ကိုယ်တွေ့ကြုံသည့် ရန်ကုန်တက္ကသိုလ် ဘဝခရီးအစ ခြေလှမ်းများ

Type
၁

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်

========================

 

ကိုယ်တွေ့ကြုံသည့် ရန်ကုန်တက္ကသိုလ် ဘဝခရီးအစ ခြေလှမ်းများ

======================================

 

ပန်းတောင်းသန်းကြွယ်

 

ရန်ကုန်တက္ကသိုလ်အကြောင်း ကျွန်တော်စတင်ကြား သိရသည်မှာ သတင်းစာများမှ ဖတ်ရှုရခြင်းဖြစ်သည်။ ၁၉၆၂ ခုနှစ် ဆဲဗင်းဇူလိုင် အရေးအခင်းနှင့်ပတ်သက်၍ ဖတ်ရှုသိရှိရခြင်း ဖြစ်သည်။ ထိုစဉ်က ကျွန်တော့်မှာ ပြည် ရွှေဆံတော်စေတီတော်ခြေရင်းရှိ သီရိမင်္ဂလာရုံစာသင်တိုက် တွင် ကိုရင်ဝတ်ဖြင့် စာပေသင်ယူနေစဉ်ဖြစ်၏။ ပထမ ငယ်တန်းဖြေဆိုရန် လုံ့လစိုက်ထုတ်ကြိုးကုတ်နေချိန် ဖြစ်၏။ စာပေဖတ်ရှုရေးသားမှု ဝါသနာထုံ၍ မိုးကြိုး၊ အမျိုးသားစသော သတင်းစာများတွင် ဝတ္ထုတို၊ ဆောင်း ပါး၊ ကဗျာ စာတိုပေစတို့ကို စတင်ရေးသားနေပြီဖြစ်၏။

 

သာသနာ့ဘောင်တွင် မပျော်ပိုက်၍ ၁၉၆၂ ခုနှစ် ကုန်ခါနီးတွင် ကျွန်တော် လူထွက်လိုက်ပြီး ပန်းတောင်းမြို့ စည်သာရပ်သို့ ပြန်ရ၏။ အဖေနှင့်အတူ လယ်တောသို့ လိုက်ရ၏။ လယ်တောရှိချုံများကို ပေါက်ပြားဖြင့် ရှင်း ရ၏။ ပင်ပန်းလှ၏။ ကိုရင်လူထွက် မခံစားနိုင်၍ အလုပ်ပြောင်းလုပ်ရ၏။ အိမ်ရှိဆိုက်ကားကိုနင်းရ လေသည်။ မဆိုးလှ။ အပေါင်းအသင်းရောင်းရင်းများဖြင့် အဖွဲ့ကျ၏။ ဆိုက်ကားသမားအချင်းချင်း နောက်ကြ ပြောင်ကြနှင့် အချိန်ကုန်မှန်းမသိ ကုန်လေသည်။ စာပေသမား ကျွန်တော်သည် အားလျှင်ဆိုက်ကား ပေါ်ထိုင်၍ စာဖတ်လေသည်။ ထိုစာပေကပင်လျှင် ကျွန်တော့်အား သတိပေး၏။ ပျော်ရာမှာမနေ တော်ရာ မှာနေရန် တိုက်တွန်းလေသည်။ စာပေမတတ်သောဘဝဖြင့် အလုပ်ကြမ်းမျိုးစုံလုပ်ကာ ဘဝဆုံးရမည့်အစား စာပေ ဆက်လက်သင်ကြားရန် သတိရရှိ၍ အသိတရားဝင်လာ လေသည်။ သို့ဖြင့် ရန်ကုန်သို့တက်၍ အလုပ်ကြိုးစား လုပ်ကာ စာဆက်သင်ရန် ဆုံးဖြတ်ချက်ချမိလေသည်။

 

