ဂုဏ်သိက္ခာမြင့်မားသည့် နိုင်ငံရေးနည်းလမ်းဆီ

 

အတိတ်ကာလက  နယ်ချဲ့တို့၏   သွေးခွဲသပ်လျှိုအုပ်ချုပ်မှုနှင့် မျက်မှောက်ကာလတွင် မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးကို ပြည်ပမှ  ဝင်ရောက်စွက်ဖက်မှုတို့က ပြည်ထောင်စုဖွား သွေးချင်းတို့ကြားမှာ ကြီးစွာသော ရန်ဆူးရန်ငြောင့်တစ်ခုအဖြစ်နှင့် အနှောင့်အယှက်ပြု နေဆဲပင်ဖြစ်သည်။ ကိုလိုနီနယ်ချဲ့ဝါဒီလက်ဟောင်း လက်သစ်တို့ အစပျိုးခဲ့သည့်    သံသယမျိုးစေ့မှသည်   စည်းလုံးညီညွတ်မှုတို့ အက်ကြောင်းထင်ကာ   လက်နက်ကိုင်ပဋိပက္ခများ၊    တည်ငြိမ် အေးချမ်းမှုကင်းမဲ့သည့်  ဘဝများ၊  ဖွံ့ဖြိုးတိုးတက်မှု  နည်းပါး ခေတ်နောက်ကျမှုများဖြင့်   ဆယ်စုနှစ်များ    တစ်ခုပြီးတစ်ခု ဖြတ်သန်းခဲ့ရသည်။

 


မိမိတို့နိုင်ငံကို ကျွန်ပြုခဲ့သည့် ကိုလိုနီနယ်ချဲ့တို့သည် ၎င်းတို့ ၏ နေမဝင်အင်ပါယာအတွင်းသို့ သွတ်သွင်းခဲ့သည့် နိုင်ငံတိုင်းမှာ သွေးခွဲသပ်လျှိုအုပ်ချုပ်မှုကို စနစ်တကျ အစီအစဉ်ချ ဆောင်ရွက် ခဲ့ကြခြင်းဖြစ်သည်။  မြန်မာနိုင်ငံတွင် မြေပြန့်ဒေသများကို  ပုံစံ တစ်မျိုးအုပ်ချုပ်ပြီး   တောင်တန်းဒေသများတွင်  ပဒေသရာဇ် အုပ်ချုပ်မှုပုံစံ ဆက်၍ထားခဲ့သည်။  ပဒေသရာဇ်အုပ်ချုပ်မှုမှာ ဟန်ပြသာဖြစ်ပြီး ၎င်းတို့၏အထက်တွင် နယ်ချဲ့အရာရှိက အုပ်ချုပ် နေခြင်းဖြစ်သည်။ တောင်တန်းနှင့် မြေပြန့်အကြား နိုင်ငံရေး နိုးကြားမှုနှင့်  ဖွံ့ဖြိုးမှုတို့ ကွာဟသွားခဲ့သလို  ဒေသသားတို့ကို မူးယစ်ဆေးဝါး(ဘိန်း) နှင့် လောင်းကစားတို့တွင်  နစ်မွန်းအောင် လည်း ဖန်တီးခဲ့ကြသည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း     တောင်တန်းဒေသ လူငယ်တို့က နိုင်ငံရေးနိုးကြားပြီး တောင်တန်း မြေပြန့် အတူတကွ လွတ်လပ်ရေးရယူရန် ကြိုးပမ်းကြချိန်တွင် ကိုလိုနီနယ်ချဲ့အရာရှိတို့က တိုင်းရင်းသားပဒေသရာဇ် အသိုင်း အဝိုင်းများအကြားတွင် “ဗမာတွေကို မယုံနဲ့။ ဒီကောင်တွေမှာ ပိုက်ဆံမရှိဘူး” စသည့် စကားများဖြင့်  သပ်လျှိုသွေးခွဲခဲ့ကြကြောင်း  သမိုင်းမှတ်တမ်းများတွင် တွေ့ရသည်။

 


မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်    ဖြစ်ပေါ်လာခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများသည် အထက်ပါသွေးခွဲ မှုကို အခြေခံကာ သံသယများပေါ်ပေါက်ခဲ့ရာမှ စတင်ခဲ့သည်။ ဝါဒရေးကြောင့်၊ လူမျိုးရေးကြောင့်၊ ဘာသာရေးကြောင့် စသည် ဖြင့် အကြောင်းအမျိုးမျိုးတို့ကို  အကြောင်းပြု၍  လက်နက်စွဲကိုင် ခဲ့ကြသည်။ တိုင်းရင်းသားမျိုးနွယ်များသလောက် လက်နက်ကိုင် အဖွဲ့အစည်းကလည်း များခဲ့ကြသည်။ နယ်စပ်ဒေသ တိုင်းရင်း သား လူမျိုးအချို့မှာ တစ်ဖက်နိုင်ငံတွင်လည်း အမျိုးအနွယ်တူများ ၎င်းနိုင်ငံသားအဖြစ် ရှိနေကြသည့်တိုင် မိမိတို့နိုင်ငံဘက်ခြမ်း၌ သာ ပြဿနာရှိနေသကဲ့သို့ ဖြစ်နေသည်မှာလည်း စိတ်မချမ်းမြေ့ ဖွယ်ရာပင်ဖြစ်သည်။ တောင်ပေါ်သားဖြစ်စေ၊ မြေပြန့်သားဖြစ်စေ၊ ပြည်ထောင်စုဖွားအားလုံး   တစ်သွေးတည်း၊  တစ်သားတည်း၊ တစ်မိသားစုတည်းဟူသော   သွေးသားရင်းချာ   စိတ်ဓာတ်တို့ ပြန်လည်ထွန်းကားကြဖို့ နှိုးဆော်တိုက်တွန်းလိုသည်။

 


ယခုအခါ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ် (NCA) ချုပ်ဆိုခြင်း(၇)နှစ်ပြည့်မြောက်သကဲ့သို့ မြန်မာ နိုင်ငံ လွတ်လပ်ရေးသည်လည်း မကြာမီ(၇၅)နှစ်ပြည့်မြောက် တော့မည်ဖြစ်သည်။ စိန်ရတုကာလသို့တိုင် အဖြေမထွက်နိုင်သည့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ ဂုဏ်သိက္ခာမြင့်မားသည့် နိုင်ငံရေးနည်းလမ်းဖြင့် ဒီမိုက‌ရေစီနှင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံး သည့်   ပြည်ထောင်စုနိုင်ငံတော်ကြီးကို   စည်းလုံးညီညွတ်စွာ အတူတကွ တည်ဆောက်နိုင်ကြပါစေကြောင်း။    ။