
(၇၃) နှစ်မြောက်လွတ်လပ်ရေးနေ့ အကြိုဂုဏ်ပြုဆောင်းပါး
==================================
လွတ်လပ်ရေး၏တန်ဖိုးနှင့်အနှစ်သာရကို မမေ့မလျော့ဘဲ
=================================
မောင်ခိုင်မာ (အထက်မင်းလှ)
အမိမြန်မာနိုင်ငံသည် (၁၃၀၉ခုနှစ် ပြာသိုလဆုတ် ၉ ရက်) ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် တနင်္ဂနွေ နေ့ နံနက် ၄ နာရီ မိနစ် ၂၀ တွင် လွတ်လပ်သော အချုပ် အခြာအာဏာပိုင်နိုင်ငံတော်အဖြစ်သို့ ရောက်ရှိခဲ့သည် ဖြစ်၍ ယခုနှစ် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပေသည်။ တစ်နည်းအားဖြင့် နယ်ချဲ့လက်အောက်မှ ရုန်းကန် လွတ်မြောက်ခဲ့သော (၇၃) နှစ်မြောက် နှစ်သစ်ဦးမင်္ဂလာ ရက်မြတ်နေ့လည်း ဖြစ်ပါသည်။
လွတ်လပ်ရေးကြိုးပမ်းမှုဟူသည်
ပရိယာယ်ကြွယ်လှသော နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးလုပ်ငန်းသည် လွယ်ကူသည် မဟုတ် ကြောင်းကို မြန်မာ့သမိုင်းစာမျက်နှာများတွင် အထင် အရှား တွေ့မြင်ရပေမည်။ လွတ်လပ်ရေးကြိုးပမ်းမှု ဟူသည် ကာလအကန့်အသတ်မဲ့ တော်လှန်ရေးတစ်ခု ဖြစ်ပြီး အပျော်တမ်းနိုင်ငံရေးအမြင်သဘောဖြင့် ဆောင်ရွက်၍လည်း မရနိုင်ပေ။ “သွေးနှင့်ချွေးနှင့် အဆင့်ဆင့်ဆက် အသက်သက်များ စတေးထား၍” ဟူသည့် ကဗျာဆရာနောင်၏ ကဗျာစာသားအတိုင်းပင် တိုင်းရင်းသားဘိုးဘွားတို့သည် တစ်ဗိုလ်တက် တစ်ဗိုလ် ဆင်းဖြင့် ခက်ခက်ခဲခဲ အသက်၊ သွေး၊ ချွေးများစွာ စတေး ပြီး အနစ်နာခံမှုများစွာကို အရင်းတည်ကာ ကြိုးပမ်း အားထုတ်ခဲ့ကြရခြင်းဖြစ်သည်။ အတိတ်သမိုင်းကြောင်း ကို ပြန်ပြောင်းလေ့လာကြည့်ပါက ဂုဏ်ယူဖွယ်ရာများနှင့် သင်ခန်းစာယူဖွယ်ရာများစွာကို တွေ့ရပေမည်။
အရင်းရှင်စနစ်နှင့် ပက်ပင်းတိုး
မြန်မာတို့သည် ကိုယ့်အရှင်၊ ကိုယ့်သခင်၊ ကိုယ့်ထီး ကိုယ့်နန်းနှင့် အေးချမ်းတည်ငြိမ်စွာ အေးအတူ ပူအမျှ စည်းစည်းလုံးလုံးနေထိုင်ခဲ့ကြပြီး အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းမင်းတရားတို့လက်ထက်တွင် စည်းလုံးညီညွတ်သောနိုင်ငံတော်အဖြစ် တည်ထောင် နိုင်ခဲ့ပါသည်။ သို့သော်ပဒေသရာဇ်စနစ်မှ ရုန်းမထွက်နိုင် သေးသော မြန်မာနိုင်ငံသည် ၁၈ ရာစုနှောင်းပိုင်းတွင် ဥရောပအရင်းရှင်စနစ်နှင့် ပက်ပင်းတိုးရပါလေသည်။
