ရှေ့နေနှင့် နှစ်သစ်ခရီး

Type
၁

ဆောင်းပါး

=======

 

ရှေ့နေနှင့် နှစ်သစ်ခရီး

============

 

ဦးဟန်ညွန့် (ဥပဒေ)

 

နိဒါန်း

“ဆရာ”

“ဗျာ”

“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်ကဘာလဲဆရာ”

“ရှေ့နေနှင့် နှစ်သစ်ခရီးပါတဲ့”

“ဘာအဓိပ္ပာယ်လဲဆရာ”

“၂၀၂၁ ခုနှစ်ကိုကြိုဆိုတဲ့ အထိမ်းအမှတ်အဖြစ် ရေးချင် တာပါ”

“ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကို နှုတ်ဆက်တဲ့သဘောလား ဆရာ”

“ဟုတ်ပါတယ်၊ ၂၀၂၀ အကုန် ၂၀၂၁ ကို နှစ်သစ်အဖြစ် ကြိုဆိုကြရမှာဖြစ်ပါတယ်။ ဘယ်လိုကြိုဆိုရမယ်ဆိုတာ ကျွန်တော်တွေးမိရေးမိလို့ပါ”

“စိတ်ဝင်စားပါတယ်ဆရာ”

“ကိုင်း….ဒါဖြင့် ဖတ်ကြည့်ကြစို့"

 

နှစ်သစ်

 

၂၀၂၀ ပြည့်နှစ်ကျော်ခဲ့ပြီ။ ၂၀၂၁ ခုနှစ်ရောက်ပြီ။ ရှေ့သို့ချီမည်။ နောက်ပြန်မလှည့်။ ပြီးခဲ့ပြီးသော အတိတ်။ ကုန်ဆုံးပြီးသောအချိန် ပြန်ယူ၍မရ။ ပြန်လည်တမ်းတ နေ၍မရ။ နှောင်းမှရသောနောင်တ။ ပြီးခဲ့သောကာလကဘာအမှားတွေလုပ်ခဲ့သလဲ။ ထိုအမှားများ၏ သင်ခန်းစာကို သာပြန်လည်သုံးသပ်။ ၂၀၂၁ မှာ ထပ်မမှားစေနှင့်။ စွဲမြဲသတိရှိသင့်ပြီ။ ဆင်ခြင်ကြည့်ကြစို့။ ဤအချိန်သည် တတိယ အကြိမ်ပြည်သူ့လွှတ်တော်သက်တမ်းကို ၂၀၂၁ နှစ်ဆန်း ပိုင်းတွင် စတင်မည့်အချိန်။ အစိုးရသစ် ဖွဲ့စည်းမည့်အချိန် လည်းဖြစ်သည်။ အများအသိပါ။

 

အမျိုးသားနေ့

 

အမျိုးသားနေ့ကို ဘယ်တော့မှ မမေ့ပါ။ ၁၉၂၀ ပြည့်နှစ် တွင် အင်္ဂလိပ်အစိုးရလက်အောက် ကျရောက်ခဲ့သည်။ ရန်ကုန်ကောလိပ်နှင့် ယုဒဿန်ကောလိပ် ပူးပေါင်း၍ တက္ကသိုလ်အဆင့် တိုးမြှင့်ရန်စီစဉ်သည်။ တက္ကသိုလ်

အက်ဥပဒေကတင်းကျပ်ထားသည်။ ဆင်းရဲနွမ်းပါးသူ အများ၏သားသမီးများ ကျောင်းမတက်နိုင်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်တွင်ကောလိပ်ကျောင်းသား များက တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်သပိတ်

မှောက်သည်။ အမျိုးသားရေးစိတ်ဓာတ်၊ နယ်ချဲ့ဆန့်ကျင် ရေးစိတ်ဓာတ်များမြင့်မားခဲ့သည်။ အမျိုးသားကျောင်း များပေါ်ပေါက်ခဲ့သည်။ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့သည် အမျိုးသားနေ့ ဖြစ်လာသည်။

 

