တရားဥပဒေစိုးမိုးရေးတွင် အများပြည်သူပူးပေါင်းပါဝင်

 

ရန်ကုန်မြို့တွင် မြို့တွင်းခရီးသည်တင်ယာဉ်လိုင်းဖြစ်သည့် YBS ယာဉ်လိုင်းအမှတ် (၆၁) ပေါ်တွင် လိုက်ပါစီးနင်းလာသည့် ခရီးသည်များထံမှ  လက်ကိုင်ဖုန်းများကို  အုပ်စုဖွဲ့ရိုက်နှက်လုယက်မှုကျူးလွန်ခဲ့သူများအား  လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခဲ့သည်။ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများပေါ်တွင် ခါးပိုက်နှိုက်သည့်အဆင့်မှ အတင့်ရဲစွာ ဖြင့် အုပ်စုဖွဲ့ရိုက်နှက်လုယက်မှုများအထိ ကျူးလွန်လာကြသည့် အပေါ် လူမှုကွန်ရက်များတွင်  ထုတ်ဖော်မှုများ၊ ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်ကိုလည်း တွေ့ရသည်။

 


မိမိတို့နိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲကာလတွင် ဖြစ်ပေါ် လာသော အကြမ်းဖက်တိုက်ခိုက်မှုများနှင့် လုပ်ကြံသတ်ဖြတ်မှု များ၊  အွန်လိုင်းပေါ်မှ  ခြိမ်းခြောက်မှုများ   စသည်တို့ကြောင့် ပြည်သူများအတွင်း  စားဝတ်နေရေးအတွက်  နိစ္စဓူဝသွားလာလုပ်ကိုင်မှုများကို စိုးရိမ်ကြောင့်ကြမှုများကြားမှပင် မဖြစ်မနေ ဆောင်ရွက်နေကြရသည်။ ယင်းအခြေအနေမျိုးတွင် မြွေပူရာ ကင်းမှောင့်ဆိုသကဲ့သို့ပင်   ဒုစရိုက်သမားများ၏   အတင့်ရဲ ရမ်းကားမှုများက  ပြည်သူလူထုအတွက်   နောက်ထပ်စိုးရိမ် ရေမှတ်ကို မြင့်တက်လာစေသည်။ ပြည်သူအများ ပရိယေသန ဝမ်းစာရှာဖွေရာတွင်  အေးချမ်းစွာ   သွားလာလုပ်ကိုင်နိုင်ရေး အတွက် တရားဥပဒေစိုးမိုးမှု အားကောင်းနေစေရန် လိုအပ် သည်။

 


နိုင်ငံတော်အကြီးအကဲ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က    ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး    အမှတ်စဉ် (၈/၂၀၂၂) တွင် အမှာစကားပြောကြားရာ၌ “တိုင်းပြည်သာယာ ဝပြောတယ်ဆိုတာ  ငွေကြေးချမ်းသာဖို့လည်း   ရှိလိမ့်မယ်၊  စိတ်ချမ်းသာဖို့လည်းလိုတယ်၊ ငွေချမ်းသာဖို့၊ စိတ်ချမ်းသာဖို့ လိုတယ်။ တရားဥပဒေစိုးမိုးရေးဖြစ်ဖို့လည်းလိုတယ်။ ဒါမှ တိုင်းပြည်သာယာဝပြောမှာပေါ့။ ဒါမှ မဟုတ်ရင် ကျွန်တော်တို့ က တပူပူနဲ့။ ငွေကတော့ ချမ်းသာပါတယ်။ လုံခြုံမှုမရှိလို့ရှိရင် အထုပ်ပိုက်ပြီးတော့ ကင်းစောင့်ပြီး အိပ်နေရမှာပေါ့။ ငါ့ပစ္စည်း ဘယ်အချိန် ဘာလုမလဲဖြစ်နေရမှာ။” ဟူ၍ တရားဥပဒေစိုးမိုး ရေးကို အလေးထားဆောင်ရွက်ရန် အလေးအနက်ထည့်သွင်း မှာကြားခဲ့သည်။ 

 


မြို့ပြဒေသများတွင် ဒုစရိုက်နှိမ်နင်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ရဲတပ်ဖွဲ့၊ ဥပဒေအဖွဲ့အစည်းများ၊ ရပ်ရွာလုံခြုံရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုများ ပူးပေါင်းဆောင်ရွက် ခြင်းဖြင့်  အချိန်တိုတိုအတွင်း  အောင်မြင်မှုရရှိနိုင်မည်ဖြစ် သည်။ ယခု YBS (၆၁) ယာဉ်လိုင်း  လုယက်မှုဖြစ်စဉ်ကဲ့သို့ပင်  လျင်လျင်မြန်မြန် ဖော်ထုတ်ဖမ်းဆီးကာ  ထိထိရောက်ရောက် အရေးယူအပြစ်ပေးခြင်းဖြင့် လူ့အဖွဲ့အစည်းအတွင်း တရား ဥပဒေစိုးမိုးမှုကို မြင့်မားစေရမည်ဖြစ်သည်။

 


ပြည်သူလူထုအနေဖြင့် မိမိတို့၏ နေ့စဉ်လူမှုစီးပွားဘဝ လှုပ်ရှားသွားလာနေကြသည့်အခါ လုံခြုံရေးအသိ၊ သတိရှိရန်နှင့် အရေးကြုံပါက တစ်ဦးနှင့်တစ်ဦး ကူညီစောင့်ရှောက်ကြရန် လိုအပ်သကဲ့သို့ အများသုံးယာဉ်လိုင်းများနှင့် အများပြည်သူသွားလာသည့်နေရာများတွင် သတိပေးစနစ်များ၊ ဒုစရိုက်မှု နှိမ်နင်းရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ တပ်ဆင်ခြင်း၊ အများပြည်သူပါဝင်သည့် လုံခြုံရေးစနစ်အကောင်အထည်ဖော် ခြင်းဖြင့် တရားဥပဒေစိုးမိုးမှု ပိုမိုမြင့်မားပါစေကြောင်း။      ။