သယံဇာတပေါကြွယ်ဝသော မြန်မာနိုင်ငံအား နယ်ချဲ့က အရင်းရှင်မျက်လုံးဖြင့်ကြည့်ကာ သွားရည်ယို ခဲ့သည်။ သို့အတွက်လည်း မြန်မာပိုင်နက်ဖြစ်သော အာသံ၊ မဏိပူရအရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ ရှင်မဖြူကျွန်းကို ကျူးကျော်တပ်စွဲခြင်းများဖြင့် ဘကြီးတော်မင်းလက်ထက် ၅-၃-၁၈၂၄ ရက်နေ့တွင် နယ်ချဲ့ဗြိတိသျှတို့က ပထမကျူးကျော်စစ်ကို အစီအစဉ် ရှိရှိ ဖန်တီးခဲ့ကြလေသည်။ ၂၄-၂-၁၈၂၆ ရက်နေ့တွင် ရန္တာပိုစာချုပ်ဖြင့် မြန်မာတို့က ရခိုင်နှင့် တနင်္သာရီတို့ကို လက်လွှတ်ခဲ့ရပေသည်။ ထို့နောက် ပုဂံမင်းလက်ထက်၌ နယ်ချဲ့တို့၏ သင်္ဘောကပ္ပတိန်လူးဝစ်နှင့် ရှက်ပက်တို့အား လူသတ်မှုအတွက် ဒဏ်ငွေရိုက်မှုကို မကျေနပ်၍ဟု ဆိုကာ စစ်ကြေညာခြင်းမရှိဘဲ ၅-၄- ၁၈၅၂ ရက်နေ့တွင် ဒုတိယကျူးကျော်စစ်ကို ဖန်တီးကာ ၂၀- ၁၂ - ၁၈၅၂ ရက်နေ့တွင် အောက်မြန်မာနိုင်ငံ (မြေထဲမှစပြီး) သိမ်းပိုက်ကြောင်း ကြေညာခဲ့ပြန်လေသည်။
နယ်ချဲ့နှစ်နိုင်ငံကြားကမြန်မာနိုင်ငံ
မြန်မာနိုင်ငံအနေဖြင့် ကုန်းဘောင်ခေတ်နှောင်းပိုင်း တွင် စက်ရုံများထူထောင်ခြင်း၊ နိုင်ငံခြားသို့ ပညာသင်များ စေလွှတ်ခြင်း၊ ဒီမိုကရေစီ၏ အရိပ်အရောင်ဖြစ်သော ရတနာပုံသတင်းစာတည်ထောင်ခြင်း၊ ခံတပ်များ၊ ကြေးနန်းရုံများတည်ဆောက်ခြင်း၊ စက်မှုထွန်းကားသောအနောက်နိုင်ငံအချို့နှင့် မဟာမိတ်ဖွဲ့ခြင်း စသည်တို့ဖြင့် အရင်းရှင်စနစ်သို့လိုက်ပါရန် အရှိန်ယူခဲ့ကြောင်း တွေ့ရ ပါသည်။ သို့သော်အနောက်နိုင်ငံများနှင့် ဆက်သွယ် နိုင်သည့် တံခါးပေါက်ဖြစ်သော အောက်မြန်မာနိုင်ငံသည် နယ်ချဲ့လက်အောက်သို့ ကျရောက်သွားပြီဖြစ်၍ အလာ ကောင်းသော်ငြား အခါနှောင်းနေပြီဟု ပြောနိုင်ပါသည်။
ထိုကာလ မြန်မာနိုင်ငံနှင့် ခေတ်ပြိုင်ဥရောပတွင် အရင်းရှင်စနစ်က အားကောင်းမောင်းသန် ဖွံ့ ဖြိုးနေပြီး အင်္ဂလန်နှင့် ပြင်သစ်တို့၏အားပြိုင်မှုက မြန်မာနိုင်ငံကို ရိုက်ခတ်ခဲ့ပါသည်။ ၁၇၈၉ ခုနှစ် ပြင်သစ်နိုင်ငံ ဘူဇွာ တော်လှန်ရေးအပြီးတွင် အာဏာရလာသော နပိုလီယံက ဥရောပနယ်မြေအချို့ကိုနယ်ချဲ့ပြီး အင်္ဂလန်ကို ပခုံးချင်း ယှဉ်သည်။ အင်္ဂလန်နှင့် ဥရောပနိုင်ငံအချို့အား“ကုန်မသွယ် ရေးကြေညာချက်” ထုတ်ပြန်ကျင့်သုံးကာ အရင်းရှင်စနစ်ကို အရှိန်မြှင့်ခဲ့သည်။ သို့သော် ပြင်သစ်တို့ အင်္ဂလန်ကို အရှုံးပေး လိုက်ရသည်။ ဤတွင် အင်္ဂလန်က ဥရောပတွင်သာမက အာရှနိုင်ငံများဖြစ်သော တရုတ်၊ မြန်မာ၊ အိန္ဒိယစသည်တို့ အပေါ် နိုင်ငံရေးသြဇာ လွှမ်းမိုးနိုင်ခဲ့သည်။ သို့သော် တုံကင် ပင်လယ်ကွေ့ကို ပိုင်ဆိုင်ထားသော ပြင်သစ်နယ်ချဲ့တို့နှင့် ဘင်္ဂလားပင်လယ်အော်ကို ပိုင်ဆိုင်ထားသော နယ်ချဲ့ အင်္ဂလိပ်တို့၏အားပြိုင်မှုက မြန်မာနိုင်ငံအား သိမ်းပိုက်ရေး ကို ဦးတည်နေပေသည်။