ဆိုက်ကားနင်း၍ရသော ပိုက်ဆံများမှ အမေ့ကို နှစ်ကျပ်ခန့်ပေးကာ ကျန်တာကို ကျွန်တော်စု၏။ တစ်နေ့ လျှင် တစ်ကျပ်ခွဲ၊ နှစ်ကျပ်ခန့် စုမိလေသည်။ နှစ်လ၊ သုံး လခန့် စုမိတော့ ၆၂ ကျပ်တိတိရ၏။ ရန်ကုန်ခရီးကို စတင်နိုင်လေတော့မည်။ ထိုစဉ်က ရန်ကုန်သို့ ပြည်မှ ကားခမှာခြောက်ကျပ်သာရှိ၏။ အဖေ အမေတို့ မိသားစုကို ဆွေးနွေးခွင့်ပန်ရ၏။ ကျွန်တော် ပြည်မှကားဖြင့် ဆက်လက်ထွက်ခဲ့ရာ ထိုနေ့ညနေ ၅ နာရီခန့်တွင် ရန်ကုန် မြေနီကုန်းသို့ ရောက်ရှိလေသည်။ ဆိုက်ကားစီး၍ တည်းခိုနေထိုင်မည့် စမ်းချောင်းအောင်ချမ်းသာရှိ မဟာရာဇိကာရုမ်ကျောင်းတိုက်သို့ သွားရလေသည်။ ဘုန်းကြီးကျောင်းသားဘဝ သံဃာ့ဝေယျာဝစ္စများကို ဆောင်ရွက်ရင်း အလုပ်မျိုးစုံလုပ်ကာ ကျောင်းဆက် တက်ရလေသည်။

 

ပညာရေးခရီးလမ်း-

 

၁၉၆၅ ခုနှစ်တွင် စေတနာအထက်တန်းကျောင်း(အလွတ်ပညာသင်) တွင် ၇ တန်းမှစ၍ တက်ရ၏။ ၁၉၆၆ ခုနှစ် ၈ တန်းနှစ်တွင် နိုင်ငံတော်အစိုးရက အလွတ်ပညာသင် တန်းကျောင်းအားလုံးကို ပိတ်လိုက်၍ ကျောင်းတက်ရန် အခက်အခဲဖြစ်ရလေ၏။ တောင်တက်ခရီးလမ်းတွင် လှည်းစည်းကုံးကြိုးပြတ်သကဲ့သို့ ခံစားရလေ၏။ ဘဝ တက်လမ်းအတွက် အခက်အခဲနှင့် ကြုံရလေသည်။ ညဘက်ဖွင့်သော အလွတ်ပညာသင်တန်းကျောင်းများ မဖွင့်တော့ပေ။ ကံကောင်းထောက်မ၍ ကြည့်မြင်တိုင် အထက(၄) တွင် အလုပ်သမားရေးရာ ညနေသင်တန်း ကျောင်းဖွင့်ဖြစ်ခဲ့၏။ ၈ တန်းမှ ၁၀ တန်းအထိ အလုပ် သမားလူတန်းစားများ ညဘက်ကျောင်းဆက်တက်နိုင်ရန် စီစဉ်ပေးခြင်းဖြစ်၏။

အလုပ်သမားဝန်ကြီးဌာနမှ စေတနာရှင်များအား အထူးကျေးဇူးတင်ပါသည်။ ၁၉၆၇ ခုနှစ်တွင်မူ အထက(၂) ကြည့်မြင်တိုင် (ဟုန်းလမ်း၊ ထီးတန်း) ကျောင်းတွင် ၉ တန်းနေဖြစ်၏။ အစိုးရဖွင့်သော လူငယ်ရေးရာသင်တန်းကျောင်း ဖြစ်၏။ ထိုကျောင်းတွင် စာပေထူးချွန်သော ဆရာ ဆရာမများနှင့် ကြုံရဆုံရ၏။ အင်္ဂလိပ်စာ အထူးတော်သော ဆရာဦးတင်ဝင်း(မင်းသားကြီး အောင်တင်ဝင်း) နောင်တွင် ဇာတ်ဆရာ ဦးစိန်အောင်မင်း၏ သမက်ဖြစ်သွားသူလည်း တစ်ဦးအပါအဝင်ဖြစ်၏။ ဦးတင်အောင်(ဆေးပြင်းလိပ်) မှာ ပင်ရင်းမြန်မာစာပြဖြစ်၏။ ဟန်ပန်အမူအရာဖြင့် ကျောင်းသားများနားလည်အောင် ပြသနိုင်သောဆရာဖြစ်၏။ နောက် ဦးတင်အောင် တစ်ယောက်မှာ (တိုက်ပုံအမြဲဝတ်သဖြင့်) ဦးတိုက်ပုံ အမည်တွင်သူ ဗဟိုစာရင်းရုံးမှ ဆရာဖြစ်ပြီး မြန်မာစာပြ အလွန်တော်၏။ နောင်တွင် ညွှန်ကြားရေးမှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ရသူဖြစ်၏။ ဦးအုန်းမောင်(စမ်းချောင်း)နှင့် ဒေါ်ညွန့်ညွန့်သန်းတို့မှာ ပထဝီဝင် အသင်အပြ ကောင်းသူများဖြစ်၏။ ဒေါ်ခင်မာချိုမှာ အထက်တန်းပြ ဆရာမတစ်ဦးဖြစ်ပြီး မြန်မာစာပြ အလွန်ကောင်းသူဖြစ်၏။ နောင်တွင် အထက (၃) သန်လျင်ကျောင်းအုပ်ကြီးဖြစ်သွား လေသည်။

