အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ သည် မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်း အဖြစ် တည်ရှိနေရာ နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အား ဖြစ်သည်။ သေး၊ ငယ်၊ လတ် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှာဖြစ်သည့် အလျောက် နိုင်ငံတော်က အလေးအနက်ထား ဆောင်ရွက် လျက်ရှိသည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံရှိ သေး၊ ငယ်၊ လတ် စီးပွားရေးလုပ်ငန်း (MSME) များမှာ ယှဉ်ပြိုင်နိုင်စွမ်း အားနည်းလျက်ရှိပြီး မိမိတို့၏ ပြည်တွင်းဈေးကွက်ကို အိမ်နီးချင်း နိုင်ငံအချို့မှ MSME ထုတ်ကုန်များစွာက ဝင်ရောက်နေရာယူ ထားကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာ MSME အများစု မှာ မိရိုးဖလာပုံစံမျိုး အစဉ်အလာအတိုင်း ထုတ်လုပ်နေကြပြီး စီမံခန့်ခွဲမှု၊ အရည်အသွေးထိန်းသိမ်းမှု၊ လုပ်ငန်းကျွမ်းကျင်မှု အားနည်းချက်များစွာ ရှိနေကြောင်း၊ နည်းပညာနှင့် တီထွင် ဆန်းသစ်မှုတို့တွင်လည်း လိုအပ်ချက်များရှိကြောင်းဖြင့်လည်း ပညာရှင်များက ထောက်ပြခဲ့ကြသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပ သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်း အဝေး(၁/၂၀၂၂)တွင် အဆိုပါလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက “မြန်မာ့စီးပွားရေးပြန်လည်ဦးမော့ လာစေရေးအတွက် MSME များ၏ အခန်းကဏ္ဍသည် များစွာ အရေးကြီးကြောင်း၊ မှတ်ပုံတင်ထားသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဆက်လက်ရှင်သန်နေရန်နှင့် လုပ်ငန်းများ လည်ပတ်နေရန် အထူးလိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ၏ အားသာချက် ပေါ် အခြေခံပြီး အသုံးချတတ်မည်ဆိုပါက အခွင့်အလမ်း ကောင်းများ ရရှိလာနိုင်ကြောင်း၊ အခွင့်အလမ်းအနေဖြင့် တစ်ကမ္ဘာလုံးတွင် စားသောက်ကုန်ဆိုင်ရာ ထုတ်ကုန်များ လိုအပ်နေသည့်အတွက် နည်းပညာကောင်းများသုံးစွဲပြီး အန္တရာယ်ကင်းရှင်းသော တန်ဖိုးမြှင့်ထုတ်ကုန်များ၊ ဆန်းသစ် တီထွင်သည့် ထုတ်ကုန်များထုတ်လုပ်လာနိုင်ရေး၊ ကမ္ဘာ့ တန်ဖိုးမြှင့်ကွင်းဆက်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ထုတ်လုပ်မှုကွန်ရက်များသို့ ဝင်ရောက်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်း ကြရန်လိုအပ်ကြောင်း” ပြောကြားခဲ့သည်။ ထို့အပြင် MSME များအနေဖြင့် ဈေးကွက်သုတေသနရလဒ်များကို လေ့လာ ဆောင်ရွက်ရန်နှင့် ဒစ်ဂျစ်တယ်နည်းပညာကို မဖြစ်မနေ သုံးစွဲနိုင်ရန် လိုအပ်လာပြီဖြစ်ကြောင်းဖြင့်လည်း ထောက်ပြ ခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါ တစ်ကမ္ဘာလုံးတွင် ရိုက်ခတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံရေးအခြေအနေ အပြောင်းအလဲများအတွင်း ကမ္ဘာ့ ဈေးကွက်က စားသောက်ကုန်ဆိုင်ရာ ထုတ်ကုန်များကို တောင်းဆိုလာသည်။ ဤသည်မှာ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် သားငါးကဏ္ဍထုတ်ကုန်များ ထုတ်လုပ်နိုင်သော ရေခံ မြေခံကောင်းကိုပိုင်ဆိုင်ထားသည့် မိမိတို့နိုင်ငံအတွက် အခွင့်အလမ်းပင်ဖြစ်သည်။ ယခင်က လယ်ယာသားငါးထုတ်ကုန် များကို ကုန်ကြမ်းအဖြစ်ဖြင့်သာ ပြည်ပသို့တင်ပို့နေရာမှ တန်ဖိုးမြှင့်ကုန်ချောများ၊ ဆန်းသစ်တီထွင်သည့် ထုတ်ကုန် များအဖြစ် ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့ကာ ကမ္ဘာ့ဈေးကွက် သို့ ဝင်ရောက်နိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်သည်။ အရည် အသွေးထိန်းသိမ်းမှု၊ နည်းပညာပံ့ပိုးမှု၊ ရင်းနှီးမြှုပ်နှံဖြည့်တင်း ပေးမှု၊ သတင်းအချက်အလက်ဖြန့်ဝေမှု၊ ကျွမ်းကျင်လုပ်သား လေ့ကျင့်မှုတို့အပါအဝင် အခြေခံအဆောက်အအုံပိုင်း၊ လောင်စာ စွမ်းအင်ပိုင်းတို့ ဖြည့်ဆည်းပေးသည်နှင့်အမျှ MSME လုပ်ငန်းရှင်တို့က ဥစ္စာရင်လို ဥစ္စာရင်ခဲ ကြိုးပမ်းအားထုတ် ခြင်းဖြင့် သေး၊ ငယ်၊ လတ် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှု နှင့်အတူ မြန်မာ့စီးပွားရေး တိုးတက်ပွင့်လန်းမည်ဟု ယုံကြည် ပါကြောင်း။ ။