အယ်ဒီတာ့အာဘော်
===========
သင်္ဂဟတရားပွားစီးဝေဆာမင်္ဂလာ
====================
မြန်မာနိုင်ငံသည် ရှေးအစဉ်အဆက်ကတည်းက ဘာသာတရား အဆုံးအမနှင့်အညီ ယဉ်ကျေးမှုအစဉ်အလာ မြင့်မားသောနိုင်ငံဖြစ်သည်။ မြတ်စွာဘုရားရှင် ဟောကြားညွှန်ပြတော်မူသော (၃၈) ဖြာ မင်္ဂလာတရားတော် တွင် ပါရှိသည့်အတိုင်း လိုက်နာကျင့်သုံးနေထိုင်ခဲ့ကြသည့်အပြင် သင်္ဂဟ တရား လေးပါးနှင့် ညီညွတ်သော ချီးမြှင့်ထောက်ပံ့စောင့်ရှောက်ကြသည့် မင်္ဂလာအမှုများပြုကြသဖြင့် နှစ်လိုဖွယ်ရာကောင်းသည့်နိုင်ငံ ဖြစ်သည်။
သူတစ်ပါးအား ချီးမြှင့်ခြင်းကို “သင်္ဂဟ” ဟု ခေါ်ပါသည်။ ဤသင်္ဂဟ တရားထွန်းကားမှသာ လောကကြီးသည် သာယာငြိမ်းချမ်းမည်။ အခြေအနေ အားလျော်စွာ သင်္ဂဟတရားတို့ကို ကျင့်သုံးသောပုဂ္ဂိုလ်တို့သည် ကြီးပွား ချမ်းသာကြသည်။ တစ်ဦးနှင့်တစ်ဦး ဆက်ဆံကြရာတွင် ဤသင်္ဂဟ တရားများသည် အလွန်အရေးကြီးသောတရားများ ဖြစ်ကြပါသည်။ ကျင့်သုံး အပ်သော သင်္ဂဟတရားတွင် ပါဠိအားဖြင့် ဒါန၊ ပေယျဝဇ္ဇ၊ အတ္ထစရိယာ၊ သမာနတ္တာဟူ၍ လေးပါး ရှိပါသည်။
မြန်မာမင်းအစိုးရတို့က ရှေးအစဉ်အဆက် အစဉ်အလာမပျက်ဘဲ နိုင်ငံတော်အတွက် ဘာသာသာသနာ၊ လူမျိုးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်း အားထုတ် ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား သင်္ဂဟတရား ချီးမြှင့်ခြင်း အဖြစ် ဆောင်ရွက်ပေးလေ့ရှိပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့် အချိန်မှစတင်၍ သင်္ဂဟချီးမြှင့်ထိုက်သူတို့ကို နိုင်ငံအတွက် ထူးမြတ်သည့် မင်္ဂလာအခါဖြစ်သည့် နှစ်စဉ် လွတ်လပ်ရေးနေ့အခါသမယတွင် ဘွဲ့ထူး ဂုဏ်ထူး ချီးမြှင့်ခြင်းအမှုတို့ကို ပြုလုပ်ကြပါသည်။
လွတ်လပ်ရေးနေ့အခါသမယတွင် ဘာသာသာသနာရေး၊ လူမှုရေးဘက် တို့တွင် စွမ်းစွမ်းတမံကြိုးပမ်းအားထုတ်ကြသော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် များ၊ နိုင်ငံတော်အတွက် မိမိအသက်နှင့် ခန္ဓာကိုယ်ကို ပဓာနမထားဘဲ ကြံ့ခိုင်သည့်စိတ်ဓာတ်၊ စံတင်ထိုက်သည့်စွမ်းရည်၊ ဂုဏ်ယူထိုက်သည့် စွန့်စားခြင်းမျိုးဖြင့် ထူးထူးချွန်ချွန်ဆောင်ရွက်ခဲ့ကြသော ဂုဏ်ပြုသင့် ဂုဏ်ပြုထိုက်သူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ကို နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ဂုဏ်ပြုချီးမြှင့်အပ်နှင်းပေးခဲ့သည်မှာ မုဒိတာပွားစရာ၊ အတုယူဖွယ်ရာ၊ ဝမ်းမြောက်စရာ ဖြစ်သည်။