 

၁၉၆၉ ခုနှစ်တွင် အထက(၂) ကြည့်မြင်တိုင် လူငယ်ရေးရာသင်တန်းကျောင်းမှာ ၁၀ တန်းဆက်နေဖြစ် ၏။ ဆရာ ဆရာမများ၏ သင်ကြားပြသမှုကောင်းမွန်ခြင်း၊ စေတနာထက်သန်ခြင်းတို့ကြောင့် ထိုနှစ်တွင်ပင် ၁၀ တန်းစာမေးပွဲ နှစ်ချင်းပေါက်အောင်ခဲ့၏။ A/B ခွဲ၍ စာရင်းထုတ်၏။ A list မှ ၁၁ ရာခိုင်နှုန်းခန့်သာ အောင်ကြလေသည်။ အမှတ်စာရင်းတွင် ပျမ်းမျှ ၅၈ မှတ်ရရှိသောကြောင့် လုပ်သားများကောလိပ်သို့ နှစ်ချင်း ပေါက်တက်ခွင့် ရရှိခဲ့၏။ ထိုစဉ်က လုပ်သားများကောလိပ် ဝင်ခွင့်ရရှိရေးမှာ အလွန်ခဲယဉ်း၏။ အမြဲတမ်းအစိုးရ အလုပ်အကိုင် ရှိရ၏။ အမှတ်အနည်း၊ အများဖြင့် ဝင်ခွင့်ကန့်သတ်လက်ခံသောကြောင့် ၁၀ တန်း အောင်စာရင်းအမှတ်များရန်၊ ကောင်းရန် လိုအပ်၏။ အလုပ်ရှိသော်လည်း အမှတ်နည်းသူတို့မှာ သုံးနှစ်ခန့် ဆက်တိုက်လျှောက်မှ ဝင်ခွင့်ရကြ၏။

ထိုစဉ်က လုပ်သားများကောလိပ်တွင် ပထဝီဝင် အဓိကဘာသာရပ်ကို အများဆုံးလျှောက်ထားကြသဖြင့် ၁၀ တန်းရမှတ်စာရင်းကောင်းမှ ဝင်ခွင့်ရရှိကြလေသည်။ ပျမ်းမျှရမှတ် ၅၈ မှတ်ရရှိသော ကျွန်တော့်မှာ နှစ်ချင်းပေါက်ဝင်ခွင့်ရရှိခဲ့သော်လည်း အမှတ်အနည်း၊ အများ တန်းစီ၍ ဝင်ခွင့်ခုံအမှတ် သတ်မှတ်ရာတွင် G-5 သာ ရရှိ၏။ ပျမ်းမျှရမှတ် ၆၂ မှတ်ရရှိသူ ကိုသိန်းထွန်းက G-1 ရလေ၏။ G-2 မှာ ကိုမြင့်ဆွေဖြစ်၍ ကိုငွေရက G-3 ဖြစ် လေသည်။ G-4 မှာ ကိုခင်လှဖြစ်၏။ ကျန်သူများကိုကား ကောင်းစွာမမှတ်မိတော့ပေ။ ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် မှ ကျောင်းသား ကျောင်းသူများနှင့် အသက်ချင်းယှဉ်ကြည့် ပါက လုပ်သားများကောလိပ်မှ ကျောင်းသား ကျောင်းသူ များက ပျမ်းမျှ နှစ်နှစ်ခန့် ပိုမိုကြီးသည်ဟု ဆိုကြ၏။

 

၁၉၇၄ ခုနှစ် ကျောင်းပြီးသောအခါတွင် လုပ်သား များကောလိပ်မှ ပထဝီဝင်အဓိကဖြင့် အောင်သူများ ထဲမှ ရှစ်ဦး Qualified ရလေသည်။ စာရေးသူကိုယ်တိုင် လည်း တစ်ယောက်အပါအဝင်ဖြစ်၏။ အခြား Q ရသူများ မှာ ကိုမြင့်ဆွေ၊ ကိုစံတင်၊ ကိုကျော်၊ မမြင့်မြင့်ဆွေ၊ မဂျုံး၊ မသိန်းရှင် စသူတို့ ဖြစ်ကြ၏။ အခြားတစ်ဦးကို မမှတ်မိ တော့ပါ။ ကိုကျော်တစ်ယောက်သာ မဟာဝိဇ္ဇာတန်း ဆက်တက်ဖြစ်ပြီး စာမေးပွဲအောင်ခဲ့၏။ ၁၉၇၉/၈၀ ခုနှစ်တွင် ကျွန်တော် မဟာဝိဇ္ဇာတန်းတက်ခဲ့သော်လည်း မဖြေဖြစ် ခဲ့ပါ။ ကျွန်တော်တက်စဉ်က ပါမောက္ခဆရာကြီးမှာ ဒေါက်တာ တင့်ထူးဖြစ်၏။

