မျိုးဆက်သစ်များကို ပျိုးထောင်မြှင့်တင်

အယ်ဒီတာ့အာဘော်

============

 

မျိုးဆက်သစ်များကို ပျိုးထောင်မြှင့်တင်

=======================

 

မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက် (၂၀၂၀-၂၀၂၄) စာအုပ် မိတ်ဆက်ခြင်းအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်တွင် အွန်လိုင်းဖြင့် ကျင်းပခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဗီဒီယိုဖြင့် သတင်းစကားပါးခဲ့သည်။ တစ်ဆက်တည်းတွင် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးအတွက် လူငယ်ရေးရာကော်မတီဝင်များ အွန်လိုင်းစနစ်ဖြင့် ညှိနှိုင်းဆွေးနွေးနေကြသည်။

 

လူငယ်ဟူသည် နိုင်ငံအတွက်အရေးပါသော သားကောင်းရတနာများ ဖြစ်သည်။ ထို့ကြောင့် လူငယ်များအား ပြုစုပျိုးထောင်မြေတောင်မြှောက်ပေးကြသည်။ ပြုစုပျိုးထောင်ပေးနိုင်ခြင်း၊ မပေးနိုင်ခြင်းအပေါ်မူတည်၍ လူငယ်များသည် အနာဂတ်အတွက် ကောင်းမွေ၊ ဆိုးမွေတို့ကို ဖန်တီးပေးနိုင် သည်။ ကမ္ဘာပေါ်တွင် လူဦးရေစုစုပေါင်း၏ ၁၈ ရာခိုင်နှုန်းမှာ လူငယ်လူရွယ် များဖြစ်ပြီး မြန်မာနိုင်ငံတွင် လူဦးရေ၏သုံးပုံတစ်ပုံမှာ လူငယ်များဖြစ်သည်။ လူငယ်များသည် မကုန်ခန်းနိုင်သော အရင်းအမြစ်များဖြစ်၍ လူငယ်များအား ပြုစုပျိုးထောင်ခြင်းသည် အနာဂတ်နိုင်ငံအတွက် ရင်းနှီးမြှုပ်နှံပေးခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော်နိုင်ရန် လူငယ်များ၏ စွမ်းရည်မြှင့်တင်ရေးနှင့် ပါဝင်မှုအခန်းကဏ္ဍ မြင့်မားရေးအတွက် လူငယ်များ ကိုယ်တိုင် ပါဝင်ရေးဆွဲထားသော လူငယ်ရေးရာမူဝါဒကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် အတည်ပြုပြဋ္ဌာန်းထားသည်။ ထို့နောက် လူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို မိတ်ဆက်ပြီးနောက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းကို ရေးဆွဲနေကြပြီဖြစ်သည်။

 

