
ရန်ကုန် အောက်တိုဘာ ၁၅
၂ဝ၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၆) ပထမနေ့အဖြစ် ဧရာဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ အောက်တိုဘာ ၁၅ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ ရှမ်းယူနိုက်တက် အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ သည်။
လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်းသည် သုံးရာသီဆက် ချန်ပီယံ အိပ်မက်အတွက် အမှားအယွင်းမရှိ ဆက်လက်ဦးဆောင်နေပြီး ယခုပွဲတွင် လည်း ဧရာဝတီကို အနိုင်ယူကာ ၁၄ ပွဲ ဆက်တိုက် ရှုံးပွဲမရှိ ကစားနိုင်ခဲ့သည်။ လက်ကျန် လေးပွဲအလိုတွင် ဒုတိယနေရာမှ အသင်းကို ရမှတ်အသာဖြင့် ဦးဆောင်နေသည့် ရှမ်း ယူနိုက်တက်အသင်းအနေဖြင့် ချန်ပီယံဆုရယူနိုင်ရန် အလားအလာ ကောင်းနေပြီဖြစ်သည်။
ဧရာဝတီအသင်းသည် ယခုပွဲတွင် အမာခံကစားသမားအများစုဖြင့် ပွဲထွက်ခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းမှာမူ နိုင်ငံခြားသားတိုက်စစ်မှူး ဆန်းဒေးမက်သရူးအပါအဝင် ပြည်တွင်းအမာခံကစာသမား အစုံအလင် ပါဝင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပွဲစကတည်းက တိုက်စစ် ဖွင့်ကစားခဲ့သလို ဧရာဝတီအသင်းကလည်း အကောင်းဆုံးတုံ့ပြန်ကစား ခဲ့သည်။ မိနစ် ၂ဝ တွင် ရှမ်းယူနိုက်တက်အသင်း ဦးဆောင်ဂိုးရခဲ့ပြီး တိုက်စစ်မှူး ဆန်းဒေးမက်သရူးက ခေါင်းတိုက်သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဧရာဝတီအသင်း ချေပဂိုးပြန်ရရန် ကြိုးပမ်းခဲ့သော် လည်း ပထမပိုင်းအပြီးအထိ ဂိုးရအောင် သွင်းယူနိုင်ခြင်းမရှိဘဲ ၅၇ မိနစ်မှ ချေပဂိုးပြန်ရခဲ့သည်။ ဧရာဝတီအသင်းအတွက် ချေပဂိုးကို တိုက်စစ်မှူး ရန်ကျော်ထွေးက သွင်းယူခဲ့သည်။ ဂိုးပေးလိုက်ရသဖြင့် ရှမ်းယူနိုက်တက်အသင်း အနိုင်ဂိုးရရန် ကစားသမားများအပြောင်းအလဲပြုလုပ်ကာ တိုက်စစ်မြှင့်ခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကို မိနစ် ၇ဝ တွင် လူစားဝင်ကစားသမား ဇင်မင်းထွန်းက ထောင့်ကန်ဘောမှတစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့သည်။ ပွဲပြီးခါနီးတွင် ဧရာဝတီအသင်း ချေပဂိုး ပြန်ရရန် အခွင့်အရေးရခဲ့သော်လည်း ရန်ကျော်ထွေး အသုံးမချ နိုင်ခဲ့သဖြင့် နစ်နာခဲ့ရသည်။ ယခုပွဲအပြီးတွင် ရှမ်းယူနိုက်တက်အသင်းက ၁၄ ပွဲကစား ရမှတ် ၃၇ မှတ်၊ ဧရာဝတီအသင်းက ၁၄ ပွဲကစား ရမှတ် ၂၃ မှတ် ရရှိထားသည်။
ပွဲစဉ် (၁၆) ဒုတိယနေ့အဖြစ် အောက်တိုဘာ ၁၆ ရက် (ယနေ့) တွင် ဟံသာဝတီအသင်းနှင့် ရန်ကုန်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ် သည်။
ရဲရင့်လွင် ၊ ဓာတ်ပုံ - MNL