
သိပ္ပံစာရေးဆရာကိုကိုအောင်
မြန်မာ့စက်မှုသိပ္ပံ၏ မိခင်ဟုခေါ်ဆိုထိုက်သော သုံးဆယ် မြို့မှ ဒေါ်ဖွားရှင်သည် လက်တွေ့လုပ်ငန်းများကို အခြေခံ လျက် နိုင်ငံရပ်ခြားမှ စက်မှုသိပ္ပံမဂ္ဂဇင်းများ၊ ဆေးကျမ်း များနှင့် ညှိနှိုင်းကိုးကားကာ မြန်မာ့အကျိုးစီးပွား အမည်ဖြင့် အတွဲသုံးတွဲပါ စက်မှုကုန်ထုတ်ရေးကျမ်း တစ်စောင်ကို ၁၉၁၂ ခုနှစ်တွင် စတင်ပြုစုထုတ်ဝေခဲ့ သည်။ အဆိုပါကျမ်းတွင် ရေမွှေးအမျိုးမျိုး၊ ဓာတ်ခဲ၊ လျှပ်စစ်ဓာတ်မီးအိုး (ဘက်ထရီ)၊ မင်သော်၊ ပရုတ်၊ ခေါင်းလိမ်းဆီမွှေးများ၊ အောက်လင်းဓာတ်မီး မီးစာ၊ သံဖြူဂဟေ၊ ဆီခဲ၊ သစ်သီးယို၊ သကြားလုံး၊ ဘိလပ်ရည် ဖျော်ရည် စသည့်ပစ္စည်းများ၏ ထုတ်လုပ်မှုနည်းစနစ်များ အပြင် ရွှေရည်ငွေရည်စိမ်နည်း၊ သတ္တုရောစပ်ကျိုချက် နည်း၊ ဓာတ်ပုံရိုက်နည်း၊ ကြွေပန်းကန်ပြုလုပ်နည်း၊ မီးသတ်လက်နက်များ ပြုလုပ်နည်း၊ အဝတ်အထည် ဆိုးဆေး ပြုလုပ်နည်းစသည့် စက်မှုလက်မှုနည်းပညာ များကို စကားပြောသက်သက်ဖြင့် ရှင်းလင်းလွယ်ကူစွာ ရေးသားခဲ့သည်။
သိပ္ပံကျမ်းစာများ အပြိုင်ပေါ်ထွက်လာ
ဒေါ်ဖွားရှင်၏ကျမ်းနှင့် မရှေးမနှောင်းဆိုသလိုပင် ၁၉၁၂ ခုနှစ်က တစ်ပြိုင်တည်း ထွက်ပေါ်လာသောကျမ်းမှာ ဆရာသင်ပြုစုသည့် လောကီသုံးပုံ ဓာတ်မျိုးစုံအမည်ရှိ ဓာတုဗေဒကျမ်းဖြစ်ပြီး ထိုကျမ်းတွင် မင်းတုန်းမင်း လက်ထက်က ဦးဘိုးလှိုင်နှင့်ဦးရွှေအိုးတို့ ၁၈၆၈ ခုနှစ်က ပြုစုထားခဲ့သော လောကဓာတ်ဆေးကျမ်းကြီးကို ရုပ်ပုံ များဖြင့် ဖြည့်စွက်၍ ပိုမိုနားလည်သဘောပေါက် လွယ်ကူရှင်းလင်းအောင် ပြန်လည်ဖော်ပြထားသည်။ အဓိကအကြောင်းအရာနှင့် စာသားများမှာ ဦးဘိုးလှိုင်နှင့် ဦးရွှေအိုးတို့၏ လောကဓာတ် ဆေးကျမ်းကြီးအတိုင်းဖြစ် ပြီး အချို့နေရာများတွင်သာ ဆရာသင်၏ ရှင်းလင်း ဖော်ပြချက်ကလေးများဖြင့် ဖြည့်စွက်ထားသည်။
ဆရာသင်က ဓာတုဗေဒပစ္စည်းအမျိုးမျိုး၏ အခေါ် အဝေါ်များကို ဦးဘိုးလှိုင်နှင့်ဦးရွှေအိုးတို့ကဲ့သို့ ပါဠိဘာသာ ဖြင့်မဖော်ပြဘဲ မြန်မာဘာသာဖြင့် ရိုးရှင်းစွာဖော်ပြထား ခြင်း ဖြစ်သည်။ ဆရာသင်က အင်တိုမိုနီကို ခနောက်စိမ်း၊ ဘစ်စမားကို ကြွပ်ဓာတ်၊ အာဆင်းနစ်ကို စိန်ဓာတ်၊ ဘရို မင်းကို ငွေဆားရည်၊ ကလိုရင်းကို ကျောက်ပုလဲအငွေ့ ဓာတ်၊ ဖလူအိုရင်းကို မြေဖြူခိုးဓာတ်၊ ဟိုက်ဒရိုဂျင်ကို အာပေါဓာတ်၊ အိုင်အိုဒင်းကို ကျောက်ညှိပြာဆားဓာတ်၊ နီကယ်ကို ဒန်ရှင်ဖြူဓာတ်၊ ပိုတက်ဆီယမ်ကို ရုက္ခမူဆား သတ္တုဓာတ်၊ နိုက်ထရိုဂျင်ကို ယမ်းစိမ်းဓာတ်၊ ပလက်တီနမ် ကို ရွှေဖြူ၊ အမိုနီယားကို ဇဝက်သာ၊ ဘိုရက်ကို လက်ချား စသည်ဖြင့် ပြန်ဆိုထားသည်။ ဓာတ်သတ္တုပစ္စည်းတို့၏ အရည်ပျော်မှတ် အပူချိန်ဒီဂရီများကိုလည်း ထည့်သွင်း ဖော်ပြထားသည်။ ဆရာသင်၏ လောကီသုံးပုံဓာတ်မျိုးစုံကျမ်းတွင် နောက်ဆက်တွဲအဖြစ် သတ္တုစပ်နည်း အမျိုးမျိုး၊ နှင်းဆီ၊ စံပယ်စသည့် ပန်းရနံ့ အမွှေးရည် ထုတ်လုပ်နည်း၊ ဆပ်ပြာချက်လုပ်နည်း၊ ရွှေရည်ငွေရည်စိမ် နည်း၊ ယမ်းရည်နိုက်ထရစ်အက်စစ် ပြုလုပ်နည်း၊ ထင်းရှူး ဆီချက်နည်း၊ ပြဒါးသန့်စင်နည်းစသည်ဖြင့် ဖော်နည်း ပေါင်း ၄၉ နည်းကို ဖော်ပြထားသဖြင့် စာဖတ်သူတို့အတွက် ပို၍အသုံးဝင်စေသည်။ ထို့ပြင် ဆရာသင်က ၁၉၁၇ ခုနှစ် တွင် လောကဓာတ်ပညာ အမေးအဖြေ ဟူသော အမည် ဖြင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဓာတုဗေဒဘာသာရပ်၏ အခြေခံအချို့ကို ဖော်ပြသော စာအုပ်တစ်အုပ်ကိုလည်း ထုတ်ဝေခဲ့သည်။
လျှပ်စစ်ဓာတ်နှင့်စပ်လျဉ်း၍ ၁၉၁၆ ခုနှစ်က လက်တွေ့ကျသော လျှပ်စစ်ဓာတ်ပညာ စာအုပ်တစ်အုပ် ပေါ်ထွန်းခဲ့သည်။ ထိုကျမ်းကိုပြုစုသူမှာ သိပ္ပံဘဏ်တိုက် ကြီးမဂ္ဂဇင်းကို ထုတ်ဝေသူ ဆရာဇံဖြစ်ပြီး ၎င်းပိုင် သုံးဆယ်မြို့ စကြဝဠာလျှပ်စစ်ပုံနှိပ်တိုက်မှ ပုံနှိပ်ထုတ်ဝေ ခဲ့သည်။ ထိုကျမ်းစာအုပ်မှာ စာမျက်နှာ ၃၅၀ ရှိပြီး အခန်းခုနစ်ခန်းခွဲကာ လျှပ်စစ်ဘက်ထရီအိုးများ ပြုလုပ်ပုံ၊ လျှပ်စစ်မီးထွန်းပုံ၊ ဒိုင်နမိုမော်တာများ ပြုလုပ်ပုံစသော လက်တွေ့ပြုလုပ်နိုင်သည့် အတတ်ပညာများကို ဖော်ပြ ထားသည်။
ကိုလိုနီခေတ်၌ နိုင်ငံခြားဖြစ်များ တွင်ကျယ်နေ
ကိုလိုနီခေတ်လယ် ၁၉၃၀ ပြည့်နှစ်ဝန်းကျင်တွင် မြန်မာလူမျိုးတို့မှာ ပြည်ပမှဝင်ရောက်လာသော စားကုန်၊ ဝတ်ကုန်နှင့် သုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကို ခုံခုံမင်မင် ဝယ်ယူသုံးစွဲနေကြပြီ ဖြစ်သည်။ လူထုစီးပွားရေးက အဆင်မပြေ ကျပ်တည်းနေသော်လည်း နိုင်ငံခြားဖြစ် ခေါင်းလိမ်းဆီမွှေး၊ ရေမွှေး၊ ပေါင်ဒါ၊ ဆပ်ပြာစသည့် အလှကုန် ပစ္စည်းများမှာ အရောင်းရတွင်ကျယ်လျက် ရှိနေခဲ့သည်။ ထိုသုံးကုန်ပစ္စည်းအမျိုးမျိုးကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ပါက အလွန်အကျိုးဖြစ်ထွန်းမည်ဟု ရှုမြင်လျက် အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းငယ်များကို ထူထောင်ကြစေရန် အားပေးတိုက်တွန်းသော လက်မှု ပညာ လက်တွေ့လုပ်နည်းစာအုပ်ကို ဆရာကိုဘခိုင်က ၁၉၂၉ ခုနှစ်တွင် ရေးသား ထုတ်ဝေခဲ့ပြန်သည်။ ထိုစာအုပ် တွင် ရွှေရည်ငွေရည်စိမ်နည်း၊ ဒန်ရောင်တင်နည်း၊ ကြေးပွတ် ဆေးဖော်နည်း၊ ငွေတု ရွှေတု စပ်နည်း၊ သုံးပြီး ဓာတ်ခဲကို ဓာတ်အားပြန်သွင်းနည်း၊ မီးပန်းရောင်စုံ လုပ်နည်း၊ ခေါင်းလိမ်းဆီမွှေး အမျိုးမျိုး ပြုလုပ်နည်း၊ မျက်နှာချေ ပေါင်ဒါပြုလုပ်နည်း၊ ဆပ်ပြာအမျိုးမျိုးချက် လုပ်နည်း၊ အလှဆီထုတ်လုပ်နည်း၊ ဟေဇလင်စနိုး ထုတ်လုပ်နည်း၊ သတ္တုသုတ်ဆေး၊ သင်္ဘောဆေးအမျိုးမျိုး ပြုလုပ်နည်း၊ မင်အမျိုးမျိုးပြုလုပ်နည်း စသည်တို့ကိုဖော်ပြ ထားခဲ့သည်။ နေ့စဉ်သုံးပစ္စည်းများ ထုတ်လုပ်ပုံအကြောင်း ရေးသားပြုစုထားခြင်းဖြစ်၍ အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းငယ်များ တည်ထောင်လိုသူတို့အတွက် အလွန် အသုံးဝင်သည့် စာအုပ်ဖြစ်သည်။
ထို့ပြင် ငှက်ပျောခွံမှ ဖိနပ်တိုက်ဆေးနှင့် မင်ထုတ်လုပ်ပုံ၊ ဆီးဖြူ၊ ရှား၊ ထနောင်းတို့မှ သစ်စေးကော် ထုတ်ပုံ စသည်တို့ကိုဖော်ပြလျက် စက်မှုလုပ်ငန်းတစ်ရပ် တည်ထောင်မည်ဆိုပါက ရင်းနှီးရမည့် ကုန်ကျစရိတ် ခန့်မှန်းခြေ၊ ကျွမ်းကျင်ပညာရှင်နှင့် အခြားလိုအပ်ချက် များတို့ကိုပါ တွက်ချက်တင်ပြထားသည့် စီးပွားရေးလက်စွဲ စာအုပ်တစ်အုပ်လည်း ပေါ်ထွက်ခဲ့သေးသည်။ အလားတူ ပင် ၁၉၃၅ ခုနှစ်နောက်ပိုင်းတွင် အင်ဂျင်နီယာလက်စွဲ စာအုပ်၊ ဆရာဝန် ဦးဘသောင်း ပြုစုသော ထုံနံ့သာခေါ် အလှကုန်ပစ္စည်း ပြုလုပ်နည်းစာအုပ်နှင့် လှကေသာ ခေါ် ဆံသသုံးပစ္စည်း အမျိုးမျိုး ထုတ်လုပ်နည်းစာအုပ်များ လည်း ပေါ်ထွက်ခဲ့သည်။
လစဉ်ထုတ်မဂ္ဂဇင်းများတွင်ပါ ရေးသားခဲ့