မျက်မှောက်ကာလတွင် လူငယ်လူရွယ်များသာမက ကလေးသူငယ်များ ၏ ဘဝများသည်လည်း အရေးကြီးသော အချိန်အခါသို့ရောက်ရှိနေသည်။ ခေတ်ကာလ၏ ပြောင်းလဲဖြစ်ပေါ်လာမှုအခြေအနေများ၊ လူမှုဘဝနယ်ပယ် အလိုက် ကြီးမားသည့်စိန်ခေါ်မှုများကြောင့် ကလေးသူငယ်၊ လူငယ်လူရွယ် များအား ကာကွယ်စောင့်ရှောက် ပျိုးထောင်မြေတောင်မြှောက်ရေးကို အထူးဦးစားပေး ဆောင်ရွက်ပေးရမည့်အချိန်ဖြစ်သည်။ လူငယ်ရေးရာ မူဝါဒတွင် ပညာရေးကဏ္ဍသည် အဓိကကျသဖြင့် ပညာကိုအခြေခံသည့် လူငယ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာအောင် ဖန်တီးပေးရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် အနာဂတ်စွမ်းအားစုများသည် ကလေးသူငယ်၊ လူငယ်လူရွယ်များဖြစ်သည်။၎င်းတို့အတွက် အမျိုးသားပညာ ရေးစီမံကိန်းကို ရေးဆွဲချမှတ်ရာတွင် ထိခိုက်လွယ်သည့်အုပ်စုများ မကျန် အောင် ရေးဆွဲရေးသည် အရေးကြီးသည်။ မသန်စွမ်းကလေးသူငယ်လူငယ်များ၊ ရွှေ့ပြောင်း လုပ်သားလူငယ်များ၊ သဘာဝဘေးနှင့်ပဋိပက္ခအန္တရာယ်များကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေသူများ၊ မတူကွဲပြားသည့် လိင်စိတ် ကိုင်းညွတ်မှုနှင့် လိင်ဝိသေသခံယူမှုရှိသည့် လူငယ်များ၊ တိုင်းရင်းသား မျိုးနွယ်စုများနှင့် ဝေးလံဒေသမှ လူငယ်များ၊ လူကုန်ကူးခံရသူများ၊ မူးယစ် ဆေးဝါးစွဲနေသောလူငယ်များနှင့် ဆေးဖြတ်ပြီးသူလူငယ်များ၊ လေလွင့် လူငယ်များ၊ ဆင်းရဲပင်ပန်းရုန်းကန်နေကြရသောလူငယ်များ၊ ခုခံအားကျဆင်း မှုရောဂါ ခံစားနေရသောလူငယ်များ၊ လိင်လုပ်သား လူငယ်များ၊ သက်ငယ် မုဒိမ်းမှုကျူးလွန်ခြင်းခံရသူများသည် အရေးကြီးသောအုပ်စုများဖြစ်သည်။

အဆိုပါ လူငယ်အုပ်စုများကို ထည့်သွင်းစဉ်းစားကာ အရည်အသွေး ပြည့်ဝပြီး လိုအပ်သောကျွမ်းကျင်မှုများ ရရှိနိုင်စေရန် အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ သင်ကြားပေးမှုများ၊ လုပ်သားဈေးကွက် လိုအပ်ချက်များ အပေါ်မူတည်၍ လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အစီအစဉ်များကို ကျေးလက်ဒေသများအထိ ခရီးရောက်နိုင်ရေးနှင့် ပညာသင်ယူမှုအခွင့်အလမ်းနည်းပါးသော ကလေးသူငယ်များအတွက် ကျောင်းပြင်ပပညာနှင့် တစ်သက်တာပညာရေးအစီအမံများကို ဆက်စပ် ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ လူငယ်ရေးရာကော်မတီဝင်များ လက်တွဲ ပူးပေါင်းဆောင် ရွက်နေကြသည်မှာ အားတက်စရာဖြစ်သည်။

 

သို့ဖြစ်ရာ ကလေးသူငယ်၊ လူငယ်လူရွယ်များသည် အနာဂတ်နိုင်ငံ အတွက် အရေးပါသော အရင်းအနှီးများဖြစ်သည်။ ကလေးသူငယ် လူငယ် လူရွယ်များနှင့်သက်ဆိုင်သည့် မဟာဗျူဟာစီမံကိန်းများကို သက်ဆိုင်ရာ ဌာနများ၊ ဆက်နွှယ်အဖွဲ့အစည်းများ ပူးပေါင်းလက်တွဲပြီး လက်တွေ့ကျကျ အကောင်အထည်ဖော်နေပြီဖြစ်ရာ နိုင်ငံအနာဂတ်ကို ပုံဖော်ထုဆစ်ကြမည့် ကလေးသူငယ်၊ လူငယ်လူရွယ် ဖွံ့ဖြိုးရေးကို တိုင်းပြည်၏အမျိုးသားရေးဟု ခံယူပြီး ဝိုင်းဝန်းလက်တွဲ အကောင်အထည်ဖော်ကြရမည် ဖြစ်ပါ ကြောင်း။ ။