ယင်းအခြေအနေတွင် ၁၈၇၃ ခုနှစ်က မြန်မာနှင့် ပြင်သစ်တို့ချုပ်ဆိုခဲ့သော“ကူးသန်းရောင်းဝယ်ရေးစာချုပ်” ကို ၁၈၈၄ ခုနှစ်တွင် နောက်ဆက်တွဲသဘောတူညီချက်များ ဖြင့် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ခြင်းက အထက်မြန်မာနိုင်ငံ အား အပြီးသတ်သိမ်းပိုက်ရေး ရည်မှန်းထားသည့် အင်္ဂလန် ကို စိုးရိမ်ရေအမှတ်သို့ တွန်းပို့ပေးခဲ့ပါသည်။ အဆိုပါစာချုပ် နှင့်ပတ်သက်၍ ၁၈၈၅ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ နယူးယောက်တိုင်းမ် (New York Times ) သတင်းစာတွင် “မြန်မာတို့ ပြင်သစ်ပိုင်တုံကင်မှတစ်ဆင့် လက်နက်/ခဲယမ်း သွင်းခွင့် ရလိမ့်မည်။” “မြန်မာပြည်ကို ဗြိတိသျှကျူးကျော်မှုမှ ကာကွယ်ပေးရန် ပြင်သစ်တို့က ကတိပြုသည်။” “ပဲရစ်မြို့ရှိ မြန်မာသံအရာရှိ သံချက်ဝန်ထောက်မင်းအား တွေ့ဆုံ မေးမြန်းရာ ပြင်သစ်နှင့်ကူးသန်းရောင်းဝယ်ရေး စာချုပ် တစ်ခုချုပ်ဆိုရန်အပြင် မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ခြင်းအား နည်းလမ်းရှိသမျှ ပြင်သစ်တို့က ကာကွယ်မည်ဟုပြောပုံ” အစရှိသည်တို့ပါဝင်ခဲ့သည်။
ထိုကာလဝယ် ပြင်သစ်လွှတ်တော်က ပြင်သစ်- မြန်မာစာချုပ်ကို ၁၈၈၅ ခုနှစ် နိုဝင်ဘာလတွင် အတည် ပြုရန် စီစဉ်ထားလေသည်။ ဤသည်ပင်လျှင် နယ်ချဲ့ ဗြိတိသျှတို့ကို လက်ဦးမှုယူစေခြင်း ဖြစ်ပါလိမ့်မည်။ နယ်ချဲ့ ဗြိတိသျှတို့က “သီပေါဘုရင်သည် ဗြိတိသျှတို့အား မိတ်ဆွေ ပီသစွာ ဆက်ဆံခြင်းမရှိမှု၊ စုဖုရားလတ်၏ အကြင်နာကင်းမဲ့ မှု၊ ဘုံဘေဘားမားသစ်ကိစ္စကို မြန်မာတို့က သူတို့ကျေနပ် လောက်အောင် ဖြေရှင်းမပေးမှု၊ ပြင်သစ်ကုန်သည်များ မြန်မာပြည် (ဗြိတိသျှဈေးကွက်) သို့ ဝင်ရောက်ယှဉ်ပြိုင် လာမှု” စသည်တို့ကို အကြောင်းပြကာ ၎င်းတို့၏ အန္တိမ ရည်မှန်းချက်အတိုင်း ၁၁- ၁၁-၁၈၈၅ ရက်နေ့တွင် စစ်ကြေညာ ပြီး တတိယကျူးကျော်စစ်နှင့် မြန်မာပြည်သိမ်းတိုက်ပွဲကို အကောင်အထည်ဖော်ခဲ့ကြလေသည်။
