ဒေသခံလူထု၏ စွမ်းပကားဖြင့် သန့်ရှင်းစိမ်းလန်းသည့်မြို့များ ဖော်ဆောင်

 

၂၀ ရာစု အစပိုင်းတွင် ကမ္ဘာတစ်ခွင်ရှိ မြို့ကြီးများ၌ နေထိုင်သူ ၁၅ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၁ ရာစု အစပိုင်းသို့ ရောက်ရှိလာ သည့်အခါ ၅၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာသည်။ ကျေးလက် ဒေသများမှ ပြောင်းရွှေ့အခြေချလာသူများကြောင့် မြို့ပြများ တစ်စတစ်စ ကြီးထွားလာရခြင်းသည် တစ်ဖက်တွင်လည်း နေထိုင်ရေး၊   ကျန်းမာရေး၊   ပတ်ဝန်းကျင်သန့်ရှင်းရေး၊ သောက်သုံးရေ၊ စွမ်းအင်နှင့် လောင်စာ၊ လုံခြုံရေး စသည့် လိုအပ်ချက်များကို မြင့်မားလာစေသည်။ မိမိတို့နိုင်ငံတွင်လည်း တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးတို့တွင် ဆယ်စုနှစ် အလိုက် နှိုင်းယှဉ်ကြည့်ပါက မြို့ပြဒေသများ ကြီးထွားလာနေ သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ 

 


မြို့ပြများ   ကြီးထွားလာခြင်းက  သဘာဝပတ်ဝန်းကျင် အပေါ်တွင် လည်းကောင်း၊ လူသားများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတို့အပေါ်တွင်      လည်းကောင်း     အကျိုး သက်ရောက်မှု များစွာဖြစ်ပေါ်စေသည်။ မြို့ပြများကို ချဲ့ထွင် ရာတွင် လူနေရန်အပြင် အခြားနည်းအသုံးပြုခြင်းများ ကြောင့် သစ်တောမြေများ၊ စိုက်ပျိုးမြေများ ဆုံးရှုံးခြင်း၊ သဘာဝဂေဟ စနစ်များ  ပျက်စီးခြင်းတို့ဖြစ်ပေါ်စေသည်။  မြို့ပြများသည် စီးပွားရေးအချက်အချာများဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက် မှုများမှာ ကျေးလက်ဒေသများထက် ပိုမိုကောင်းမွန်သော်လည်း မြို့ပြနေထိုင်သူများမှာ  ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာနှင့် သောက်သုံးရေရရှိမှု အခွင့်အလမ်းနည်းပါး ခြင်း၊  ကူးစက်ရောဂါများ လျင်လျင်မြန်မြန်  ပျံ့နှံ့နိုင်သည့် အန္တရာယ်မြင့်မားခြင်း   စသည့်   မြို့ပြ ပြဿနာများလည်း ရှိနေသည်။

 


ယခုအခါ တစ်နိုင်ငံလုံးတွင်ရှိသည့်  မြို့ပြဒေသများကို သန့်ရှင်းသည့်မြို့တော်၊ စိမ်းလန်းသည့်မြို့တော် (Clean City, Green City)များအဖြစ်  ဖော်ဆောင်လျက်ရှိသည့်မြင်ကွင်း  များကို တွေ့မြင်နေရသည်။ မြို့ပြဒေသများ သန့်ရှင်းသာယာ လှပရေးနှင့် စိမ်းလန်းစိုပြည်ရေးတို့ကို အဓိကဖော်ဆောင်သူ များမှာ ဒေသခံပြည်သူလူထုပင်ဖြစ်သည်။ ပြည်သူလူထု၏ မြို့ပြစည်းမျဉ်းစည်းကမ်းဥပဒေများကို လေးစားလိုက်နာမှု၊ မြို့ပြသန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများတွင်တစ်တပ်တစ်အား  ပူးပေါင်းပါဝင်မှုတို့က  မိမိတို့နေထိုင်ရာ မြို့များ လှပတင့်တယ် မွေ့လျော်ဖွယ်ဖြစ်စေပြီး မြို့နှင့် မြို့နေ လူထုအပြန်အလှန်အကျိုးပြုစေသည်။ သန့်ရှင်းသပ်ရပ်ခြင်း နှင့် စိမ်းလန်းစိုပြည်ခြင်းတို့က မျက်စိပသာဒကို ဖြစ်စေပြီး စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကို လျော့ကျစေသည်။ သစ်ပင် သစ်ရိပ်များက  အပူနှင့် ဖုန်၊  အမှုန်များကို  လျှော့ချပေးပြီး လေထုကို      အေးမြစေသည့်အပြင်     မြေအစိုဓာတ်နှင့် မြေအောက်ရေတို့ကိုလည်း  ထိန်းသိမ်းပေးသည်။ သန့်ရှင်း သည့်မြို့၊ စိမ်းလန်းသည့်မြို့များသည် ဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာများဖြင့်သာ တည်ဆောက်၍ မရဘဲ မြို့နေလူထု ပူးပေါင်းပါဝင်မှုအားဖြင့်သာ    ဖြစ်ထွန်းပေါ်ပေါက်လာနိုင် သည်။ 

 


မြို့ပြဒေသများမှာ အနာဂတ်ကာလများအထိ ဆက်လက် ကြီးထွားနေမည်ဖြစ်ပြီး  ပို၍ကျယ်ပြန့်လာသလို ပို၍လည်း မြင့်တက်လာမည်ဖြစ်သည်။  လူဦးရေသိန်းဂဏန်းမှသည် သန်းဂဏန်းများအထိ နေထိုင်လာကြမည်ဖြစ်ရာ သန့်ရှင်း သပ်ရပ်မှု၊ စိမ်းလန်းစိုပြည်မှုတို့အပြင် အီလက်ထရွန်နစ်နှင့် နည်းပညာများသုံးစွဲသည့် ခေတ်မီမြို့ပြ(Smart City)များကို လည်း မြို့ပြဒေသများတွင် နေထိုင်ကြသည့် မြို့နေလူထုတို့ ၏ စွမ်းပကားကိုရယူမှုဖြင့် ထူထောင်သွားကြရမည်ဖြစ်သည် ဟု ရှုမြင်ပါကြောင်း။          ။