နှစ်ဆန်းချိန် ခေတ်ဆန်းချိန်

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

ကိုဗစ်ရောဂါ၏အန္တရာယ်ကို ကမ္ဘာကြီးနှင့်အတူ ခုခံရင်း၊ ကာကွယ် ထိန်းချုပ်ကုသရင်း များစွာသောအချိန်တို့သည် ငြိမ်ဆိတ်ဆုံ့ဆိုင်းစွာ ၂၀၂၀ ပြည့်နှစ်ဟူသည့် နှစ်တစ်နှစ်ပင် ကုန်ဆုံးတော့မည်။ နှစ်တစ်နှစ် ကုန်ဆုံးသည်နှင့်အတူ နှစ်သစ်တစ်နှစ် ဖူးပွင့်လာပြီ။

နှစ်သစ်ဆန်းတော့မည်။

တစ်နှစ်တာတွင် ကုန်ဆုံးခဲ့ရသော အချိန်များစွာသည် အိမ်တွင်း ၌ ဖြစ်ခဲ့မည်ဟုထင်သည်။ အိမ်တွင်းကပင် အလုပ်လုပ်ခဲ့ကြရသည်။ အပြင်ထွက် အလုပ်လုပ်ရမည့် လုပ်ငန်းအများစုက ပိတ်ထားခဲ့ရ၏။ အများစုသောလုပ်ငန်းတို့မှာ တိုးတက်မှုတုံ့ဆိုင်းသွားခဲ့၏။ ခရီးသွား လုပ်ငန်းများပိတ်၊ ပြည်တွင်းပြည်ပ ခရီးသွားလာခွင့်များပိတ်၊ ဟိုတယ်လုပ်ငန်းများရပ်၊ စားသောက်ဆိုင်များ ပိတ်၊ အလှအပနှင့် ဖက်ရှင်ဆိုင်ရာ ကုန်ပစ္စည်းထုတ်လုပ်မှုများရပ်၊ အတိုချုံးရလျှင် အများစုသော လုပ်ငန်းများ ရပ်တန့်သွားခဲ့ပေသည်။

အိမ်တိုင်ရာရောက် ပစ္စည်းလိုက်လံပို့ဆောင်သော လုပ်ငန်းများ၊ ဆေးဝါးနှင့်အစားအသောက်တို့ အိမ်တိုင်ရာရောက် ပို့ဆောင်ပေး သည့်လုပ်ငန်းများနှင့် ဆေးရုံ ဆေးခန်းများ၊ ပိုးကူးစက်မှု ထိန်းသိမ်း ထိန်းချုပ်ရေးစခန်းများသာ အလုပ်များနေကြသည်ဟု မြင်ရသည်။

စီးပွားရေးလုပ်ငန်းများစွာ ရပ်တန့်သွားခဲ့သည့်အတွက်၊ လုပ်ငန်း ရှင်များအများစု၏ ညည်းညူသံများကိုလည်း ကမ္ဘာအနှံ့တွင် ကြားကြ ရမည် ဖြစ်ပေသည်။ ထို့ထက်ပို၍ ငိုကြွေးခံစားနေကြရသူများကား လက်လုပ်လက်စားသမားများနှင့် ပိတ်ထားသည့်လုပ်ငန်းများက ဝန်ထမ်းအဆင့်ဆင့်ဖြစ်၏။ အချို့လုပ်ငန်းများက လစာအပြည့် သို့မဟုတ် လစာအချို့အဝက်ဖြင့် ဆက်လက်ခန့်ထားခံရသော်လည်း များစွာသောဝန်ထမ်းများမှာ အလုပ်ရပ်ဆိုင်းကုန်ကြလေသည်။ နိုင်ငံတိုင်း လိုလိုတွင် အလုပ်လက်မဲ့ဦးရေ ချက်ချင်းပင် ထောင်တက်သွားခဲ့၏။

မြန်မာနိုင်ငံသည်လည်း ပိုးကူးစက်လူနာများ၊ ရောဂါဖြစ်ပွား သည့် ဝေဒနာသည်များ၊ ထိန်းချုပ်ထားပေးရန်လိုသည့် သံသယ လူနာများ စသူတို့ကို နေရာပေးရခြင်း၊ ကျွေးမွေးစောင့်ရှောက်ရခြင်း၊ စမ်းသပ်စစ်ဆေးပေးရခြင်း၊ ကုသပေးရခြင်း စသည်တို့ဖြင့် ကျန်းမာ ရေးဆိုင်ရာ စရိတ်စကလည်း မနည်းလှ။ သက်ဆိုင်ရာအုပ်ချုပ်ရေး နှင့် စီမံခန့်ခွဲရေး တာဝန်ရှိသူများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာ ရေးဝန်ထမ်းများ၊ ပရဟိတ ကူညီလုပ်ကိုင်ဆောင်ရွက်ပေးနေကြသူ များတို့မှာလည်း မနိုင်ဝန်ထမ်းရင်း ပင်ပန်းကြီးစွာ ကျရာတာဝန် ထမ်းရွက်နေကြရသည်။