ပြည်ထောင်စုလွတ်လပ်သောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကြီး ညီညွတ်မှုရှိရမည်ဖြစ်သည်။ သို့သော်ငြားတိုင်းရင်းသားများအချင်းချင်းစစ်ခင်းမှုများနှင့် ကြုံခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပင်လုံညီလာခံကျင်းပခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသောခေါင်းဆောင်များနှင့် တောင်တန်းဒေသမှခေါင်းဆောင်များစုစည်းဆွေးနွေးခဲ့ကြသည်။ လွတ်လပ်ရေးကို အတူတကွ ရယူခဲ့ကြသည်။ တန်းတူညီမျှ စည်းလုံးညီညွတ်စွာနေထိုင်တော့မည်ဟူသောသန္နိဋ္ဌာန်ဖြင့် ပင်လုံစာချုပ်ကြီးကိုလက်မှတ်ရေးထိုးခဲ့ကြသည်။ သမိုင်းဝင် နေ့ထူးနေ့မြတ်ကြီးဖြစ်ပေသည်။

 

မြန်မာ့လွတ်လပ်ရေး

 

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျွန်တော် တို့မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည်။ တိုင်းရင်းသားအပေါင်းတို့၏သွေး၊ချွေးဖြင့်ရရှိခဲ့ခြင်းဖြစ်သည်။ လွတ်လပ် ရေးရပြီးနောက် လက်နက်ကိုင်ပဋိပက္ခများပေါ်​ပေါက်ခဲ့ သည်။ ငြိမ်းချမ်းရေးပျက်ပြားခဲ့သည်။ နိုင်ငံတော်တည် ဆောက်ရေး ချို့ယွင်းအားနည်းခဲ့သည်။ သင်ခန်းစာယူ စရာတွေအများကြီးဖြစ်သည်။ ညီညွတ်မှုပြိုကွဲခဲ့သည်။ သေနတ်သံများဆူညံခဲ့သည်။ ပြည်ထောင်စုစိတ်ဓာတ်ကင်း ပျောက်ခဲ့သည်။ ငြိမ်းချမ်းရေးနှင့် အလှမ်းကွာဝေးခဲ့သည်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ စည်းလုံးညီညွတ် မှု ပြိုကွဲခဲ့သည်။

 

ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်

 

ကိုလိုနီနယ်ချဲ့လက်အောက်ကျရောက်ခဲ့သောမြန်မာပြည်သည် စနစ်အမျိုးမျိုး၊ အုပ်ချုပ်မှုပုံစံအဖုံဖုံကိုတွေ့ကြုံခဲ့ရသည်ဖြစ်သည်။ ခေတ်အမျိုးမျိုး၊ စနစ်အမျိုးမျိုး ကိုလည်း ဖြတ်သန်းခဲ့ရပြီဖြစ်သည်။

 

ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် (Good Gover -

nance) ဆိုသည်မှာ နိုင်ငံတစ်ခု၏ ရေရှည်ဖွံ့ဖြိုးမှုတွင် မရှိမဖြစ် အလွန်အရေးပါသည်။ Good Governance ရှိ၊ မရှိ ဆိုသည်မှာ လူ့အခွင့်အရေးကိုမည်သည့်အတိုင်းအတာအထိပြည့်ဝအောင် ဆောင်ရွက်ပေးနိုင်သနည်းဆိုသည့် အချက်အပေါ် မူတည်နေသည်။ဆိုလိုသည်မှာလူတို့၏ အခြေခံမရှိမဖြစ်အရာများဖြစ်သော စား၊ ဝတ်၊ နေရေး ပြေလည်စေရန်အတွက်လုံလောက်သောစားနပ်ရိက္ခာ (Sufficient Food)၊ ကျန်းမာရေးစောင့်ရှောက်မှုအခွင့်ရေး (Rights to Health)၊ လုံလောက်သောအိမ်ရာ(Adequate Housing)၊ အရည်အသွေးပြည့်ဝသည့်ပညာရေး(Quality Education)၊တရားမျှတမှုနှင့် ပုဂ္ဂိုလ်ရေးရာလုံခြုံမှု(Fair, Justice and Personal Security) စသည့်ကဏ္ဍများတွင် အုပ်ချုပ်မှုအဖွဲ့အစည်းများအနေဖြင့် ထိရောက်စွာ စွမ်းဆောင်နိုင်စွမ်း ရှိ၊ မရှိတို့ဖြင့် တိုင်းတာနိုင်သည်။

