
ဆောင်းပါး
====
ဘာသာပြန်သမားတစ်ယောက်ဖြစ်ဖို့ဆိုရင်
======================
နွေဦးမောင်
===
တစ်လောက အတော်အတန် ခင်မင်နေသော လူငယ် တစ်ယောက် စာရေးသူထံ ရောက်လာသည်။ ရောက် မဆိုက်ပင် ဘာသာပြန်သမားတစ်ယောက်ဖြစ်လို ကြောင်း ပြောလာသည်။
“ကိုယ့်ညီက ဘာသာပြန်သမား ဖြစ်ချင်တယ် ဆိုတာ ဘယ်လိုရည်မှန်းချက်ကြောင့်လဲ။ စာရေးဆရာ ဖြစ်ချင်တာလား၊ အစ်ကိုကတော့ မြန်မာဘာသာကနေ အင်္ဂလိပ်ဘာသာကို ပြန်ဆိုနေတာကြောင့် အစ်ကို လုပ်နေတဲ့ အလုပ်ကိုပဲ ဦးစားပေးပြီး မေးချင်တယ်။ ကိုယ့်ညီကရော အကြောင်းအရာအမျိုးမျိုးကို မြန်မာ ဘာသာကနေ အင်္ဂလိပ်ဘာသာ ပြန်ဆိုချင်တာလား။ အင်္ဂလိပ်ဘာသာကနေ မြန်မာဘာသာ ပြန်ဆိုချင်တာ လား။ ဒါမှမဟုတ် နှစ်မျိုးစလုံး ဘာသာပြန်တတ် ချင်တာလား။”
“နှစ်မျိုးစလုံး ဘာသာပြန်တတ်ချင်တယ်အစ်ကို။ ဘာသာပြန်ဆရာကြီးတွေရဲ့လက်ရာတွေကို သိပ်အား ကျတာပဲ။”
“အဲဒီလိုဆိုရင် အချိန်တော့ တော်တော်ယူပြီး လေ့ကျင့်ရမယ် ကိုယ့်ညီ။”
“ဘယ်လောက်အချိန်ယူရမလဲအစ်ကို”
“သိပ်မကြာပါဘူးကွာ။ တစ်သက်လုံးပါပဲ။”
“ဗျာ….”
သူ မျက်နှာပျက်သွားသည်။ စာရေးသူ နောက်နေ သလားဟု အကဲခတ်နေသေးသည်။ သို့သော် စာရေးသူ က တကယ်ပြောနေမှန်း သိသွားသဖြင့် စိတ်ပျက် အားလျော့သည့်ပုံ ပေါ်လာသည်။
“ဟုတ်တယ်။ ကိုယ့်ဘဝတစ်ခုလုံးကို မြှုပ်နှံရမှာ လေ။ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းပညာရပ် ဖြစ်လာဖို့ဆိုရင် ဘဝတစ်ခုလုံးကို သုံးရမှာပဲ။ ဘယ် အလုပ်မှာ မဆိုပေါ့။ ကိုယ်ရယူပိုင်ဆိုင်နိုင်စရာတွေ ရှိသလို စွန့်လွှတ်ပေးဆပ်ရတာတွေလည်း ရှိလာမှာပဲ။ ကိုယ့်ညီက အဘိဓာန်စာအုပ်တွေ ဘေးချပြီး ဘာသာ ပြန်ရင် ရမယ်ထင်လို့လား။ အဲဒီလောက်တော့ မလွယ် ဘူးကွ။ ခုခေတ်မှာ အင်္ဂလိပ်စာ အဓိကဘွဲ့ မဟုတ်ဘဲနဲ့ ဘွဲ့တစ်ခုရတဲ့အထိ တက္ကသိုလ်မှာ အင်္ဂလိပ်စာကို အခြေခံလောက်ပဲ သင်လာပြီး အဘိဓာန်အားကိုးနဲ့ ဘာသာပြန်ရင် ရနိုင်မယ်ထင်နေသူတွေ အများကြီး ရှိတယ်။ ဘာသာပြန်ရင် အဘိဓာန်လိုတာတော့ အသေ အချာပါပဲ။ လိုတာမှ အင်္ဂလိပ်-မြန်မာ အဘိဓာန်ဆိုရင် လည်း ရှိနိုင်သလောက်၊ မြန်မာ-အင်္ဂလိပ် အဘိဓာန်ဆို လည်း ရှိနိုင်သလောက်၊ အင်္ဂလိပ်-အင်္ဂလိပ် အဘိဓာန် တွေ၊ အင်္ဂလိပ်အတွဲစာလုံး အဘိဓာန်တွေ၊ အီဒီယန်တွေ၊ ကြိယာတွဲ အဘိဓာန်တွေ၊ မြန်မာလိုဆိုလည်း မြန်မာ အဘိဓာန်ရယ် စာလုံးပေါင်းသတ်ပုံကျမ်းရယ် အကြမ်း အားဖြင့် လိုတာပေါ့။ ဒါတွင်လားဆိုတော့ မကဘူးနော်။ ပါဠိဘာသာလည်း သိရမယ်။ အကြောင်းအရာတွေမှာ ပါဠိဘာသာ စကားလုံးတွေ ရောနေလို့ ပါဠိအဘိဓာန်တို့၊ ပါဠိ-အင်္ဂလိပ် အဘိဓာန်တို့လည်း လိုသေးတယ်။ ပါဠိကနေ မြန်မာက မွေးစားထားတဲ့ စကားလုံးတွေလည်း ရှိတယ်။ ရှေးစကားလုံးတွေ ရှိသေးတယ်။ ပေါရာဏ ဒီပနီလည်း လိုတယ်။ နေ့စဉ်သုံး စကားလုံးတွေလည်း ရှိတယ်။ အဲဒါတွေလည်း သိရမယ်။ ပျို့၊ ကဗျာ၊ လင်္ကာတွေလည်း တော်တော်တန်တန် တီးခေါက်မိထား ရမယ်။ ဒါတွေက ခုနေမှာ စိတ်ထဲ ပေါ်လာသလောက် ပြောလိုက်တာ။ တကယ်အလုပ်လုပ်တော့ လိုအပ် လာတာတွေ အများကြီး။ ယေဘုယျအနေနဲ့ ပြောရရင် ဒီမှီငြမ်းပြုစာအုပ်စာတမ်းတွေက ဘာသာပြန်သမား တစ်ယောက်ရဲ့ အလုပ်စားပွဲ လက်တစ်ကမ်းမှာ ရှိနေရမှာ။ ဒီထက်တိုးပြီးတော့ ကိုယ်ဘာသာပြန်မယ့် ဘာသာရပ်အလိုက် သက်ဆိုင်ရာဝေါဟာရတွေ မှီငြမ်းဖို့ အတွက် ဘာသာရပ်ဆိုင်ရာ ဝေါဟာရ အဘိဓာန် တွေလည်း လိုအပ်ပါတယ်။ ဒါ့အပြင်….”
“များလှချည်လားအစ်ကို…။ နည်းနည်းတောင် စိတ်ဓာတ်ကျချင်လာပြီ။”
“မပြီးသေးဘူး ကိုယ့်ညီ။ ဘာသာပြန်သမား ကောင်းတစ်ယောက်ဖြစ်ဖို့က မှတ်တတ်ဖို့လည်း လိုသေးတယ်။ စာလုံးတစ်လုံးဟာ ဘယ်ကဆင်းသက် လာတယ်။ ဘယ်ဘာသာစကားကို အခြေခံတယ်ဆိုတာ လည်း သိထားရတယ်။ ဘယ်ယုံကြည်ကိုးကွယ်မှုတရားက ဆင်းသက်လာတယ်ဆိုတာလည်း တော်တော်တန်တန် သိထားရမယ်။ ကိုယ့်နိုင်ငံက တိုင်းရင်းသားရေးရာတွေလည်း သိထားရမယ်။ ဒါကြောင့် အလုပ်လုပ်နေရင်း မှတ်စရာ တွေ့လာရင် မှတ်ဖို့ မှတ်စုစာအုပ်တစ်အုပ်ကလည်း ဘေးမှာ အဆင်သင့် ရှိရတယ်။”
ထိုလူငယ်က စာရေးသူကို ငေးကြည့်နေသည်။ ပြောစရာစကားပင် ရှာမတွေ့သလို ဖြစ်နေသည်။
“မှတ်စုစာအုပ်ဆိုတာက အဆန်းအပြားလေးတွေ၊ နည်းယူစရာလေးတွေတွေ့ရင် မှတ်ဖို့ပဲ။ ဒါပေမယ့် တစ်ခေါက် မှတ်ထားပြီး ပစ်ထားလို့တော့ မရဘူး။ ပြန်ပြီး ဖတ်ရ မှတ်ရတယ်။ အသစ်အသစ်တွေကို ရေးမှတ်ရင်း အဟောင်း အဟောင်းတွေကို ခေါင်းထဲရောက်အောင် သွင်းရတယ်။”
