လူကုန်ကူးမှုနှင့်ပတ်သက်၍ နိုင်ငံခြားအစိုးရများ၏ ကြိုးပမ်း အားထုတ်မှုများအပေါ် အမေရိကန်သမ္မတ၏ အဆုံးအဖြတ် ကြေညာချက် အမှတ် ၂၀၂၃ - ၀၂ ကို အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် အမေရိကန် လွှတ်တော်က ၂၀၀၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူး ခံရသူများအား အကာအကွယ်ပေးရေးဥပဒေပါ အနိမ့်ဆုံး စံနှုန်းများအတိုင်း သို့မဟုတ် စံနှုန်းများနှင့်အညီ လိုက်လျော ညီထွေဖြစ်စေရန် ကြိုးပမ်းအားထုတ်မှု အနည်းဆုံးနိုင်ငံများ တွင် မြန်မာနိုင်ငံကို ထည့်သွင်းသတ်မှတ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် “၂၀၂၂ ခုနှစ်အတွက် လူကုန် ကူးမှုအစီရင်ခံစာ”တွင်လည်း မြန်မာနိုင်ငံကို လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ အနိမ့်ဆုံးစံချိန်စံနှုန်းများကို ပင် ပြည့်မီခြင်းမရှိဘဲ အထူးကြိုးပမ်းမှုမရှိသည့် နိုင်ငံများ စာရင်း- TIER(3) တွင် အပြောင်းအလဲမရှိ ဆက်လက်ဖော်ပြ ထားခဲ့ရာ အိမ်ဖြူတော်၏ ကြေညာချက်က ၎င်းအတိုင်း ဆက်လက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြန်မာအပါအဝင် အာဖဂန် နစ္စတန်၊ ဂီနီဘစ်ဆော၊ အီရန်၊ တရုတ်နှင့် တောင်ဆူဒန် တို့ကို အမေရိကန်က ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် ကုန်သွယ်ရေးဆိုင်ရာမဟုတ် သော အကူအညီများကို ပေးအပ်မည်မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။
လူကုန်ကူးမှုသည် ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပွားနေပြီး လူကုန်ကူးဂိုဏ်းများ၏ နှစ်စဉ်ဝင်ငွေမှာလည်း အမေရိကန် ဒေါ်လာ ဘီလီယံပေါင်းများစွာရှိသည်။ လူကုန်ကူးမှုတွင် မူရင်းနိုင်ငံ (Source Country) တစ်ခုတည်းနှင့်သာ ဖြေရှင်း ၍မရဘဲ ဆိုက်ရောက်နိုင်ငံ (Destination Country)ကပါ ဟန်ချက်ညီညီ ဖြေရှင်းနိုင်ဖို့လိုသည်။ လူကုန်ကူးရာတွင် အဓိကအားဖြင့် လုပ်အားကို ခေါင်းပုံဖြတ်ရန်နှင့် လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်ရန်ဟူသော ရည်ရွယ်ချက်နှစ်ရပ်ရှိကြပြီး မူရင်းနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု၊ နိုင်ငံရေးပဋိပက္ခ၊ လူမျိုးရေး ပဋိပက္ခများဖြစ်ပွားမှု၊ အလုပ်အကိုင်နှင့်အခွင့်အလမ်းများ ကင်းမဲ့နေမှု စသည်တို့ကြောင့် ဘဝရပ်တည်ရန်ခက်ခဲလာ သူများကို ပစ်မှတ်ထားကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျသည်နှင့်အမျှ လူကုန်ကူးမှု ၏ ဆိုးကျိုးများကို ပိုမိုခံစားရသည်။
မြန်မာနိုင်ငံသည် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုး သားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ထားပြီး (၅)နှစ် စီမံကိန်းများ ရေးဆွဲ၍ နှစ်အလိုက်လုပ်ငန်းစီမံချက်များဖြင့် အကောင်အထည်ဖော်လျက်ရှိသည်။ လူကုန်ကူးမှု ပပျောက် ရေး ဘက်ပေါင်းစုံမှ ကြိုးပမ်းရာတွင် ဝန်ကြီးဌာနများ၊ ကုလ သမဂ္ဂအဖွဲ့အစည်းများ၊ အိုင်အန်ဂျီအို၊ အန်ဂျီအိုများ ပူးပေါင်း ၍ ဆောင်ရွက်လျက်ရှိရာ တစ်ဖက်တွင်လည်း လူကုန်ကူးမှု များ၏ သဘောသဘာဝပြောင်းလဲမှုများနှင့် စိန်ခေါ်မှုအသစ် များလည်း ဖြစ်ပေါ်လာသည်။ ကိုဗစ်-၁၉ နှင့် ပြည်တွင်းရှိဒေသ အချို့တွင် မငြိမ်မသက်မှုများက စီးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် စားဝတ်နေရေးတို့အပေါ် အကျိုးသက်ရောက် ဖြစ်ပေါ်ခြင်းနှင့်အတူ လူကုန်ကူးမှုဆီသို့ တွန်းအားပေးမှုများ ရှိလာမည်ဖြစ်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေးကို ပိုမို၍ အာရုံစိုက် ကြိုးပမ်းရမည့်အခြေအနေဖြစ်သည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေးဟု အမည်ခံကာ အချုပ်အခြာအာဏာပိုင် နိုင်ငံ များကို အမည်တပ်၍ စာရင်းပြုလုပ်ဖော်ပြနေခြင်းသည် နိုင်ငံ များအပေါ် အဆင့်အတန်းခွဲခြားမှု သက်သက်သာဖြစ်သည်။ လူကုန်ကူးမှုတိုက်ဖျက်ရေးသည် ပူးပေါင်းဆောင်ရွက်ရမည့် အရေးသာဖြစ်ပြီး ဖြတ်တောက်ခြင်း၊ တားဆီးခြင်း၊ ပိတ်ဆို့ခြင်း ကဲ့သို့သော နည်းလမ်းများက ပြောင်းပြန်အကျိုးသက်ရောက် မှုသို့သာ ဦးတည်နိုင်စေမည်ဖြစ်ပါကြောင်း။ ။