ဒစ်ဂျစ်တယ်နည်းပညာဗဟုသုတနှင့် သုံးစွဲမှု အလေ့အကျင့်တို့ မြှင့်တင်

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့သည့်ကာလက  နည်းပညာ         မြင့်မားသည့်ခေတ်ဖြစ်နေခြင်းကြောင့် အခက်အခဲအကျပ်အတည်း တော်တော်များများကို ပြေလည်စေသည်။ အထူးသဖြင့် လူတိုင်း လိုလို၏ အိတ်ထဲတွင်ရှိနေသော လက်တစ်ဝါးသာသာ မိုဘိုင်းဖုန်း ကလေးက အခရာကျသည်။ အင်တာနက်ကွန်ရက်နှင့်ချိတ်ဆက် ထားသော မိုဘိုင်းဖုန်းကလေးကိုအသုံးပြု၍ ကိစ္စအတော်များများ ကို လျင်လျင်မြန်မြန် အဆင်ပြေပြီးမြောက်အောင် ဆောင်ရွက်နိုင် သည်။
ကိုဗစ်ရောဂါကို အကြောင်းပြု၍ အသွားအလာတို့ကို တားဆီး ကန့်သတ်ရခြင်း၊ လူစုလူဝေးမဖြစ်အောင် ရှောင်ကြဉ်ရခြင်း၊ တစ်ဦး နှင့်တစ်ဦး ခြောက်ပေထက်မနည်း ခပ်ခွာခွာနေရခြင်း စသည့်အကန့် အသတ်တို့ကို မဖြစ်မနေ ကျော်လွှားနိုင်ရန်အတွက် နည်းပညာကို မသုံးမဖြစ် သုံးစွဲလာရသည်။ လက်ထဲမှာရှိနေသည့် ဖုန်းကလေးကို သုံး၍ ကုန်ပစ္စည်းအရောင်းအဝယ်ပြုလုပ်ကြခြင်းဖြင့် ဈေးကွက်ကို အွန်လိုင်းပေါ်ရောက်အောင် ရွှေ့ပြောင်းလိုက်ကြရသည်။   အွန်လိုင်း မှပင် ငွေပေးချေကြရသည်။  မိမိတို့သားသမီးများ၏ပညာရေး နှောင့်နှေးမသွားစေဖို့လည်း အွန်လိုင်းမှာပင် ကျောင်းထားကြရသည်။ ဆွေးနွေးပွဲများ၊  အစည်းအဝေးများ၊  သင်တန်းများ  စသည်တို့သာမက          ဓလေ့ထုံးတမ်းယဉ်ကျေးမှုဖြစ်သည့် အာစရိယပူဇော်ပွဲတို့ကိုပင် ဒစ်ဂျစ်တယ်နည်းပညာကိုသုံး၍ ကျင်းပကြရတော့သည်။ ကူးစက်မြန် ကပ်ရောဂါ၏  တွန်းအားကြောင့်  ဒစ်ဂျစ်တယ်  သိနားလည်မှု အားနည်းသည့်   မိမိတို့နိုင်ငံအဖို့  အတိုင်းအတာတစ်ရပ်အထိ        အရွေ့ဖြစ်ပေါ်ခဲ့သည်ဟုပင် ဆိုရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဟန်းဖုန်းသုံးစွဲမှုအရေအတွက် သန်း ၅၀ ကျော် ရှိသော်လည်း မိုဘိုင်းအင်တာနက်သုံးစွဲမှုက ယင်း၏ထက်ဝက်ပင် မရှိ။ အွန်လိုင်းမှ အရောင်းအဝယ်လုပ်သူ၊ ငွေပေးချေသူ၊ အခွန် ဆောင်သူ စသည်ဖြင့် ပြုလုပ်သူမှာ နှစ်သန်းခန့်သာရှိသည်ဟုဆိုရာ မိမိတို့နိုင်ငံသားများ ဒစ်ဂျစ်တယ်ဆိုင်ရာ သိနားလည်မှုနှင့် သုံးစွဲမှု အလေ့အထတို့ တိုးတက်မြင့်မားလာစေရန် မြှင့်တင်ပေးဖို့ များစွာ လိုအပ်နေသည်ကို ပြဆိုနေခြင်းပင်ဖြစ်သည်။ အနာဂတ်ဆယ်စုနှစ် များအတွင်း နိုင်ငံနှင့်လူမျိုးတို့ ခေတ်နောက်ကျ မကျန်ရစ်စေရန် နည်းပညာတို့နှင့် ရင်းနှီးကျွမ်းဝင်နေရမည်ဖြစ်သလို နေ့စဉ်လူမှု ဘဝများတွင်လည်း တွင်တွင်ကျယ်ကျယ် သုံးစွဲနိုင်ရန် လိုအပ်နေပြီ ဖြစ်သည်။
“ကိုဗစ်-၁၉  ရောဂါဟာ ဒစ်ဂျစ်တယ်စနစ်အသွင်ကူးပြောင်း မှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ဖို့လိုအပ်ချက်နဲ့ ဒစ်ဂျစ်တယ် စနစ်ရဲ့ အရေးပါမှုကို မီးမောင်းထိုးပြသနေပါတယ်။ ဒစ်ဂျစ်တယ် စနစ် အသွင်ကူးပြောင်းမှု  ဆောင်ရွက်တဲ့အခါ  ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်မှုနဲ့ စွမ်းဆောင်ရည်တွေဟာ ကျွန်မတို့နိုင်ငံရဲ့ ကာလ ရှည်ကြာ အောင်မြင်မှုအတိုင်းအတာကို အဆုံးအဖြတ်ပေးနိုင်မယ့် အချက်တစ်ခုလည်းဖြစ်ပါတယ်” ဟူ၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်က UMFCCI (၂၉)ကြိမ်မြောက်                  နှစ်ပတ်လည်စုံညီအစည်းအဝေးမိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့သည်။ ထို့အပြင်  ပိုမိုမြန်ဆန်သည့်   ဒစ်ဂျစ်တယ်စနစ်အသွင် ကူးပြောင်းမှုကို အကောင်အထည်ဖော်နိုင်ရန်အတွက် တစ်ခုတည်း သော ဒစ်ဂျစ်တယ်ပလက်ဖောင်းစနစ်ကို နိုင်ငံတော်က ဦးစီးပြီး ပုဂ္ဂလိက စီးပွားရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်အကောင်အထည် ဖော်ရန်  ဆောင်ရွက်နေကြောင်းကိုလည်း  အသိပေးထုတ်ဖော် ပြောကြားခဲ့သည်။
ဒစ်ဂျစ်တယ်စီးပွားရေးစနစ်သည် ကမ္ဘာလုံးချီ စီးပွားရေးစနစ် ဖြစ်ပြီး မိမိတို့နိုင်ငံသည် နောက်ကျကျန်နေသော နိုင်ငံဖြစ်သည်။ လူတိုင်းလိုလို  စမတ်ဖုန်းသုံးစွဲနေသော နိုင်ငံတစ်နိုင်ငံအနေဖြင့် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ   သိနားလည်မှုနှင့်    အကျိုးရှိရှိ ထိရောက်စွာသုံးစွဲမှု အလေ့အကျင့်များဖြစ်ပေါ်လာအောင် မြှင့်တင် အားပေးခြင်းဖြင့် ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ပါစေကြောင်း။     ။