ကြိုတင်သတိပေးထုတ်ပြန်ချက် ဆောလျင်ဆောင်ရွက် အားလုံးအတွက်

 

၂၁ ရာစု ဦးပိုင်းမှ စတင်ကာ ကမ္ဘာတစ်ဝန်း၌ ရာသီဥတုပြောင်းလဲ မှုများ သိသိသာသာ များပြားလာခဲ့သည်။ ရာသီဥတုပြောင်းလဲ မှုမှ ထွက်ပေါ်လာသည့် အကျိုးဆက်များမှာလည်း ကောင်းကျိုး ထက် ဆိုးကျိုးကသာ အများစုဖြစ်ပြီး ကမ္ဘာ့နိုင်ငံ  အတော်များများ ခံစားနေကြရခြင်းဖြစ်သည်။   မုန်တိုင်းတိုက်ခြင်း၊  ရေကြီးခြင်း၊  မြေပြိုခြင်း၊ အပူလှိုင်းကျရောက်ခြင်း၊ ငလျင်လှုပ်ခြင်း စသော သဘာဝဘေးအန္တရာယ်များမှာ   ဖြစ်ပေါ်သည့်အကြိမ်ရေ    ပိုမို များပြားလာသလို ပိုမို၍လည်း ပြင်းထန်လာသည်။

 

သဘာဝဘေး အန္တရာယ်များကျရောက်မှုကို   တားဆီး၍   မရနိုင်သော်လည်း အဆိုပါ   ဘေးအန္တရာယ်ကြောင့်   ဖြစ်ပေါ်လာနိုင်သည့် ထိခိုက် ဆုံးရှုံးမှုများ၊ ဘေးဒုက္ခများ  လျော့ပါးသက်သာအောင်၊ နည်းနိုင် သမျှနည်းအောင်      စီမံခန့်ခွဲမှုဆိုင်ရာ   နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်သည်။

 


သဘာဝဘေးအန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုအစီအစဉ်များ ရေးဆွဲဆောင်ရွက်ရာတွင်      ဘေးအန္တရာယ်ထိခိုက်နိုင်ဖွယ် အခြေအနေတို့ကို လျှော့ချနိုင်ရေး၊   ဘေးအန္တရာယ်ကျရောက်ချိန် တွင် အထိရောက်ဆုံးနှင့်     အလျင်မြန်ဆုံး    ကူညီကယ်ဆယ်နိုင်ရေး၊  ဘေးအန္တရာယ်ကျရောက်ခဲ့သည့်ဒေသများကို   အမြန်ဆုံးပြန်လည် ထူထောင်ရေး စသည့်ရည်ရွယ်ချက်များဖြင့်    ဆောင်ရွက်ကြခြင်း ဖြစ်သည်။   သဘာဝဘေးအန္တရာယ်ကြောင့်   ထိခိုက်ဆုံးရှုံးမှု လျှော့ချရေးတွင်   ကြိုတင်ပြင်ဆင်မှုအပိုင်းက   အဓိကကျပြီး ပြည်သူလူထုအား အသိပညာပေးခြင်း၊ နယ်မြေဒေသအလိုက် ဘေးအန္တရာယ်မှ ရှောင်ရှားနိုင်ရေးစီမံချက်များ ရေးဆွဲခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ကြိုတင်သတိပေးစနစ်များ ထူထောင် ခြင်း၊ အရေးပေါ်ကယ်ဆယ်ရေးနှင့်  ထောက်ပံ့ရေးတို့အတွက် မိမိတို့တွင်ရှိသည့်   အရင်းအမြစ်များကို    မှန်ကန်ထိရောက်စွာ အသုံးပြု၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သည်။

 


မြန်မာနိုင်ငံသည်   ပထဝီအနေအထားအရ  သဘာဝဘေး အန္တရာယ်ဖြစ်နိုင်ခြေမြင့်မားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံတကာ စစ်တမ်းတစ်ခုအရလည်း      သဘာဝဘေးအန္တရာယ်   အများဆုံး ကြုံတွေ့ခဲ့ရသည့်  နိုင်ငံများတွင်  အဆင့်(၂)နေရာ၌  ရှိနေသည်။ မုတ်သုံရာသီဥတုနှင့် နိုင်ငံအတွင်းရှိ    မြစ်ချောင်းများကြောင့် နှစ်စဉ်ရေကြီးရေလျှံမှု၊  တောင်ပြိုမြေပြိုမှု၊   ရုတ်တရက် ရေကြီး မှုနှင့်   မုန်တိုင်းအန္တရာယ်များ၊   မြေလွှာပြတ်ရွေ့များကြောင့် ဖြစ်ပေါ်နိုင်သည့်   မြေငလျင်အန္တရာယ်များ  စသည်တို့အတွက် ကြိုတင်ပြင်ဆင်မှုတို့ လိုအပ်ပြီး ကြိုတင်သတိပေးချက်များကို အလေးထားရန်နှင့် ပြည်သူလူထုအတွင်း သဘာဝဘေးအန္တရာယ် ဆိုင်ရာ ဗဟုသုတတို့ သိရှိနားလည်ထားရန်တို့လည်း  လိုအပ်သည်။

 


သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးကော်မတီ၏ လမ်းညွှန်မှု၊ ပို့ဆောင်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် မိုးလေ ဝသနှင့် ဇလဗေဒဦးစီးဌာနက သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ အတွက် ကြိုတင်သတိပေးချက်များ၊ ခန့်မှန်းချက်များ၊ သတင်း ထုတ်ပြန်ချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက် ရှိသည်။ သတိပေးချက်၊ ခန့်မှန်းချက်များကို အလိုအလျောက် ဖြေကြားသည့်စနစ်၊     သတင်းတိုနှင့်    ပေးပို့သည့်စနစ်တို့ကို ထူထောင်ထားပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ ဘက်စုံ သဘာဝဘေးကြိုတင်သတိပေးဗဟိုဌာနကို နေပြည်တော်တွင် ထူထောင်ထားပြီး ၂၄ နာရီအချိန်ပြည့် ဆောင်ရွက်လျက်ရှိရာ ကြိုတင်သတိပေးချက်များကို အလေးဂရုပြုနိုင်ရန် လိုအပ်သည်။

 


သဘာဝဘေးအန္တရာယ်ကြောင့်     ထိခိုက်ဆုံးရှုံးနိုင်ခြေကို လျှော့ချရာတွင် ကြိုတင်သတိပေးစနစ်နှင့် ကြိုတင်ပြင်ဆင်မှုများ က အထူးပင်အရေးပါလှသည့်အလျောက် ကြိုတင်သတိပေးချက် များကို   အလေးအနက်ဂရုပြုကာ  ဘေးအန္တရာယ်မှ  ကြိုတင် ပြင်ဆင်ရှောင်ရှားကြခြင်းအားဖြင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ တို့ ထိခိုက်ဆုံးရှုံးမှုများ လျော့ပါးသက်သာမည်ဖြစ်ပါကြောင်း။    ။