 

လောကပါလတရား

 

တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်း ဟူသော လောကပါလတရားများသည် မြန်မာပြည်သူအပေါင်း၏မြတ်နိုးဖွယ်သန္နိဋ္ဌာန်ဖြစ်သည်။ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်သည် ပြည်ထောင်စုစိတ်ဓာတ်ဖြစ်သည်။ ပြည်သူအပေါင်းသည် ထာဝစဉ်စည်းလုံးညီညွတ်ကြသည်။ အတူတကွ လက်တွဲကြမည်။ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထောက်ခံသည်။ နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ပေါင်းသင်းဆက်ဆံသည်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများကို အစဉ်စောင့်ထိန်းသည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက် သည်။

 

ဘိုးဘွားအမွေ

 

မြန်မာ့မြေသည် ဘိုးဘွားအမွေဖြစ်သည်။ မြန်မာ့ရေ သည် ဘိုးဘွားအပိုင်ဖြစ်သည်။ ဘိုးဘွားအမွေအနှစ် ပြည်ထောင်စုအမွေအစစ်ကို အစဉ်တည်တံ့အောင် တိုင်းရင်း သားပြည်သူအပေါင်းက ထိန်းသိမ်းကာကွယ်ကြရမည် ဖြစ်သည်။ ဤသည်မှာ အမျိုးသားကာကွယ်ရေးမူဝါဒ ပင်ဖြစ်သည်။

 

အာဇာနည်နေ့

 

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများကျဆုံးခဲ့ကြရသည်။ ထိုနေ့ကို အာဇာနည်နေ့ ဟုခေါ်သည်။ တစ်မျိုးသားလုံးကြေကွဲရသည်။ တစ်နိုင်ငံလုံးမျက်ရည်မိုးရွာသွန်းဖြိုးခဲ့သည်။ လူသတ်လက်နက်ဖြင့် အာဇာနည်တို့ ကျဆုံးသည်။ လူမသမာတို့ကရာဇဝင်ရိုင်းသောပြစ်မှုကိုကျူးလွန်ကြသည်။ တရားဥပဒေအရမိုက်ပြစ်ကိုခံခဲ့ကြရပြီ။

သို့သော်ငြား ပြည်သူအများ စိတ်မချမ်းသာ။ လက်နက်အားကိုးဖြင့် လူသတ်ခြင်းမှာ ဘယ်သူကမှ လက်ခံသောဝါဒမဟုတ်။ လူသတ်ခြင်းဖြင့် မူဝါဒကိုမပျက်စီးနိုင်။ ဤတစ်သက်တွင် လက်နက်အားကိုး ထိုဆိုးကျိုးကိုပြည်သူတို့ ရွံ့ရှာမုန်းတီးခဲ့ကြသည်သာ ဖြစ်သည်။ သင်ခန်းစာအလီလီ။

 

သေနတ်သံများ

 

လက်နက်အားကိုးဖြင့် စစ်ပွဲများဆင်နွှဲနေဆဲ။ အမြောက်သံ၊ သေနတ်သံ၊ ကျည်ဆန်၊ ယမ်းငွေ့တဝေဝေတို့မှာယနေ့တိုင်ကြုံတွေ့ရင်ဆိုင်နေရဆဲ။ တိုက်ပွဲရှောင် ပြည်သူအများကိုကြည့်ပြီး မည်သူမျှ စိတ်မချမ်းသာ။ ငြိမ်းချမ်းရေးတေးသံသာဘယ်မှာကြားရမည်လဲ။ လူထု ကြားထဲ ကြည်ကြည်လင်လင်မမြင်ရသေး။ မကြားရသေး။ ဆွေးနွေးအဖြေရှာနေသူများ ပင်ပန်းလှပါပြီ။

