ပြည်သူအားလုံး ပါဝင်ကြရမည့် တရားဥပဒေစိုးမိုးရေး

 

တရားဥပဒေစိုးမိုးရေးနှင့်      အေးချမ်းသာယာရေးတို့မှာ တစ်ဆက်တစ်စပ်တည်းဖြစ်သည်။  တရားဥပဒေစိုးမိုး လျှင် ရပ်ရွာအေးချမ်းသာယာမည်ဖြစ်ပြီး တရားဥပဒေ စိုးမိုးမှုကင်းမဲ့ပါက ရပ်ရွာ ပူမည်ဖြစ်သည်။ အများပြည်သူ အကျိုးအတွက်  ပြဋ္ဌာန်းထားသည့် တရားဥပဒေက လူ့ရပ်လူ့ရွာ၊ လူ့အဖွဲ့အစည်းတို့ကို တည်ငြိမ်အောင်၊ အေးချမ်းအောင် ထိန်းသိမ်းပေးထားခြင်းဖြစ်ရာ တရား ဥပဒေစိုးမိုးမှု မပျက်ပြားစေရန် ဝိုင်းဝန်းထိန်းသိမ်းကြရန်လိုသည်။

 


“တိုင်းပြည် သာယာဝပြောတယ်ဆိုတာ ငွေချမ်းသာ ဖို့လည်း ရှိလိမ့်မယ်။  စိတ်ချမ်းသာဖို့လည်း လိုတယ်။ ငွေချမ်းသာဖို့  စိတ်ချမ်းသာဖို့ လိုတယ်။ တရားဥပဒေ စိုးမိုးရေးဖြစ်ဖို့လည်း လိုတယ်။ ဒါမှ တိုင်းပြည်သာယာ ဝပြောမှာပေါ့။ ဒါမှမဟုတ်ရင် ကျွန်တော်တို့က တပူပူနဲ့။ ငွေကတော့    ချမ်းသာပါတယ်။   လုံခြုံမှုမရှိလို့ရှိရင် အထုပ်ပိုက်ပြီးတော့ ကင်းစောင့်ပြီး အိပ်နေရမှာပေါ့” ဟူ၍       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၂) တွင် အမှာစကား၌ ထည့်သွင်းပြောကြားခဲ့ရာ ဥစ္စာဓန     ကြွယ်ဝချမ်းသာရေးအတွက်    ကြိုးပမ်း ဆောင်ရွက်ခြင်းနှင့်အတူ တရားဥပဒေစိုးမိုးရေးအတွက် လည်း ဟန်ချက်ညီစွာ တည်ဆောက်သွားကြရန်ပင် ဖြစ်သည်။

 


လက်ရှိအခြေအနေတွင်     အကြမ်းဖက်မှုများကြောင့် လူ့အဖွဲ့အစည်းအတွင်း    မတည်မငြိမ်ဖြစ်ပေါ်နေမှုကို အခွင့်ကောင်းယူကာ   ဒုစရိုက်သမားများ  ခေါင်းထောင် ထကြွလာပြီး အမှုအခင်းများ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရသည်။  ပြီးခဲ့သည့် အစိုးရလက်ထက်တွင် “တရား ဥပဒေစိုးမိုးရေး၊ နိုင်ငံတော်တည်ဆောက်ရေး တို့အတွက်     အနှောင့်အယှက်ဖြစ်စေသော       မှုခင်းကျဆင်းရေး” အမြန်ဆုံးဖော်ဆောင်ရန်    ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းသည့်အဆိုကို လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များက တင်သွင်းခဲ့ကြပြီး အမှုအခင်းများ  တိုးတက်များပြားနေခြင်းနှင့်   တရားဥပဒေစိုးမိုးရေး အားနည်းနေခြင်းတို့အပေါ် ဝေဖန်သုံးသပ်ဆွေးနွေးခဲ့ ကြသည်။ ယင်းသို့ဆွေးနွေးရာတွင်  တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက “တရားစွဲအဖွဲ့အစည်း များနှင့်    ပြည်သူအားလုံးပါဝင်ကာ   အမျိုးသားရေး အသွင်ဖြင့် စနစ်တကျပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း၊  အမျိုးသားရေးအသွင်ဖြင့်     ပူးပေါင်းပါဝင်နိုင်မှသာ  မှုခင်းများ  လျော့နည်းကျဆင်းနိုင်ကြောင်း၊   တရား ဥပဒေစိုးမိုးမှုရှိမည်ဖြစ်ကြောင်း” ဆွေးနွေးခဲ့ကြသည်။


တရားဥပဒေစိုးမိုးရေးဟုဆိုရာတွင်     ရဲတပ်ဖွဲ့၊     ဥပဒေ အရာရှိ၊ တရားသူကြီး၊ ရှေ့နေရှေ့ရပ်များနှင့်သာ သက်ဆိုင်သည့်ကိစ္စမဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးနှင့်ပါ  သက်ဆိုင်သည့်   အရေးဖြစ်သည်။   မိမိတို့နေထိုင်ရာ ရပ်ရွာဒေသများ အေးချမ်းသာယာရေးအတွက် တရား ဥပဒေစိုးမိုးရေး ဆောင်ရွက်ရာတွင် လူတိုင်းပါဝင်ကြ ရမည်ဖြစ်ပြီး တစ်ဦးချင်းမှသည် တစ်ရပ်တစ်ရွာလုံး တာဝန်ယူဆောင်ရွက်နိုင်ကြသည်နှင့်အမျှ အမှုအခင်း တို့  လျော့နည်းကင်းစင်ကာ  ရပ်ရွာတို့  မုချအေးချမ်း သာယာနိုင်မည်ဖြစ်ပါကြောင်း။         ။