“ဒါဆို ဘယ်လိုဟာတွေ မှတ်နေရမှာလဲ အစ်ကို။”
“အကုန်လုံးပဲ ကိုယ့်ညီ။ ကိုယ့်ညီရဲ့ အသိပညာထဲမှာ မရှိသေးတာတွေ အကုန်စွဲနေအောင် မှတ်ရမှာ။ စိတ်မပျက် လိုက်နဲ့ဦး။ မှတ်တာကြာလာရင် အသစ်အသစ် မှတ်စရာ တွေကို မြင်တာနဲ့ စာအုပ်ထဲမှာတောင်ရေးစရာမလိုဘဲ ခေါင်းထဲရောက်သွားတော့တာ။ တမင်သက်သက်လည်း ကျက်မှတ်စရာမလိုဘဲ စွဲသွားပြီး မှတ်ထားတာနဲ့ ဆက်စပ် တဲ့ အကြောင်းအရာတွေကိုလည်း သုံးသပ်လိုက်မိတတ် တယ်။ အဲဒီသုံးသပ်မိလိုက်တာတွေကလည်း ကိုးဆယ် ရာခိုင်နှုန်းကျော် မှန်နေတတ်တယ်။ စိတ်ကိုနှစ်ပြီး လုပ်ကြည့်ပါကိုယ့်ညီ။ အဲဒီလိုပဲ ဖြစ်လာလိမ့်မယ်။ ပျော်စရာတောင် ကောင်းပါတယ်။”
“အဲဒီလိုမှတ်မှ ဘာသာပြန်တတ်မှာလား အစ်ကို။”
“ဒီလိုရှိတယ် ကိုယ့်ညီ။ ဥပမာ အင်္ဂလိပ်က မြန်မာ ဘာသာပြန်ချင်သူတစ်ယောက်ဟာ မြန်မာဝေါဟာရ ကြွယ်ဝနေဖို့ လိုသလို အင်္ဂလိပ်ဘာသာကိုလည်း အခြေခံ ထက် အဆင့်မြင့်မြင့် တတ်ထားမှရမယ်။ မြန်မာဝေါဟာရ ကြွယ်ဝနေဖို့ မြန်မာစာပေကို လေ့လာဆည်းပူးနေရမယ်။ ဒီလိုပဲ အင်္ဂလိပ်စာကိုလည်း လေ့လာနေရမယ်။ ဘာကိုမှ ရပ်ထားလို့မရဘူး။ ကျောင်းမှာ သင်ခဲ့တာတွေအပြင် ဘာသာရပ်နှစ်မျိုးစလုံးကို ဆရာနဲ့လည်းဆက်ပြီး သင်ယူရ မယ်။ ဘာသာပြန်ဆရာတွေ ရေးသားထားတဲ့ စာအုပ်တွေ ကိုလည်း ဖတ်ရမယ်။ မူရင်းဘာသာနဲ့ စာအုပ်ကို မဖတ်ဖူး ရင်တောင် ဘာသာပြန်စာအုပ်မှာ စာလုံးတွေ ဝေါဟာရတွေ ဘယ်လိုသုံးသွားသလဲဆိုတာ နည်းယူတတ်ရမယ်။ ဖတ်နေ ရင်းနဲ့ ထောင့်နေတဲ့ဝါကျတွေ့တဲ့အခါ ကိုယ်ဆိုရင် ဘယ်လို သုံးမလဲဆိုတာ တွေးကြည့်ရမယ်။”
“အစ်ကို့ဟာကလည်း ကြာလေမလွယ်လေပါလား။”
“လောကကြီးမှာ ဘယ်ဟာမှ မလွယ်သလို မလွယ်ပါ လားဆိုပြီး ထိုင်နေလို့လည်း မရဘူး ကိုယ့်ညီ။ ခြတောင်ပို့ များလို ကြိုးစားရတယ်။ ကိုယ့်ရဲ့အဆင့်ကို ကိုယ့်ဘာသာ မြှင့်ယူရတယ်။ ဘာသာပြန်ဖို့ ဝေါဟာရတွေ သိရုံနဲ့လည်း မလုံလောက်သေးဘူးလေ။ နာမည်တွေရဲ့ နောက်ခံ အကြောင်းတွေကိုလည်း လေ့လာထားရတယ်။ ဥပမာ မြို့တစ်မြို့ရဲ့နာမည်ကို ကိုယ်ထင်သလို ရေးလို့မရဘူး။ နောက်ခံအကြောင်းအရာတွေ ရှိတတ်တယ်။ ဘာလို့ ထင်သလို ရေးလို့မရတာလဲ၊ ပြင်လို့မရတာလဲ။ ဘာကြောင့် ပြင်ထားတာလဲ။ ဘယ်လိုပြင်ထားတာလဲ။ ဘယ်တုန်းက ပြင်လိုက်တာလဲ။ ဘယ်သူက ပြင်လိုက်တာလဲ။ ပြင်လိုက် တုန်းက ဘာတွေဖြစ်ခဲ့သလဲ စသဖြင့်ပေါ့ကွာ။ လေ့လာရင်းနဲ့ ပျော်စရာတောင် ကောင်းလာပါသေးတယ်။”