၂၈-၁၁-၁၈၈၅ ရက်နေ့တွင် သီပေါဘုရင်ကို နန်းချပြီး ၂၉- ၁၁- ၁၈၈၅ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် သီပေါ ဘုရင်နှင့် မိသားစုအား သူရိယသင်္ဘောဖြင့် အိန္ဒိယပြည် ရတနာဂီရိသို့ ပို့ဆောင်ကာ ပြည်နှင်ဒဏ် ပေးခဲ့လေသည်။ ၁-၁-၁၈၈၆ ရက်နေ့တွင် အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒပ်ဖရင့် က “မြန်မာနိုင်ငံကို ဗြိတိသျှ- အိန္ဒိယ လက်အောက်ခံ၊ အိန္ဒိယ နိုင်ငံ၏အစိတ်အပိုင်းတစ်ခုအဖြစ်” ကြေညာသကဲ့သို့ မဟာဝန်ရှင်တော်မင်းကြီး ဆာချားလ်ဘားနတ်ကလည်း “အိန္ဒိယဘုရင်ခံချုပ်၏အမိန့်တော်အရ အထက်မြန်မာ နိုင်ငံကို ဧကရီအရှင်မဖုရားပိုင် နိုင်ငံတော်များနှင့်အတူ အမြဲပေါင်းစည်းထားရှိပြီးဖြစ်သည့်အတိုင်း ယခုမှစ၍ အင်္ဂလိပ်အစိုးရ အရာရှိမင်းတို့ တိုက်ရိုက်အုပ်ချုပ်ခြင်းကို ခံကြရမည်။ မြန်မာနိုင်ငံအတွင်း မည်သည့်မင်းတစ်ပါးပါးမျှ အစိုးရနိုင်တော့မည် မဟုတ်”ဟူ၍ ကြေညာချက် ထုတ်ခဲ့ ပေသည်။ ကျွန်သပေါက်ဘဝသို့ သက်ဆင်းခဲ့ကြရခြင်း ဖြစ်ပေ၏။
ထိုနေ့ ထိုရက်မှစ၍ ၁၉၀၀ ပြည့်နှစ်တိုင်အောင် ၁၅ နှစ်ကြာ ဆင်နွှဲခဲ့သော အမျိုးသားခုခံရေးစစ်ပွဲများ ရှုံးနိမ့် ခဲ့ရပြီး အမျိုးသားရေးလက္ခဏာများ ငုပ်လျှိုးခဲ့ရပေသည်။ ဤသည်ကိုပင် “ကမ္ဘာ့အရင်းရှင်လောကကြီးအတွင်းသို့ မြန်မာနိုင်ငံသည် ကိုလိုနီဘဝအဖြစ် ကမောက်ကမ ဝင်ရောက်ခဲ့ရသည်” ဟု တင်စားခဲ့ကြပေသည်။
သူ့ကျွန်အဖြစ် နွံနစ်မခံ
လွတ်လပ်ရေးဟူသည်မှာ သတိမထားမိလျှင် မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်အတွင်းမှာပင် ဆုံးရှုံးနိုင် သော်လည်း ဆုံးရှုံးသွားသော လွတ်လပ်ရေးကို ပြန်လည် ရရှိရန် ကြိုးပမ်းသည့်အခါတွင်မူ ကာလများစွာ၊ ဘဝများစွာ၊ အသက်၊ သွေး၊ ချွေးများစွာတို့ကို စတေးကြရသည်။ သို့သော် မြန်မာ့တော်လှန်ရေး မျိုးချစ်သူရဲကောင်းများက သူ့ကျွန် အဖြစ် နွံနစ်မခံဘဲ ဇွဲစိတ်သန်သန်ဖြင့် ခုခံစစ် များဆင်နွှဲရင်း လွတ်လပ်ရေးကို ပြန်လည်အရယူပေးနိုင်ခဲ့ပါသည်။ အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းမှုသမိုင်းစဉ်ကို ပြန်ပြောင်း၍ ငဲ့စောင်းကြည့်လျှင် ၁၉၁၉ ခုနှစ်ကာလ ဝိုင်အမ်ဘီအေမှ ဂျီစီဘီအေအထိ ကြိုးပမ်းမှု၊ ၁၉၂ဝ ပြည့်နှစ် ပထမကျောင်းသားသပိတ်၊ ၁၉၃ဝ ပြည့်နှစ် တောင်သူ လယ်သမားအရေးတော်ပုံ၊ ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသား သပိတ်၊ ၁၃ဝဝ ပြည့် အရေးတော်ပုံတို့က မျိုးချစ်စိတ်ကို နှိုးဆွဖော်ထုတ်ပေးနိုင်ခဲ့ကြောင်း တွေ့ရပါသည်။