ကျွန်တော်၏ဆရာရင်းဖြစ်သူ ဦးမောင်မောင်အေးမှာ ဩစတြေးလျမှ မဟာဝိဇ္ဇာ ဂုဏ်ထူးတန်း တက်ရောက်ရယူပြီး ပြန်ရောက်စဖြစ်၍ ပိုမိုကောင်းမွန်သော သင်ကြားမှုများဖြင့် သင်ကြားပြသလေ သည်။ လေးစားချစ်ခင်ရသော ဆရာမကြီး ပါမောက္ခ ဒေါက်တာ ဒေါ်သင်းကြည်မှာ အငြိမ်းစားယူသွားခဲ့သဖြင့် မတွေ့ရှိရတော့ပါ။ အလုပ်တစ်ဖက်ဖြင့် မဟာဝိဇ္ဇာတန်း တက်ခဲ့ရသဖြင့် ထိုစဉ်က ကျောင်းတက်ဖော်သူငယ်ချင်းများ ကိုပင် ကောင်းစွာမမှတ်မိတော့ပါ။

 

ရွှေရတုမှသည် ရာပြည့်ဆီသို့ -

 

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့က စတင်ဖွင့်လှစ် ခဲ့သော ရန်ကုန်တက္ကသိုလ်သည် ၁၉၇၀ ပြည့်နှစ်တွင် ရွှေရတုသဘင်ကာလသို့ ကျရောက်ခဲ့၏။ နှစ် ၅၀ ပြည့် တက္ကသိုလ် ရွှေရတုသဘင်အမှတ်တရစာစောင်များ ထုတ်ဝေ၍ မှတ်တမ်းတင်ဂုဏ်ပြုခဲ့ရာ ထိုရွှေရတုသဘင် စာစောင်တွင် ကျွန်တော်၏လုပ်သားများကောလိပ် အမှတ်တရ ဝတ္ထုတိုဖြစ်သော “သူ့အလှ” ဝတ္ထုတိုကို ဖော်ပြခဲ့၏။ ထိုဝတ္ထုတိုကိုပင် ၂၀၂၀ ပြည့်နှစ်တွင်ကျရာက်သော တက္ကသိုလ်ရာပြည့် အထိမ်းအမှတ်အဖြစ် စိတ်ကူးချိုချို စာအုပ်တိုက်မှ ထုတ်ဝေသည့် “နှစ်ပေါင်း ၁၀၀၊ စာ ၁၀၀” ရာပြည့် ရန်ကုန်တက္ကသိုလ် ဂုဏ်ပြုစာစုများ စာအုပ်တွင် လည်း ထည့်သွင်းဖော်ပြထားပေရာ စာရေးသူအဖို့ များစွာ ဂုဏ်ယူဝမ်းမြောက်ရလေသည်။

 

လုပ်သားများကောလိပ်မှ ပထဝီဝင်အဓိက ကျောင်း သားများသည် ရန်ကုန်တက္ကသိုလ်သို့လည်း နေ့ဘက်တွင် သွားရောက်ကျောင်းတက်ကြရ၏။ တတိယနှစ်တွင် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ ရန်ကုန်တက္ကသိုလ်ဘူမိဗေဒဌာန သို့သွားရောက်၍ ဘူမိဗေဒဘာသာရပ်ကို သင်ယူရ၏။ ကျောက်ခဲများကို လေ့လာဆန်းစစ်ရ၏။ စတုတ္ထနှစ်တွင် ပထဝီဝင်ဌာနသို့ တနင်္ဂနွေနေ့တိုင်း သွားရောက်၍ မြေတိုင်းဘာသာရပ်ကို လေ့လာသင်ယူရ၏။ ဂျပ်ဆင်ရှေ့ရှိ မြက်ခင်းပြင်မှာ ပထဝီဝင်ကျောင်းသား ကျောင်းသူများ၏ လက်တွေ့ လေ့လာရေးကွင်းကြီးဖြစ်လေသည်။ ဌာန စာသင်ခန်းတွင်လည်း ကောင်းကင်မြေတိုင်းတာ ဘာသာ ရပ်ကို လေ့လာဆည်းပူးရ၏။ ထို့ကြောင့် ရန်ကုန်တက္ကသိုလ် နယ်မြေမှာ ကျွန်တော်တို့နှင့် မစိမ်းပါ။ ငယ်စဉ်ကပင် ပညာဆည်းပူးရာ ပျော်ရွှင်စွာခြေချခဲ့ရာပင်ဖြစ်၏။