 

ညီညွတ်ခြင်း

 

ညီညွတ်ခြင်း၏အနှစ်သာရကို မညီမညွတ်ဖြစ်ကြမှ ပို၍သိရသည်။ သင်ခန်းစာရသည်။ သည်းခံခြင်း၊ ခွင့်လွှတ် ခြင်းရှိရမည်။ အလွန်တန်ဖိုးရှိသောသည်းခံခြင်းနှင့် ခွင့်လွှတ် ခြင်းမရှိပါက ပန်းတိုင်သို့မရောက်နိုင်။ ရန်ကိုရန်ချင်း

တုံ့နှင်းနေပါက စစ်ပွဲများနှင့်သာ ကြုံတွေ့ရမည်။ လက်နက်အားကိုးဖြင့် ရှေ့သို့တိုးလေ၊ ရန်မီးပွားလေဖြစ် သည်။ လက်စားချေခြင်း၊ အငြိုးထားခြင်း၊ တိုက်ခိုက်ခြင်း များဖြင့် ငြိမ်းချမ်းရေးရမည်မဟုတ်။ ညီညီညွတ်ညွတ် တိုင်ပင်ကြ။ ညှိနှိုင်းကြဖို့အရေးကြီးသည်။ လက်တွေ့ဘဝ များက ထောက်ပြနေပြီမဟုတ်လော။

 

အခြေခံအကြောင်း

 

မညီညွတ်ခြင်း၏ အခြေခံအကြောင်းမှာ ဒေါသကို အခြေခံသည်။ ငြင်းကြ၊ ခုံကြသည်။ ခိုက်ရန်ဒေါသ ဖြစ်ကြ သည်။ တစ်ဦးနှင့်တစ်ဦး သည်းမခံ။ ခွင့်မလွှတ်။ ဒေါသကို သာအခြေခံသည်။ ကွဲပြားခြားနားမှုများကိုသာထောက် ပြကြသည်။ တူညီမှုကိုမမြင်နိုင်ကြ။ ကောင်းကျိုးချမ်းသာ ကိုမမျှော်မှန်း။ စိတ်ချမ်းသာမှုကိုမရှာဖွေ။ ကိုယ်ရေး ကိုယ်တာကိုဦးစားပေး။ ပုဂ္ဂလိကအမြင်ကိုလက်မလွှတ်။ နှစ်ဦးနှစ်ဖက် မကြည့်နိုင်။ နှစ်ဖက်အမြင်မရှိ။ တစ်ဖက်သတ်အမြင်သာရှိသည်။မေတ္တာကင်းသည်။ သစ္စာမဲ့သည်။ သင်ခန်းစာဘယ်မှာရမည်လဲ။ အဖြေမှန် ဘယ်တော့ရမည် လဲ။

 

လက်စားချေခြင်း

 

သူ့အပြစ်၊ ကိုယ့်အပြစ် ရှာကြသည်။ မတွေ့တွေ့အောင် ရှာသည်။ တွေ့ပြန်တော့လည်းလက်စားချေဖို့သာဦးစားပေးသည်။ ပြေငြိမ်းဖို့ မစဉ်းစား။ စစ်ပွဲများကိုသာ အလေး ထားသည်။ သစ္စာတရားမရှိ။ ကြည်လင်ပြတ်သားမှုမရှိ။ အပြစ်ရှာရန်လိုမှုသာများသည်။ ဘယ်အချိန်မှာငြိမ်းချမ်း ရေးရမည်လဲ။

 

အမှားကိုပြန်လည်သုံးသပ်

 

ငါ့အမှားဘာလဲ။ ငါ့အမှားကိုမမြင်။ သူ့အမှားကိုသာမြင် သည်။ ကိုယ်ကျိုးသာကြည့်သည်။ တစ်ပါးသူအကျိုးကို မမြင်။ ထိုအခါ အေးချမ်းမှုမရှိ။ ငြိမ်းချမ်းရေးမရှိ။ ရန်သူ သာရှိသည်။ မိတ်ဆွေမရှိ။ အမှားကိုဘယ်အချိန်သိကြမှာ လဲ။ ရိုးရိုးသားသားရှာဖို့၊ သိဖို့ အချိန်တန်ပြီ။