လူငယ်သည် ရယ်ကျဲကျဲဖြင့် စာရေးသူကို ကြည့်နေ သည်။ သူ့ကြည့်ရသည်မှာ တပ်ခေါက်နောက်ဆုတ်တော့မည့် ပုံပေါ်နေသည်။
“ပြီးတော့ အင်တာနက်က ဝီကီပီးဒီးယားကို အား တော့ကိုးနိုင်တယ်၊ ဒါပေမယ့် ပုံပြီးတော့ မယုံလိုက်နဲ့။ ယုံလိုက်လို့ အစ်ကိုကိုယ်တိုင် အမှားနဲ့ကြုံရဖူးတယ်။ ဒီတော့ ကိုယ်ဖြတ်သန်းလာသမျှမှာ ကိုယ်ပိုင်မှတ်စု ရှိရတယ်။ တစ်ဆင့်တက်ပြီး ကိုယ့်ရဲ့ရှေ့တစ်ခေတ်ကို အသေးစိတ် မှတ်သားသုတေသန လုပ်နေရတယ်။ သမိုင်းကွင်းဆက်ရ အောင်လို့ပေါ့။ ဒီလိုလုပ်တဲ့အတွက် ဘာသာပြန်ရင် အကျိုးကျေးဇူးခံစားရမှာပါ။ စိတ်တော့မပျက်နဲ့ကိုယ့်ညီ။ တချို့ကိစ္စတွေက တမင်မှတ်စရာ မလိုဘဲနဲ့တောင် မှတ်ပြီးသား ဖြစ်သွားတတ်တယ်။ ကိုယ့်ရဲ့စိတ်ပါဝင်စားမှု အတိုင်းအတာအပေါ်မှာ မူတည်တယ်။ အခု အစ်ကိုက ကိုယ့်ညီကို ခင်လွန်းလို့ သိထားတတ်ထားသမျှကို ရော့ အင့်ဆိုပြီးလည်း ပေးလို့မရဘူး။ ကိုယ့်ညီဦးနှောက်က ခံနိုင်မှာမဟုတ်ဘူးလေ။ အချိန်ယူပြီး တစိမ့်စိမ့် မှတ်သား လာမှ ပိုပြီးစွဲမြဲတာ။”
“ဒါကြောင့် အစ်ကိုက ဘာသာပြန်သမားဖြစ်ဖို့ တစ်သက်လုံး အချိန်ယူရမယ် ပြောတာကိုး။ အစ်ကိုတို့ စာတစ်ကြောင်း ဘာသာပြန်ဖို့ကို ရင်းနှီးရတာလည်း များလိုက်တာနော်။”
“ဒါတွင်မကသေးဘူး ကိုယ့်ညီ။ ပြောလက်စနဲ့ ပြောရဦးမယ်။ တို့တွေဘဝက နိုင်ငံရေး၊ စစ်ရေး၊ ပထဝီ၊ သိပ္ပံ၊ ရူပ၊ ဓာတု၊ သစ်တော၊ ဆေးပညာ၊ အစုံအစုံ သိနိုင်သလောက် တတ်နိုင်သလောက် လေ့လာရတယ်။ အကုန်လုံးကို တီးမိ ခေါက်မိအောင် တတ်ထားသိထား ရတယ်။ ဘယ်ဟာဆို ဘယ်နေရာမှာ ရှာရမယ်ဆိုတာ၊ ဘယ်သူ့ကို မေးလိုက်ရင် ရမယ်ဆိုတာကိုလည်း သိထား ရတယ်။”
“အစ်ကိုတို့ တစ်နေ့တစ်နေ့ စာတွေဖတ်နေရတော့ မှာ ပေါ့နော်။”
“ဖတ်နိုင်သရွေ့တော့ ဖတ်ရတယ်ကိုယ့်ညီ။ လူ တော်တော်များများ ပြောနေကြတဲ့ အပျော်ဖတ်စာပေ ဆိုတဲ့ အချစ်ဝတ္ထုတွေတောင်မှ ကိုယ်က ယူတတ်ရင် သူတို့ဆီက ဗဟုသုတအသစ်တွေ ရနိုင်သေးတယ်လေ။ ရှာတတ်ယူတတ်ဖို့ပဲလိုတာ။ ဘာသာရပ်တွေကို နက်နက် နဲနဲ လေ့လာလေလေ ကိုယ့်အတွက် ပညာရလေပဲပေါ့။”