ထူးမြတ်သည့် လွတ်လပ်ရေးနေ့အခါသမယတွင် မြန်မာနိုင်ငံ သာသနာတော် ထွန်းလင်းတောက်ပနေသည်ကိုလည်းကောင်း၊ ဒါန-ပေးကမ်းထောက်ပံ့ချီးမြှင့်မှုများ၊ ပေယျဝဇ္ဇ-ချစ်ဖွယ်စကားပြောဆိုခြင်းဖြင့် ချီးမြှင့်မှုများ၊ အတ္ထစရိယာ-သူ့အကျိုး ပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်း ဖြင့် ချီးမြှောက်မှုများ၊ သမာနတ္တာ - ကိုယ်နှင့်ထပ်တူ ပြုမူဆက်ဆံခြင်းအားဖြင့် ချီးမြှင့်မှုများကို တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး၌ လွှမ်းခြုံဖြစ်ပေါ် ထွန်းတောက်မှုများကိုလည်းကောင်း ဝမ်းမြောက်ဖွယ်မြင်တွေ့ရသည်မှာ အလွန်ကျက်သရေမင်္ဂလာရှိသော နိုင်ငံတော်ကြီးအဖြစ် တင့်တယ်လှပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအား တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်လာ စေရန် ရည်မှန်းထားပြီး ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံတွင် ဝိုင်းဝန်းတည်ဆောက် နေသောအချိန်တွင် နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးတာဝန်များတွင် မဆုတ် မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားစွာဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ မိမိတို့၏ အသက်၊ ခန္ဓာ၊ ကိုယ်ကျိုးတို့ကို မငဲ့ကွက်ဘဲ ရဲဝံ့ စွန့်စားစွာ ကြိုးပမ်းထမ်းဆောင်ခဲ့ကြသော ပုဂ္ဂိုလ်များအား သင်္ဂဟတရားနှင့် အညီ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှောက်ထိုက်ပေသည်။
၂၀၂၁ ခုနှစ် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ နယ်ပယ်စုံ၊ ကဏ္ဍစုံတွင် အများတကာထက် ထူးကဲသာလွန်စွာ စွန့်လွှတ်စွန့်စား စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များအား အမြင့်ဆုံးသော ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ၊ ဂုဏ်ထူးဆောင် လက်မှတ်များကို နိုင်ငံတော်အစိုးရက ချီးမြှင့်အပ်နှင်းပေးအပ်ခြင်းသည် သင်္ဂဟတရား၊ မင်္ဂလာတရားနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ရာ သက်ဆိုင်ရာ ပုဂ္ဂိုလ်များအတွက်သာမက ဆိုင်ရာလူမှုပတ်ဝန်းကျင်နှင့် နိုင်ငံတော်အတွက် ပါ ဂုဏ်ယူဝမ်းမြောက်စရာဖြစ်သည်။
သို့ဖြစ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ထူးမြတ်သည့် လွတ်လပ်ရေးနေ့အခါသမယတွင် မြန်မာနိုင်ငံ၏ ရှေးအစဉ်အလာမပျက် ဆောင်ရွက်ခဲ့သည့် သင်္ဂဟတရား၊ မင်္ဂလာတရားနှင့်ညီညွတ်သော ဂုဏ်ပြု ချီးမြှင့်ထိုက်သူများအား ဂုဏ်ပြုချီးမြှောက်နိုင်သောကြောင့် ဂုဏ်ပြုချီးမြှင့်ခံရ သည့် ပုဂ္ဂိုလ်တို့တွင်လည်းကောင်း၊ လူမှုအသိုက်အဝန်း ဝန်းကျင်လောက တွင်လည်းကောင်း၊ တိုင်းပြည်နိုင်ငံတစ်ဝန်းတွင်လည်းကောင်း ကောင်းကျိုး ချမ်းသာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံမည် ဖြစ်ပါကြောင်း။ ။