ပြည်တွင်းခရီးသွား ဖွံ့ဖြိုးရေးအတွက် ဒေသများတည်ငြိမ်အေးချမ်းဖို့လို

 

ယခုသီတင်းကျွတ်ပွင့်လင်းရာသီ  ကျောင်းပိတ်  ရုံးပိတ်ရက်များ အတွင်း   ပြည်တွင်းခရီးစဉ်ဒေသများ၌   ခရီးသွားပြည်သူများ စည်ကားခဲ့ရာ ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် နှစ်နှင့်ချီ၍ ရပ်ဆိုင်း သွားခဲ့ရသည့် ခရီးသွားလုပ်ငန်းများအတွက် မျှော်လင့်ချက်များ မြင့်မားလာစေခဲ့သည်။  ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည် နိုးထလာခြင်းသည်  ဟိုတယ်နှင့်  ခရီးသွားလုပ်ငန်းကြီးတစ်ခုလုံး   ပြန်လည် လည်ပတ်လာရန်အတွက် စ မှတ်ပင်ဖြစ်သည်။ 

 


ပြည်တွင်းခရီးသွားလုပ်ငန်းသည် ဒေသတွင်း စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ  ပေါ်ထွန်းရေးနှင့်  ဒေသဖွံ့ဖြိုး တိုးတက်ရေးတို့ကို သိသိသာသာဖြစ်ထွန်းစေသည့်အလျောက် ဒေသခံပြည်သူများအပါအဝင်   ခရီးသွားလုပ်ငန်းကို  အမှီပြု၍ အသက်မွေးဝမ်းကျောင်းပြုကြသူများ၊    လုပ်ငန်းရှင်များက ခရီးသွားလုပ်ငန်းများ  ပွင့်လန်းလာမှုကို လိုလားကြသည်။ ခရီးစဉ် ဒေသတစ်ခုသို့  ခရီးသည်ဝင်ရောက်လာသည်နှင့်   ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းများ၊        စားသောက်ဆိုင်လုပ်ငန်းများ၊  သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊     ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများ၊ ဧည့်လမ်းညွှန်လုပ်ငန်းများ၊ အမှတ်တရပစ္စည်းနှင့် ဒေသထွက်ကုန်လုပ်ငန်းများ၊ ဖျော်ဖြေမှုလုပ်ငန်းများ စသည်ဖြင့် လုပ်ငန်းများစွာတို့ လည်ပတ်လုပ်ကိုင်ကြရသည်။ ခရီးစဉ်ဒေသ တစ်ခုအတွင်း ခရီးသည်များ သုံးစွဲသွားခဲ့ကြသည့်  ငွေကြေး ပမာဏသည်    ခရီးသွားလုပ်ငန်းများတွင်   ကဏ္ဍအသီးသီး၌  ဝင်ရောက်လုပ်ကိုင်နေကြသူများအတွက်    ဝင်ငွေဖြစ်သကဲ့သို့ ဒေသ၏ ဝင်ငွေလည်းဖြစ်လာသည်။

 


ဆိုခဲ့ပါအတိုင်း ပြည်တွင်းခရီးသွားလုပ်ငန်းသည် ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်း အလုပ်အကိုင်ဖန်တီးမှု တို့ကို ဖော်ဆောင်ပေးနိုင်သည့်နည်းတူ  ပြည်ပခရီးသွားလုပ်ငန်း ကလည်း  နိုင်ငံခြားဝင်ငွေရရှိမှုနှင့် နိုင်ငံ၏  စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတို့အတွက် ပမာဏကြီးမားစွာ အကျိုးပြုနိုင်သည့် အလျောက် မိမိတို့၏ အိမ်နီးချင်းနိုင်ငံများနှင့်  ဒေသတွင်းနိုင်ငံ များတွင် ကိုဗစ်-၁၉ ကူးစက်မှုကျဆင်းလာသည်နှင့်အမျှ ပြည်ပ ခရီးသွားလုပ်ငန်းများမြှင့်တင်မှုကို အားသွန်ခွန်စိုက် ပြုလုပ်နေကြ သည်ကို တွေ့ရသည်။  ကိုဗစ်-၁၉ ကူးစက်မှု ပြင်းထန်သည့် ကာလအတွင်း အလုံပိတ်နေခဲ့ကြရသမျှ မွန်းကျပ်မှုတို့ကို ဖြေလျှော့ နိုင်ရန် ကမ္ဘာတစ်ဝန်းမှ ခရီးသည်များ  လာရောက်လည်ပတ်ကြ ရေးအတွက် အစွမ်းကုန်ပြင်ဆင်မှုများနှင့်အတူ ဈေးကွက်မြှင့်တင် ကြော်ငြာဖိတ်ခေါ်မှုများလည်း ပြုလုပ်လျက်ရှိသည်။ မိမိတို့နိုင်ငံ ကဲ့သို့ ခရီးသွားလုပ်ငန်း ရေခံ မြေခံကောင်း များစွာရှိသော ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံအဖို့ ခရီးသွားလုပ်ငန်းသည်  ပြင်ပဝင်ငွေပမာဏ များစွာ ရရှိနိုင်သော လုပ်ငန်းတစ်ခုပင်ဖြစ်သည်။

 


ပြည်တွင်းဖြစ်စေ၊ ပြည်ပဖြစ်စေ ခရီးသွားလုပ်ငန်းအတွက် အခြေခံအကျဆုံး လိုအပ်ချက်မှာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပင်ဖြစ်သည်။ ဒေသတည်ငြိမ်အေးချမ်းမှုရှိမှသာ ခရီးသွားလုပ်ငန်း ရှင်သန်ဖွံ့ဖြိုးနိုင်မည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို မျှော်မှန်းနိုင်မည် ဖြစ်ရာ   မိမိတို့နေထိုင်ရာဒေသများ၏   တည်ငြိမ်အေးချမ်းမှုကို  ဝိုင်းဝန်းထိန်းသိမ်းနိုင်ကြပါစေကြောင်း။         ။