လွတ်လပ်ရေးနေ့ဦးတည်ချက်နှင့်အညီ

အယ်ဒီတာ့အာဘော်

==========

 

လွတ်လပ်ရေးနေ့ဦးတည်ချက်နှင့်အညီ

 

======================

 

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အချုပ်အခြာအာဏာပိုင်သည့် လွတ်လပ် သောနိုင်ငံအဖြစ် ရပ်တည်နေထိုင်ခဲ့သည်မှာ ၂၀၂၁ ခုနှစ် ယနေ့ (ဇန်နဝါရီလ ၄ ရက်)တွင် (၇၃) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ လွတ်လပ်ရေးရရှိပြီးသည် မှာ နှစ်ပေါင်းခုနစ်ဆယ်ကျော်ပြီဖြစ်သော်လည်း မျက်မှောက်ကာလ အခြေ အနေအားဖြင့် လွတ်လပ်ရေး၏တန်ဖိုး၊ လွတ်လပ်ရေး၏အနှစ်သာရ၊ လွတ်လပ်ရေး၏တာဝန်များကို အထူးသိရှိကြရန် လိုအပ်နေသောကာလ ဖြစ်သည်။

များသောအားဖြင့် လွတ်လပ်သောနိုင်ငံတွင် လွတ်လွတ်လပ်လပ် နေထိုင်လုပ်ကိုင် ဆောင်ရွက်ကြရသည်ကိုသာ သိရှိကြပါသည်။ ဤသို့ လွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်သည်မှာ နှစ်ပေါင်းတစ်ရာကျော် ဘိုးဘေး များ အသက်သွေးချွေး ရင်းနှီးပေးဆပ်ခဲ့ရသည်ကိုလည်း သိရှိကြပါသည်။ လွတ်လပ်သောနိုင်ငံတွင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိသည်ကိုလည်း သိရှိ ကြပါသည်။ လွတ်လပ်ရေးမှ အခွင့်အရေးအဖုံဖုံ ရရှိနေကြသည်ကို မိဘ ဘိုးဘွားအမွေအနှစ်များအား မပင်မပန်းအဆင်သင့်ခံစားနေကြသော သားသမီးများကဲ့သို့ ရရှိခံစားကြရပါသည်။

 

အမှန်တကယ်တွင် ယနေ့ခံစားခွင့်ရရှိနေသည့် ဘိုးဘွားဘီဘင်များ တည်ဆောက်ထားသည့်နိုင်ငံကို ကျေးဇူးမဆပ်နိုင်လျှင် ကျေးဇူးမကန်းဖို့ လိုမည်ဖြစ်သည်။ ကျေးဇူးသိ၊ တာဝန်သိလျှင်မူ နိုင်ငံအတွက် အတိုင်းထက် အလွန်ပင် ဖြစ်မည်။ တာဝန်သိသော နိုင်ငံသားများဖြစ်မှသာလျှင် ကျေးဇူး တရား၏အကျိုးရလဒ်များကို ခံစားရသော၊ တိုးတက်သောနိုင်ငံသားများဘဝ ရောက်ပေလိမ့်မည်။ လွတ်လပ်သောနိုင်ငံတွင်နေ၍ တာဝန်လည်းမရှိ၊ ကျေးဇူးလည်းမသိဘဲ မိမိအကျိုးသာကြည့်ပြီး နေချင်သလို လုပ်ချင်သလို လုပ်ကြမည်ဆိုလျှင် လွတ်လပ်ရေးရပြီးသောနိုင်ငံသည် ထိခိုက်အနာတရ ရသည့်လူနာကဲ့သို့ တညည်းညည်းတညူညူဖြင့် မတိုးတက်သည့်ဘဝတွင် သံသရာလည်နေမည် ဖြစ်သည်။

သို့ဆိုလျှင် လွတ်လပ်ရေးကျေးဇူးကို မည်သို့သိရမည်နည်း။ မည်သို့ တုံ့ပြန်ရမည်နည်းဆိုသော် နှစ်စဉ်နှစ်တိုင်း လွတ်လပ်ရေးနေ့အခါသမယသို့ ကျရောက်သောအချိန်တွင် အသိပေးနှိုးဆော်လျက်ရှိသည့် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက် ပေးကြရမည် ဖြစ်သည်။ တစ်နှစ်တစ်ခါ နှိုးဆော်လျက်ရှိသည့် အမျိုးသားရေး ဦးတည်ချက်များသည် ခေတ်ကာလအခြေအနေအချိန်အခါအလိုက် ကျေးဇူး သိရမည့်၊ ဆောင်ရွက်ရမည့်အချက်များကို ညွှန်ပြထားခြင်းဖြစ်သည်။ အမျိုးသားရေးဦးတည်ချက်များကို အလေးအနက်ထား၍ အကောင်အထည် ဖော်ဆောင်ရွက်ကြပါက ကျေးဇူးသိရာလည်းရောက်၊ တာဝန်သိရာလည်း မြောက်ပြီး တိုင်းပြည်နှင့်လူမျိုး ကြီးပွားရေးကို ပို့ဆောင်ပေးနိုင်ပေမည်။

၂၀၂၁ ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည် ချက် (၅) ရပ်သည် မိမိတို့၏ ဘိုးဘေးဘီဘင်များ အသက်သွေးချွေးစတေး၍ ရယူပေးခဲ့သော လွတ်လပ်ရေးအတွက် ပြန်လည်ပေးဆပ်ရမည့် တာဝန် များပင်ဖြစ်သည်။ လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်သည် ခေတ်ကာလအခြေအနေ ပကတိလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ထင်ဟပ်ဖော်ပြထားသည့် လွတ်လပ်ရေးကိုဦးတည်သော ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမည့်တာဝန်၊ ရယူရမည့်အခွင့်အရေးနှင့် ခံစားရမည့် အသီး အပွင့်များပင် ဖြစ်သည်။

လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ကြရာ၌ ဒို့တာဝန်အရေး သုံးပါးအတွက် တိုင်းရင်းသားအားလုံး စုပေါင်းအင်အားဖြင့် ကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေသော ကာလတွင် လွတ်လပ်ရေး၏အခွင့်အလမ်းများ သာတူညီမျှရရှိနေကြပြီး လွတ်လပ်ရေး၏အသီးအပွင့်များကို ခံစားနိုင်ရန်အတွက် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုဖြစ်စေရေး၊ ပြည်ထောင်စုကြီး ထာဝရတည်တံ့ ခိုင်မြဲစေရေး၊ နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်စိန်ခေါ်မှုများ၊ အခက်အခဲများ အား အစိုးရနှင့်အတူ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ပြီး စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားကြခြင်းဖြင့် လွတ်လပ်ရေးနှင့်ထိုက်တန်သည့် အသီးအပွင့် များကို ဝေဝေဆာဆာ ရရှိခံစားကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အချုပ်အခြာအာဏာ ပိုင်ဆိုင်သည့် လွတ်လပ်သောနိုင်ငံတော်ကြီး ဖြစ်တည်လာသည်မှာ ၂၀၂၁ ခုနှစ် လွတ်လပ်ရေးနေ့တွင် (၇၃) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ရာ ယခုနှစ်တွင် ချမှတ်ထားသည့် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များနှင့် အညီ ဘိုးဘေးဘီဘင်များ အရယူပေးခဲ့သော လွတ်လပ်ရေးအမွေကို ခံစား စံစားရင်း လွတ်လပ်သောနိုင်ငံဖြစ်ရသည်ကို ကျေးဇူးသိ၊ ကျေးဇူးတုံ့ပြန်ကြ ရမည် ဖြစ်ပါကြောင်း။ ။