 

ပြန်လည်ထိတွေ့ရခြင်း -

 

ရန်ကုန်တက္ကသိုလ်နှင့် ကျွန်တော်၏ ထိတွေ့မှုမှာ ၂၀၀၄ ခုနှစ်တွင် ပြန်လည်ပေါ်ပေါက်လာပြန်၏။ စိတ်ပညာ ဌာနက ဖွင့်လှစ်ပို့ချသော အသုံးချစိတ်ပညာဘွဲ့လွန်ဒီပလိုမာ တန်းတက်ဖြစ်သောကြောင့် ဖြစ်လေသည်။ တစ်နှစ်တာမျှ ရန်ကုန်တက္ကသိုလ်နယ်မြေသို့ ပြန်လည်ခြေချခွင့် ရရှိခဲ့ခြင်း ပင်ဖြစ်၏။ ဆရာမကြီး ပါမောက္ခဒေါက်တာဒေါ်ခင်အေးဝင်း၊ ဒေါက်တာဒေါ်သန်းနွဲ့ (ဥပဒေ)၊ တွဲဖက်ပါမောက္ခဒေါ်ခင်မျိုးရီ၊ တွဲဖက်ပါမောက္ခ‌‌‌ဒေါက်တာ ဦးအောင်သန်းဦးတို့နှင့် ရင်းနှီးစွာ တွေ့ဆုံခဲ့ရပေသည်။

 

၂၀၀၈ ခုနှစ်တွင်တစ်ကြိမ် ရန်ကုန်တက္ကသိုလ်သို့ သွားရောက်ပညာသင်ယူရပြန်၏။ ဘွဲ့လွန်လူမှုရေးပညာ ဒီပလိုမာသင်တန်းတက်ရောက်ရခြင်းဖြစ်၏။ အထက်ပါ ဆရာ ဆရာမကြီးများအပြင် စိတ်ပညာ တွဲဖက်ပါမောက္ခ ဒေါက်တာ ဦးအောင်မြတ်ကျော်စိန်၊ ကထိက တာဝန်ခံ ဆရာကြီး ဦးတိုက်အောင်တို့ကိုပါ တွေ့ဆုံရင်းနှီးခဲ့ရလေ သည်။ အသက်အရွယ်ကြီးရင့်၍ ဆရာမကြီး ဒေါ်ခင်အေးဝင်း၊ ဒေါ်ခင်မျိုးရီ၊ ဦးအောင်သန်းဦး၊ ဦးတိုက် အောင်တို့မှာ ဘဝတစ်ပါးသို့ ကူးပြောင်းခဲ့ကြလေပြီ။ ပထဝီဝင်မှ ဆရာ ဆရာမများ၊ စိတ်ပညာမှ ဆရာ ဆရာများ ကို အမြဲသတိရပါ၏။ တက္ကသိုလ်ရာပြည့်နှင့်ကြုံသည့် အခိုက်ဝယ် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ရန်ကုန် တက္ကသိုလ်၏ ပုံရိပ်များကို ပိုမို၍သတိတရရှိလှပါသည်။

 

အဓိပတိလမ်းမ၊ ကံ့ကော်ရိပ်၊ ဂျပ်ဆင်၊ စာကြည့် တိုက်၊ စိန်ပန်းပြာနှင့် စိန်ပန်းနီတာတာ၊ အပန်းဖြေ ရိပ်သာ၊ ဘွဲ့နှင်းသဘင်၊ ဝိဇ္ဇာခန်းမ၊ ဦးချစ်စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ရာမညဆောင် စသည်တို့မှာ မကြာခဏဆိုသလိုပင် ပုံရိပ်ထင်ကြ၏။

 

ပညာဒါနပြုခဲ့ကြသူ တက္ကသိုလ်မှ ဆရာ ဆရာမ ကြီးများ အားလုံးအားလုံးကို သတိတရဖြင့် ရှိခိုးဦးခိုက် ကန်တော့လိုက်ပါ၏။ ရန်ကုန်တက္ကသိုလ်ကြီးသည်လည်း ရာပြည့်မှသည် ထောင်သောင်းမက အသက်ရှည်ကြာစွာ မြန်မာနိုင်ငံ၏ ကောင်းကျိုးချမ်းသာကို ဆက်လက် ဆောင်ကြဉ်းထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းရပါ၏။ ။