အပျော်စီးသင်္ဘောခရီးစဉ်များ၊ ကောင်းကင်မှ ရှုခင်းကြည့်နိုင်မည့် လေယာဉ်ခရီးစဉ်များ ပြေးဆွဲရန် စီစဉ်နေပြီ။ စက်ရုံ၊ အလုပ်ရုံများ ပြန်ဖွင့်ရန်၊ စားသောက်ဆိုင်များ ပြန်ဖွင့်ရန်အတွက်လည်း ပြင်ဆင် နေကြပြီ။ ကပ်ရောဂါကြီး ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး အတား အဆီး၊ အကန့်အသတ်များအောက်တွင် ကာလကြာရှည် နေထိုင်ခဲ့ရ သည်များအတွက် တစ်စိတ်တစ်ပိုင်း ဖြေလျှော့ပေးခြင်းဖြစ်သလို လေးလံတုံ့ဆိုင်းလာသည့် စီးပွားရေးကို ပြန်လည်လှုပ်ရှားလာရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်ပျံ့နှံ့မှုမှာ ကျရိပ်ပြလာ သယောင်ရှိသော်လည်း သိသိသာသာ ထင်ထင်ရှားရှားမဟုတ်သေး။ ဓာတ်ခွဲအတည်ပြုလူနာအရေအတွက်သည် နေ့စဉ်ထောင်ဂဏန်း အထက်တွင်သာ ရှိနေဆဲ။ ရောဂါကူးစက်ခံရပြီး သေကံမရောက် သက်မပျောက် အိမ်ပြန်လာနိုင်ခဲ့သူများရှိသလို ထာဝရခွဲခွာသွားခဲ့ကြ ရသူများလည်း နေ့စဉ်နှင့်အမျှ ကိန်းဂဏန်းအရေအတွက် တိုးနေ ခဲ့ပြီ။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတချို့ ပေါ်ထွက်လာပြီး နိုင်ငံ အချို့တွင် ထိုးနှံမှုတို့ စတင်နေပြီဖြစ်သလို အချို့လူများတွင် ကာကွယ် ဆေးနှင့် ဓာတ်မတည့်သည့် တုံ့ပြန်မှု၊ အသက်အရွယ်ပေါ် မူတည်၍ ကာကွယ်ဆေး၏ အာနိသင်ကွဲပြားမှုတို့ ပေါ်ထွက်လာသည်ကိုလည်း သတင်းများတွင် တွေ့ရှိရသည်။ မည်သို့ဆိုစေ ကိုဗစ်-၁၉ ကာကွယ် ဆေး မိမိတို့နိုင်ငံသို့ ရောက်ရှိရန်၊ လူတိုင်းစေ့ ထိုးနှံပေးနိုင်ရန် အချိန် တစ်ခုတော့ စောင့်ဆိုင်းရဦးမည်။
“စက်ရုံတွေ၊ အလုပ်ရုံတွေလည်း အမြန်ဆုံး ကျွန်မတို့ ပြန်ဖွင့် ပေးမယ်။ Stay at Home မဟုတ်တဲ့ နေရာတွေမှာလည်း ကျန်းမာရေး စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီတဲ့ စားသောက်ဆိုင်တွေကို ကျွန်မ တို့ ဖွင့်ဖို့ ပြန်ပြီးတော့ ခွင့်ပြုမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအကန့် အသတ်တွေကနေပြီးတော့ မြန်မြန်ဆန်ဆန် လွတ်မြောက်စေချင် တယ်ဆိုရင်တော့ စည်းမျဉ်းစည်းကမ်းကို လိုက်နာဖို့တော့ အင်မတန် မှ အရေးကြီးပါတယ်”ဟူ၍ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများသို့ အစီရင်ခံတင်ပြ သည့် မိန့်ခွန်းတစ်ရပ်တွင် ပြောကြားခဲ့သည်။ အသက်အန္တရာယ်နှင့် နီးသည့် ကူးစက်ရောဂါဘေးမှ ကင်းဝေးစေရန်နှင့် အတားအဆီး အကန့်အသတ်များအကြား နေရသည့်အခြေအနေမှ မြန်မြန် ဆန်ဆန် လွတ်မြောက်ရန်မှာ စည်းမျဉ်း စည်းကမ်းလိုက်နာမှုနှင့် တိုက်ရိုက်အချိုးကျနေသည်။ စည်းကမ်း လိုက်နာသည်နှင့်အမျှ ရောဂါဘေးမှ ကင်းဝေးမည်။
စင်စစ်အားဖြင့် မိမိတို့အားလုံး ကျောင်းသားအရွယ် ငယ်စဉ် ကတည်းကပင် ဆိုင်ရာဆိုင်ရာ နေရာဌာနတို့တွင် စည်းမျဉ်း စည်းကမ်းတို့ တစ်ခုမဟုတ် တစ်ခုနှင့် ယှဉ်တွဲနေခဲ့ကြရသည်။ လူ့အဖွဲ့အစည်းထဲမှာ ရှင်သန်နေထိုင်နေရသရွေ့လည်း စည်းမျဉ်း စည်းကမ်းများနှင့် ဆက်လက်နေထိုင်ကြရဦးမှာလည်း ဖြစ်သည်။ ကွမ်းတံတွေး မထွေးရ၊ အမှိုက်မပစ်ရ၊ မြက်ခင်းပေါ် မတက်ရ ဟူသော အသေးအဖွဲ စည်းကမ်းကလေးများမှသည် လူ့ကျင့်ဝတ် လူ့စည်းကမ်း များအထိ။ ကျင့်ဝတ်စည်းကမ်းတို့ မည်သို့ပင် ချမှတ်ပြဋ္ဌာန်းထားပါစေ လိုက်နာမှု ကင်းမဲ့သောအခါ ယင်းလူ့အဖွဲ့အစည်းသည် အကွပ်မဲ့ သည့် ကြမ်းပမာ ပရမ်းပတာအဖြစ်သို့ ကျရောက်မည်။ ကမ္ဘာလုံး ချီသည့် ကပ်ရောဂါ ၊ လူသား သန်းနှင့်ချီ၍ အသက်ဘေးသို့ ကျရောက် ခဲ့ရပြီဖြစ်သည့် ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများမှာမူ ချိုးဖောက်သူတို့အတွက် ကျရောက် လာနိုင်သည့် ဘေးဒဏ်မှာ မိမိနှင့်တကွ အဆွေအမျိုး၊ မိသားစုတို့ အတွက် အသက်နှင့် ယှဉ်သည့်အလျောက် လူတိုင်းကိုယ်စီ အသိတရားနှင့် သတိထားနိုင်ကြပါစေကြောင်း။ ။