 

မှန်ထဲပြန်ကြည့် ပို၍သိ

 

ကိုယ့်ကိုယ်ကိုယ်မှန်ထဲပြန်ကြည့်၊ ပို၍သိမည်။ သူတစ်ပါး မျက်ချေးကိုသာမြင်၊ကိုယ့်မျက်ချေးကိုကိုယ်မမြင်တတ် တာသဘာဝမို့ မှန်ထဲပြန်ကြည့်ကြစို့။ ငါဘာမှားနေလဲ။ ငါ့အပြစ်ဘာလဲ။ သဲကွဲပါသလား။ သဲသဲကွဲကွဲဖြစ်မှ စွဲစွဲ မြဲမြဲ တာဝန်ကျေမည်။

 

မူမှန်၊ လမ်းမှန်၊ စေတနာမှန်

 

နှစ်သစ် ၂၀၂၁ မှာ ဘာလုပ်မှာလဲ။ ဘယ်လမ်းသို့ လျှောက်မည်လဲ။ ဘယ်မူဝါဒလဲ။ မူမှန်၊ လမ်းမှန်၊ စေတနာ မှန်ဖို့ အဓိကပါပဲ။ ညီညွတ်ဖို့ အဓိကပါပဲ။ အမှားတွေပြင်ပြီး အမှန်တွေမြင်ဖို့ အလုပ်လုပ်ကြပါစို့။

 

ပြည်သူ့ကိုယ်စားလှယ်ကြီးများ

 

ပြည်သူ့ကိုယ်စားလှယ်ကြီးများကို ပြည်သူတို့ စိတ်ကြိုက်ရွေးချယ်ခဲ့ပြီးပြီ။ ရွေးကောက်ပွဲမတိုင်မီက တစ်မျိုး။ အရွေးခံရပြီးတော့တစ်ဖုံ။ အချိုးမပြောင်းကြနှင့်။ လွှတ်တော်ထဲမှာဘဝင်မကြွဘဲလူထုအသည်းစွဲ၊ လူထုအသံ နာခံပြီး၊ ရှေ့သို့ ခရီးနှင်ကြစို့။ အပြောမဟုတ်၊ အလုပ် လက်တွေ့ပြကြစို့။

 

မဏ္ဍိုင်သုံးရပ်

 

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်သုံးရပ် မတ်မတ်တည်ရှိစေရမည်။ အပြန်အလှန် ထိန်းကျောင်းရမည်။ လူထုဆန္ဒဘာလဲ။ လူထုအသံဘာလဲ။ စွဲမြဲစွာ ဆုပ်ကိုင်ပါ။ ရပ်တည်ပါ။ လက်တွေ့လုပ်ပြကြပါ။ ပြည်သူ စောင့်ကြည့်နေသည်။

 

ပြည်သူ

 

ပြည်သူသည်သာလျှင် အဓိက။ ပြည်သူသာလျှင် ပဓာန ဟု နေ့စဉ် ကြွေးကြော်နေကြပြီ။ ကြွေးကြော်သံများမှ တစ်ဆင့် လက်တွေ့ဘဝသို့ ချီတက်ကြစို့။ နှစ်ဟောင်းမှ နှစ်သစ်သို့ ခရီးဆက်ကြစို့။ မဆုတ်မနစ် ဇွဲလုံ့လဝီရိယ ပြကြစို့။ သမိုင်းမော်ကွန်းတည်ကြစို့။

 

နိဂုံး

(၁) ၂၀၂၀ ကျန်ခဲ့ပြီ။

(၂) ၂၀၂၁ နှစ်သစ်တိုင်ချေပြီ။

(၃) နှစ်သစ်ခရီးမှာသာယာပါစေကြောင်း . . .။