“ဟုတ်တယ်နော် အစ်ကို။ တစ်ယောက်နဲ့ တစ်ယောက် ဗဟုသုတချင်း ဘယ်တူနိုင်ပါ့မလဲ။ သူသိ တာ ကိုယ်မသိတာ ရှိနိုင်တာပဲ။”
“ဒါပေါ့ ကိုယ့်ညီ။ လူတစ်ယောက်ချင်းစီမှာ အရည် အချင်းတွေ တူညီမနေဘူးလေ။ ဘဝကို ဖြတ်သန်းပုံချင်းမှ မတူကြတာကိုး။”
“ဒါဖြင့်အစ်ကို။ အလုပ်လုပ်လို့ ရလောက်တဲ့ ဘာသာပြန်သမားတစ်ယောက်ဖြစ်ဖို့ အနည်းဆုံး အချိန် ဘယ်လောက်ယူရမလဲအစ်ကို။”
“ဆရာနဲ့လည်း တွဲလုပ်နေရမယ်။ ဆရာရဲ့ ကြီးကြပ်မှု၊ သင်ကြားမှုအောက်မှာလည်း လုပ်ရမယ်။ ကိုယ်တိုင်လည်း အသိပညာအခံလေးရှိနေရမယ်။ အဲဒါကို ဆင့်ပွားလေ့လာမှုလည်း ရှိရမယ်။ မှတ်သား တတ်မှုလည်း ရှိရမယ်။ အဓိကကတော့ မဆုတ်မနစ် အလုပ်လုပ်ချင်စိတ် ရှိရမယ်။ အဲဒီလို အချက်တွေ ပြည့်စုံရင်တော့ သုံးနှစ်လောက်အတွင်း ဘာသာပြန် သမားတစ်ယောက်တော့ ဖြစ်လာနိုင်ပါတယ်။ ဘာသာ ပြန်သမားလို့ အစ်ကို ပြောပါတယ်နော်။ ဘာသာပြန် သမားကောင်းလို့တော့ မပြောပါဘူး။ အဲဒီအဆင့်ကို ရောက်ချင်ရင်တော့ အတွေ့အကြုံတွေကိုစုပြီး သမ္ဘာရှိ အောင် ဆက်ကြိုးစားရလိမ့်မယ်။ ထမင်းရှာစားလို့ ရရုံလောက်ကတော့ လွယ်ပါတယ်။ ပညာသည်၊ ပညာ ရှင်ဖြစ်ဖို့က တစ်သက်လုံး ဆက်ကြိုးစားရမှာ။ စိန်ခေါ်မှု တွေကို ကျော်လွှားနေရမှာပဲ ကိုယ့်ညီ။ ဘယ့်နှယ်လဲ။ ဘာသာပြန်သမားဖြစ်ဖို့ စိတ်ပျက်သွားပြီလား။”
“စိတ်တော့ မပျက်ဘူးအစ်ကို။ ကိုယ့်ဘာသာ တော်တော်ကြိုးစားရမယ်လို့ပဲ စိတ်ထဲ ဖြစ်မိတယ်။”
“တို့ပုထုဇဉ် လူသာမန်တွေဟာ မွေးကတည်းက တော့ ဘယ်သူမှ အတတ်ပညာ ပါမလာကြဘူး ကိုယ့်ညီ။ လူ့သက်တမ်းတိုတိုလေးမှာ ပညာကို လက်ယက်တွင်း များလို စုဆောင်းနိုင်သမျှ စုဆောင်းရတာပဲ။ ကိုယ့်ညီ လည်း ဇွဲမလျှော့ဘဲ ကြိုးစားရင် ဖြစ်ရမှာပေါ့။”
“ဟုတ်ကဲ့အစ်ကို။ ကျွန်တော်ကြိုးစားပါ့မယ်။ ကျွန်တော့်ကို သင်လည်းသင်ပေးပါ။”
“ဟေ….ကိုယ့်ညီက အစ်ကို့ဆီမှာ ဘာသာပြန် သင်တန်းလာတက်မလို့လား။ အေး… ကောင်းကွာ….။”
စာရေးသူအနေဖြင့် ကိုယ်သိသလောက်လေး ပြောပြလမ်းညွှန်မိလိုက်သည့်အတွက် ငြင်းမရသည့် တပည့်တစ်ယောက်ကို မမျှော်လင့်ဘဲ ကောက်ရလိုက်ပါ တော့သည်။ ။
- Log in to post comments