ကိုဗစ်ရောဂါနှင့် ပတ်သက်စပ်ဆိုင်သွားရသော မိသားစုများ တွင်လည်း ဆုံးရှုံးမှုများအတွက် ငိုကြွေးကြရ၊ ပူလောင်ကြရ၊ ကုသ မှု အောင်မြင်သည့်တိုင် ကိုယ်ပန်း စိတ်နွမ်းဖြစ်ကာ ကျန်ခဲ့ကြရ။

ယေဘုယျအားဖြင့် ဆိုရပါမူ၊ စိတ်ပျက်အားလျော့မည်ဆိုလျှင် အားလျော့စရာများရှိနေသည် ဆိုသော်လည်း လူသားတို့၏သဘာ၀ အတိုင်း၊ အခက်အခဲအကျပ်အတည်းများနှင့် ကြုံရလေလေ ဘ၀ ရှင်သန်ရေး အင်အားတို့က သန်မာနိုးကြားကာ ရင်ဆိုင်ရန် အဆင် သင့် ဖြစ်လာလေလေ။

ထိုမှတစ်ပါး၊ နှစ်သစ်နှင့်အတူ ရောက်ရှိလာတော့မည်ဟူ၍ မျှော်လင့်ချက်များက စောင့်ကြိုနေပါသည်။

ကိုဗစ်ကာကွယ်ဆေးက စတင်တွေ့ရှိ စမ်းသပ်နေပြီဖြစ်ရာ မြန်မာနိုင်ငံသို့လည်း မကြာမီကာလတွင် ရောက်ရှိလာတော့မည် ဖြစ်ပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပြည့်စုံလွှမ်းခြုံနိုင်ရေး မှာ လအတန်ကြာ အချိန်ယူကြရမည် ဖြစ်သော်လည်း ကာကွယ်ဆေး စတင်ထိုးနှံသည်နှင့် ရောဂါကူးစက်ပျံ့နှံ့နေမှုကို များစွာထိန်းချုပ် နိုင်မည်ဟူသည့် မျှော်လင့်ချက်အလင်းရောင်က တောက်ပနေပါသည်။

ထို့အတူပင်၊ နှစ်ဆန်းချိန်တွင် ကုန်လွန်ခဲ့သော တစ်နှစ်တာကို လည်ပြန်ငဲ့စောင်းကြည့်သည့်အခါ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲများ နိုင်ငံအဝန်းကျင်းပခဲ့ပြီး တက်ကြွ လှုပ်ရှားသော ပြည်သူလူထုက မိမိတို့လိုလားသည့် နိုင်ငံရေးပါတီ တို့ကို ရွေးချယ်မဲပေးခဲ့ကြသည့် ကာလတိုတစ်ခုကလည်း အနာဂတ် မြန်မာနိုင်ငံအတွက် တောက်ပသော မျှော်လင့်ချက် အလင်းရောင် တို့ကို ယူဆောင်ပေးထားပါသည်။

၂၀၂၁ နှစ်သစ်တွင် ပြည်သူလူထု ရွေးချယ်ပေးခဲ့သော ပြည်သူ့ ကိုယ်စားလှယ်အများစုဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်များ၊ အစိုးရအဖွဲ့တို့ ပေါ်ပေါက်လာကာ စနစ်တကျတိုးတက်လာမည့် နိုင်ငံတော်ကို မျှော်လင့်ရပါသည်။ ပိုမိုခိုင်မာမြင့်မားသော ဒီမိုကရေစီ အုတ်မြစ်ကိုလည်း အင်အားရှိရှိ တည်ဆောက်နိုင်မည်၊ ပိုမိုခိုင်မာ တောင့်တင်းသည့် အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲနိုင်ခြင်းဖြင့် ငြိမ်းချမ်းသော ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော်ကို ထူထောင်နိုင်မည် ဟူသော မျှော်လင့်ချက်တို့ကား နှစ်သစ်ကို ကြိုဆိုနေချေပြီတည်း။