သဘာ၀ပတ်ဝန်းကျင်နှင့် တိုးတက်ဖွံ့ဖြိုးရေး

 

 

 

မုန်တိုင်းများ၊ မြေငလျင်လှုပ်ခတ်မှုများ၊ ရေလွှမ်းမိုးမှုများ၊ မိုးခေါင် ရေရှား ခြောက်သွေ့မှုများ၊ မြေပြိုမှုများအစရှိသည့် သဘာ၀ဘေး အန္တရာယ်များ၏ ခြိမ်းခြောက်မှုသည် ကမ္ဘာသူ ကမ္ဘာသားတို့ကြား ဆွေးနွေးစရာများ၊ စဉ်းစားစရာများ အများအပြားဖြစ်စေခဲ့သည်။ အထူးသဖြင့် လူမှုအဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက် သည့် ချဲ့ထွင်မှုနေရာယူမှုများသည် ကမ္ဘာကြီးအပေါ် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက် ဩဇာလွှမ်းမိုးမှုနှင့် အတိုင်းအဆ ကြီးမားမှုကို နားလည်သဘောပေါက်ကာ သတိပြုမိလာကြသည်။

ကမ္ဘာသူ ကမ္ဘာသားတို့ သဘာ၀သယံဇာတများကို မိမိတို့ စိတ်တိုင်းကျ အလိုရှိသလို သုံးစွဲနေခြင်းသည် ရေရှည်တွင် ကမ္ဘာကြီး အတွက် ထိခိုက်နစ်နာစရာ အများအပြား ဖြစ်လာလိမ့်မည်ဟူသည့် အသိက အားလုံးအတွက် အလန့်တကြား ဖြစ်ခဲ့ကြရသည်။

ကမ္ဘာကြီးကို ကယ်တင်ရေး၊ သဘာ၀ပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးဆိုသည်တို့က နိုင်ငံတကာ၏ ကြွေးကြော် သံအနေဖြင့် လည်းကောင်း၊ ကမ္ဘာကြီး၏အခြေခံ လိုအပ်ချက်အနေ ဖြင့် လည်းကောင်း ကျယ်လောင်သော အသံများအဖြစ် ဟိန်းဟိန်းညံ နေသည်။

အထွေထွေသော ဖွံ့ဖြိုးတိုးတက်မှုများသည် သဘာ၀ပတ်ဝန်း ကျင်ဆိုင်ရာ ထိခိုက်နစ်နာမှုများနှင့် မည်မျှလောက် ဆက်စပ် ပတ်သက်နေသည်ကို အမြဲတစေ အလေးအနက်ထား ဆန်းစစ်နေရ သည့်ခေတ်သို့ ရောက်လာသည်။

မြန်မာနိုင်ငံ၌ ခေတ်အဆက်ဆက် သဘာ၀ပတ်ဝန်းကျင်နှင့် သယံဇာတ ထုတ်ယူသုံးစွဲမှုနှင့်ပတ်သက်၍ ပညာရှင်များက သတိပြု မိကာ ဝေဖန်ဆန်းစစ် ပြောဆိုနေကြပြီ ဖြစ်ပေသည်။

ခေတ်သစ်ပြောင်းပြီဟု ကြွေးကြော်ခဲ့သော လွန်ခဲ့သည့် နှစ်သုံး ဆယ်ကာလကစကာ မြန်မာနိုင်ငံရှိ သစ်တောများ၊ လူနေတောရွာ များသည် ရွှေ့ပြောင်းခံရ၊ ဖျက်သိမ်းခံရ ဖြစ်ခဲ့ရသည်။ မြို့ပြဖွံ့ဖြိုး တိုးတက်မှုခေါင်းစဉ်အောက်တွင် ကျေးလက်တောရွာများမှ လူနေ ဒေသအများအပြားသည် ဘုမသိဘမသိဖြင့် ဖျက်သိမ်းခံခဲ့ကြရ၏။ ရွှေ့ပြောင်းပေးခဲ့ကြရ၏။

