သောကြောင့် လက်ရှိချန်ပီယံ အား/ကာသိပ္ပံကို ယှဉ်မကစား နိုင်ဘဲ ဂိုးပြတ်အရေးနိမ့်ခဲ့ရသည်။
ပွဲစဉ် (၁) နောက်ဆုံးနေ့အဖြစ် အောက်တိုဘာ ၅ ရက် (ယနေ့) တွင် သုဝဏ္ဏလေ့ကျင့်ရေးကွင်း-၁ ၌ အားကစားနှင့်ကာယပညာ ဦးစီးဌာန အသင်းနှင့်YREO အသင်းယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရဲရင့်လွင်