ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေရန်အတွက် ပုံမှန်ကိုယ်လက် လှုပ်ရှားမှု တစ်ခုခုပြုလုပ်ရန်လိုသည်။ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုဟုဆိုရာတွင် (၁) သက်လုံကောင်းမှု၊ (၂)ကြွက်သားသန်မာမှု၊ (၃) ခန္ဓာကိုယ်ဟန်ချက်ထိန်းသိမ်း နိုင်မှု၊ (၄) ခန္ဓာကိုယ်ပျော့ပျောင်းမှုဟူသော အကျိုးများ ရရှိနိုင်စေရန်အတွက် ဆိုင်ရာဆိုင်ရာလေ့ကျင့်ခန်းများကို အစီအစဉ်ဖြင့် စနစ်တကျပြုလုပ်ကြခြင်းဖြစ်သည်။ ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများက ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေသည်ဆိုခြင်းကို သိရှိထားကြသည့်တိုင် လက်တွေ့တွင် မလုပ်နိုင်၊ မလုပ်ဖြစ်ကြသည်က များသည်။
မျက်မှောက်ကာလတွင် နည်းပညာတိုးတက်မြင့်မား လာခြင်းနှင့်အတူ လူနေမှုပုံစံများလည်း ပြောင်းလဲလာသည့် အလျောက် အစားအသောက်နှင့် နေ့စဉ်လှုပ်ရှားသွားလာမှု၊ အလုပ်အကိုင် စသည်တို့က လူတစ်ဦးချင်းစီ၏ ကျန်းမာရေး အပေါ်တွင်လည်း အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာ သည်။ အဝလွန်ရောဂါ၊ နှလုံးနှင့် သွေးကြောရောဂါ၊ ဆီးချို သွေးချို၊ သွေးတိုး၊ သွေးတွင်းအဆီဓာတ်များခြင်း၊ ကင်ဆာ အမျိုးမျိုး၊ သွေးကြောပိတ်၊ စိတ်ကျ၊ မှတ်ဉာဏ်ချို့ယွင်း စသည့် မကူးစက်တတ်သော ရောဂါများ အဖြစ်များလာသည်။ ခန္ဓာကိုယ်တွင် ရောဂါတစ်စုံတစ်ရာ စွဲကပ်လာမှ ကုသခြင်း ထက် ရောဂါများမဖြစ်မီကပင် ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုပုံစံအတိုင်း စားသောက်သွားလာ၊ နေထိုင်၊ လုပ်ကိုင် ခြင်းဖြင့်သာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာနိုင်ကြမည် ဖြစ်သည်။
ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ရာတွင် “လမ်းလျှောက်ခြင်း” သည် အလွယ်ကူဆုံး၊ ငွေကုန်ကြေးကျအသက်သာဆုံးနှင့် အကျိုးကျေးဇူးအများဆုံး ဖြစ်ကြောင်း သုတေသီများက လေ့လာတွေ့ရှိထားကြသည်။ နေ့စဉ် ပုံမှန်လမ်းလျှောက်ခြင်းဖြင့် ရရှိနိုင်သော အကျိုး ကျေးဇူးများမှာ လွန်စွာများပြားသည့်အလျောက် ယခုကဲ့သို့ မိုးလေကင်းစင်၊ ခြေခင်းလက်ခင်းသာပြီး အေးမြသည့် ရာသီ မှစကာ နှစ်ပေါက်သည်အထိ လမ်းလျှောက်ခြင်း လေ့ကျင့် ခန်းကို ပြုလုပ်ကြပြီး ကျန်းမာရေးအကျိုးရလဒ်များ ခံစား ရယူနိုင်ကြသည်။
လမ်းလျှောက်ခြင်းလေ့ကျင့်ခန်းကို တစ်နေ့လျှင် နာရီ ဝက်မျှ ပြုလုပ်ခြင်းအားဖြင့် နှလုံးရောဂါဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပြီး လေဖြတ်ခြင်းနှင့် နှလုံး သွေးကြောဆိုင်ရာ ရောဂါများဖြစ်ပွားမှုကို လျော့ကျစေနိုင် သည်။ ပုံမှန်လမ်းလျှောက်ခြင်းသည် ကယ်လိုရီများကို လောင်ကျွမ်းစေကာ ကိုယ်အလေးချိန်ကို ထိန်းညှိစေသည့် အတွက် အဝလွန်ခြင်းကို လျော့ကျစေသည်။ ထို့အပြင် ဆီးချို ကိုလည်း ထိန်းပေးနိုင်သည်။ အမျိုးသမီးများတွင်လည်း နေ့စဉ် ကျန်းမာရေးအတွက် လမ်းလျှောက်ပါက ရင်သား ကင်ဆာနှင့် သားအိမ်ကင်ဆာဖြစ်နှုန်းကို လျော့ကျစေနိုင် သည်။ ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေသည့် အတွက် ဖျားနာမှုနှုန်း လျှော့ချပေးနိုင်သည်။ နေ့စဉ်ပုံမှန် လမ်းလျှောက်ခြင်းက ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာ ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်သည်သာမက ဦးနှောက်နှင့် မှတ်ဉာဏ်ပိုင်းကိုလည်း ပိုမိုကောင်းမွန်စေပြီး စိတ်ပိုင်းဆိုင်ရာ ခံစားမှုအပေါ် ကောင်းမွန်သည့် အကျိုးသက်ရောက်မှုလည်း ဖြစ်ပေါ်စေသည်။
လမ်းလျှောက်ခြင်းသည် မကူးစက်တတ်သော ရောဂါ များစွာတို့အတွက် အစွမ်းထက်သည့် ဆေးတစ်လက်ဖြစ်သည့် အားလျော်စွာ အေးမြသာယာသည့် နံနက်ခင်းတွင် ပုံမှန် လမ်းလျှောက်ခြင်းဖြင့် ကိုယ်ရောစိတ်ပါ ကျန်းမာခြင်း ဆုလာဘ်ကို လူတိုင်း ပိုင်ဆိုင်နိုင်ကြပါစေကြောင်း။ ။