ပြည်သူတို့သည် သစ်တောများစွာ ခုတ်ယူခံခဲ့နေရသည်ကို ရင်နာနာဖြင့် ငေးကြည့်နေခဲ့ကြဖူး၏။ သစ်တောများကို ခုတ်ထွင် ရှင်းလင်း ကုန်သွယ်ရောင်းချကာ စီမံကိန်းကြီးများ တည်ဆောက် နေရင်း၊ တည်ဆောက်သူတို့ ချမ်းသာကြွယ်၀သည်ထက် ချမ်းသာ ကြွယ်၀သွားကြရင်း မူလက ရည်ရွယ်ရင်းဖြစ်သည့် မြို့ပြဖွံ့ဖြိုး တိုးတက်ရေးက နောက်တန်းရောက်သွားသည်တို့ကိုလည်း မှတ်သားနေမိကြသည်။

တစ်ခေတ်တစ်ခါက မြို့တစ်မြို့တိုးတက်ဖွံ့ဖြိုးလာရန်အတွက် ဆိုလျှင် တောများကို ရှင်းလင်းပစ်ရသည်ဟူသည့် အယူအဆကို ကိုင်စွဲထားကြ၏။ လက်တွေ့အမှန်တရားက မြို့ပြဖွံ့ဖြိုးတိုးတက်မှု ဟူသည် တောများခုတ်ထွင် လျော့နည်းသွားမှ ဖြစ်ရမည်ဟု တရားသေ မှတ်သားဖို့ မသင့်တော့ပြီ။

မြန်မာနိုင်ငံသည် သဘာ၀ရေမြေ တောတောင်တို့ဖြင့် လွန်စွာ လှပသည့် ဝန်းကျင်နှင့် ပြည့်စုံပြီးဖြစ်၏။ ထိုပြည့်စုံလှပနေသည့် ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် မြို့ပြတိုးတက်ဖွံ့ဖြိုးရေး တို့၏ အချိန်အဆသည် စနစ်တကျ စီမံကိန်းရေးဆွဲပြင်ဆင်မှုပေါ် တွင် မူတည်နေ၏။

မိုးထိတိုက်ကြီးများသည် ကမ္ဘာတစ်လွှား မည်သည့်နေရာသွား သွား တွေ့နိုင်မည်ဖြစ်သော်လည်း ပုဂံရှေးဘုရားများ၏ ဗိသုကာ လက်ရာတို့ကို ပုဂံတွင်သာ တွေ့နိုင်၏။ အေးမြသော ရာသီဥတုနှင့် စိမ်းလန်းထူထပ်သော တောတောင်များ၊ ထင်းရှူးတောကြီးများ၊ စုံ လင်များပြားသော တောကောင်များ၊ ကျေးငှက်သာရကာများကို မြန်မာနိုင်ငံရှိ အချို့သော ဒေသများတွင်သာ တွေ့နိုင်မည်။ ယင်းကို တန်ဖိုးထားထိန်းသိမ်းခြင်းဖြင့် နိုင်ငံ၏ ကျက်သရေကို တိုးမြင့်စေ မည်ဟု နားလည်ကြရန်လိုပါသည်။ နိုင်ငံ၏ ကျက်သရေ တိုးမြင့်ခြင်း က နိုင်ငံတကာကိုရော၊ ပြည်တွင်းမှ ပြည်သူများကိုရော ဆွဲဆောင်မှု အပြည့်အဝ ရှိနေမည်ဖြစ်ပြီး ယင်းကပင် တိုးတက်ဖွံ့ဖြိုးရေး မဟာ ဗျူဟာတစ်ခုအနေဖြင့် ရှိနေမည်သာ။

တိုးတက်ဖွံ့ဖြိုးရေးဟူသည် သစ်တောများကို ခုတ်ထွင်ရှင်းလင်း ကာ တိုက်တာအိမ်ရာများ တည်ဆောက်ခြင်းပြုလုပ်မှ ဖြစ်သည် မဟုတ်ဘဲ၊ သဘာ၀ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းကလည်း တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းဖြစ်သည်ဟု နားလည်သဘောပေါက် ကြဖို့လိုမည်ဟု ယုံကြည်ပါကြောင်း။ ။