ထို့နောက်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့သော ကျောင်းသားခေါင်းဆောင်များသည် မြန်မာ့နိုင်ငံရေးတွင် ပါဝင်လာခဲ့ကြသည်။ ၁၀-၆- ၁၉၄ဝ ရက်နေ့တွင် ရန်ကုန်မြို့ မြို့မကျောင်းကြီး၌ မြန်မာ့လက်ရုံးတပ်၊ သံမဏိတပ်၊ ရဲတပ်နှင့် မြို့မအပျော်တမ်းတပ်များ ပေါင်းစည်းကာ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ချုပ်ကြီးကို ထူထောင်ပြီး ပြည်ပ မိတ်ဆွေနိုင်ငံအချို့၏ စစ်ရေးအကူအညီရယူရန် အတွက် ၈- ၈-၁၉၄ဝ ရက်နေ့တွင် ဗိုလ်ချုပ်နှင့် သခင် လှမြိုင်တို့သည် တရုတ်ပြည်အမွိုင်မြို့သို့ ဟိုင်လီသင်္ဘောဖြင့် ထွက်ခွာခဲ့သည်။ ၁၂- ၁၁- ၁၉၄၀ ရက်နေ့တွင် ဗိုလ်မိုးကြိုး ခေါ် မစ္စတာ ဆူဇူကီးက ဗိုလ်ချုပ်နှင့် သခင်လှမြိုင်တို့ကို အမွိုင်မှ တိုကျိုသို့ ခေါ်ယူခဲ့သည်။
၁၉၄၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ ရဲဘော်သုံးကျိပ်သည် လေးသုတ် ခွဲကာ ဂျပန်ပြည်ကျူးရှူးကျွန်းသို့ ထွက်ခွာခဲ့ကြသည်။ ထို့နောက် ဟိုင်နန်ကျွန်း စူးဝမြို့တွင် စစ်ပညာစတင် သင်ကြားခဲ့သည်။ ၂၆- ၁၂-၁၉၄၁ ရက်နေ့တွင် ဗန်ကောက်မြို့ ဦးလွန်းဖေ၏ နေအိမ်၌ ဗမာ့တပ်မတော် (B.I.A) ကို စတင်ဖွဲ့စည်းလိုက်ကြသည်။ B.I.A သည် ဂျပန်အကူအညီဖြင့် နယ်ချဲ့ဗြိတိသျှကို တိုက်ထုတ် နိုင်သော်လည်း ဖက်ဆစ်ဂျပန်တို့က ဗြိတိသျှထက် ပိုမို ဆိုးရွားသောပုံစံဖြင့် အုပ်ချုပ်လာပြန်သည်။ တပ်မတော် အင်အားလျော့ ပြိုကွဲစေရန် B.I.A ကို B.D.A ၊ B.D.A ကို B.N.A၊ ထိုမှ တစ်ဖန် P.B.F ဟူသော အမည်အမျိုးမျိုးဖြင့် ပြောင်းလဲဖွဲ့စည်းစေခဲ့သည်။ မည်သို့ပင် ပြောင်းလဲဖွဲ့စည်း စေကာမူ အမျိုးသားခေါင်းဆောင်တို့၏ ပြင်းပြသော မျိုးချစ်စိတ်ဓာတ်ဖြင့် ၂၇- ၃- ၁၉၄၅ ရက်နေ့တွင် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်အောင်မြင်ခဲ့ကြပါသည်။
သို့သော် နယ်ချဲ့ဗြိတိသျှတို့က စက္ကူဖြူစီမံကိန်းဖြင့် တစ်ကျော့ပြန်ဝင်လာပြန်လေသည်။ ဗိုလ်ချုပ်တို့ အမျိုးသားခေါင်းဆောင်များအဖို့ နားနေချိန်ပင်မရဘဲ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကို ဆက်လက် ဆင်နွှဲခဲ့ကြရပါသည်။ နောက်ဆုံးတွင်ကား အမျိုးသား ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ၏ ပြည်တွင်း၊ ပြည်ပ အခြေအနေ အရပ်ရပ်ကို ဆက်စပ်သုံးသပ်ကာ အမြော်အမြင်ရှိရှိဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခိုင်အမာ စုစည်းတည်ဆောက်နိုင်ခဲ့သောကြောင့် မြန်မာနိုင်ငံသည် နယ်ချဲ့လက်အောက်မှ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လုံးဝလွတ်မြောက်ခဲ့ပြီး အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် ကမ္ဘာ့အလယ် ဝင့်ထည်စွာ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ငါတို့သည် ဤနေ့ဤအချိန်မှစ၍
လွတ်လပ်ရေးကြေညာသည့် ၄-၁-၁၉၄၈ ရက်နေ့ တွင် ဗန္ဓုလပန်းခြံ၌လွတ်လပ်ရေးမော်ကွန်း ကျောက်တိုင် အုတ်မြစ်ချသည့် အခမ်းအနားကို ဝန်ကြီးချုပ်ဦးနု တက်ရောက်အားပေးကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ဖ.ဆ.ပ.လ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဘဆွေက သစ္စာဓိဋ္ဌာန် ကိုးချက်ကို တိုင်ပေးပြီး လူထုကြီးက လိုက်ပါရွတ်ဆိုခဲ့ကြသည်။ အဆိုပါ သစ္စာဓိဋ္ဌာန်ကိုးချက် တွင် ပထမဆုံးအချက်မှာ “ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့အား လွတ်လပ်သောလမ်းသို့ ပို့ဆောင်ခဲ့သော ငါတို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တစ်သဝေ မတိမ်း ချီတက်မည်။” ဟူ၍ လည်းကောင်း၊ အဋ္ဌမအချက် တွင် “ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့နိုင်ငံနှင့် ငါတို့လွတ်လပ်ရေးကို အသက်နှင့်လဲ၍ ကာကွယ် စောင့်ရှောက်မည်။” ဟူ၍ ဖြစ်ပါသည်။ အဆိုပါလူထု ကြီး၏ သစ္စာဓိဋ္ဌာန်ပြုသံသည် အက္ကနိဋ္ဌဘုံတိုင်အောင် လွင့်ပျံခဲ့ပေလိမ့်မည်။ ဤသစ္စာ ဓိဋ္ဌာန်ပြုချက်များကို ကျွန်ုပ်တို့၏ ကိုယ်စီနှလုံးသားဝယ် စွဲမြဲနေကြရပေ မည်။
စက္ကန့်မလပ်သတိချပ်ဖို့လို
အနှစ်ချုပ်အားဖြင့်ဆိုရပါလျှင် ကျွန်ုပ်တို့ တိုင်းရင်း သားညီအစ်ကိုမောင်နှမများသည် လွတ်လပ်ရေး၏ တန်ဖိုးနှင့်အနှစ်သာရကို မမေ့မလျော့ဘဲ လွတ်လပ်ရေး ဗိသုကာကြီးများ ရယူပေးခဲ့သည့် လွတ်လပ်ရေးဟူသည့် ပြည်ထောင်စုအမွေကို စက္ကန့်မလပ်သတိချပ်ကာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြဖို့ရန် အထူးလိုအပ် ပါကြောင်း နှိုးဆော်တင်ပြလိုက်ရပေသည်။ ။
ကိုးကား -
အခြေပြမြန်မာ့နိုင်ငံရေးသမိုင်း၊ ဒုတိယတွဲ၊ ဒုတိယပိုင်း၊ဒုတိယအကြိမ်ပုံနှိပ်ခြင်း၊ ၂၀၁၈၊
စိတ်ကူးချိုချိုအနုပညာ။
- Log in to post comments