စက်မှုကုန်ထုတ်ရေးကို အားပေးသော ရေးသား ဖော်ပြချက်များသည် လုံးချင်းကျမ်းများအဖြစ်ဖြင့် သာမက လစဉ်ထုတ်မဂ္ဂဇင်းများတွင်လည်း ပါရှိခဲ့သည်။ ၁၉၁၂ ခုနှစ် ဇန်နဝါရီလမှစ၍ ဦးရွှေကြူး ကြီးကြပ် ထုတ်ဝေသော မြန်မာ့အလင်းမဂ္ဂဇင်းသည် စက်မှုသိပ္ပံ မဂ္ဂဇင်းမဟုတ်စေကာမူ သိပ္ပံပညာ အကြောင်းအရာများ ဖြစ်သော အလင်းအကြောင်း၊ လောကဓာတ်ပညာ အကြောင်းများကို ထည့်သွင်းဖော်ပြထားခဲ့သည်။ နောက်ပိုင်းတွင် ရူပဒီပနီကျမ်းဟူသော ခေါင်းစဉ်ဖြင့် အခန်းဆက်ဖော်ပြကာ အင်္ဂလိပ်ဘာသာဖြင့် ပြုစုထား သော ဂဲနော့၏ရူပဗေဒကျမ်းကို အခြေခံ၍ မြန်မာ့ သိပ္ပံပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာဦးရွှေဇံအောင်က ဘာသာပြန်ဆို ဖော်ပြခဲ့ခြင်းဖြစ်သည်။ ရေနွေးငွေ့ အင်ဂျင်စက်များအကြောင်း၊ အပူအကြောင်း၊ မော်လီကျူး များအကြောင်း၊ ဓာတ်ငွေ့များအကြောင်း စသည်ဖြင့် ကုန်ထုတ်ရေး၏ အခြေခံအချက်များကို ဖော်ပြထားသည်။
မြန်မာ့စက်မှုလက်မှုလုပ်ငန်းများ တည်ထောင်နိုင် ရေးအတွက် ထူးခြားစွာ အားဖြည့်ပေးသော စက်မှုသိပ္ပံ မဂ္ဂဇင်းတစ်စောင်မှာ ၁၉၁၃ ခုနှစ်တွင် ပေါ်ထွက်ခဲ့ပြန် သည်။ ထိုမဂ္ဂဇင်းမှာ သုံးဆယ်မြို့ စကြဝဠာလျှပ်စစ်ပုံနှိပ် တိုက်မှ ဆရာဇံနှင့်ဒေါ်ဖွားရှင်တို့ ထုတ်ဝေသော သိပ္ပံဘဏ်တိုက်ကြီးမဂ္ဂဇင်းပင် ဖြစ်သည်။ ထိုမဂ္ဂဇင်းတွင် စက်မှုလက်မှု လုပ်ငန်းများအကြောင်းကို အဓိကထားကာ မြန်မာအကျိုးစီးပွားဟူသောအမည်ဖြင့် အခန်းဆက် ဖော်ပြခဲ့သည်။ သိပ္ပံဘဏ်တိုက်ကြီးမဂ္ဂဇင်းသည် ၁၉၁၃ ခုနှစ် ဇန်နဝါရီလမှ စတင်ထုတ်ဝေခဲ့ရာ ၁၉၁၆ ခုနှစ် မေလတွင် စက္ကူအခက်အခဲကြောင့် ဆက်လက်ထုတ်ဝေ ခြင်း မပြုနိုင်တော့ဘဲ ရပ်ဆိုင်းသွားခဲ့သည်။
မြန်မာများအဖို့ သိပ္ပံပညာရပ်ကို တတ်မြောက် နားလည်ရန်နှင့် စက်မှုလက်မှုလုပ်ငန်းငယ်များ တည်ထောင်ကြရန် လိုအပ်ကြောင်းကို ကောင်းစွာသဘော ပေါက်သူများသည် မဂ္ဂဇင်းတိုက်များ တည်ထောင်ခြင်းဖြင့် လည်းကောင်း၊ မဂ္ဂဇင်းများတွင် စက်မှုလက်မှုလုပ်ငန်းများ နှင့် သိပ္ပံပညာရပ်ဆိုင်ရာ ပညာပေးဆောင်းပါးများ ရေးသားဖော်ပြခြင်းဖြင့်လည်းကောင်း တိုင်းရင်းသား များကို လှုံ့ဆော်တိုက်တွန်း အားပေးခဲ့ကြသည်။ ထိုစဉ်က ထုတ်ဝေခဲ့သော မဂ္ဂဇင်းတိုင်းလိုလိုတွင် သိပ္ပံဆောင်းပါး များနှင့် အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းဆိုင်ရာ ဆောင်းပါးများ ပါဝင်ခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် စတင် ထုတ်ဝေခဲ့သော ပညာအလင်းမဂ္ဂဇင်းတွင် နာနတ်၊ ငှက်ပျော စသော သစ်ပင်များမှ လျှော်ထုတ်ယူခြင်း အကြောင်း၊ ဒြပ်ဝတ္ထုဖွဲ့စည်းပုံများအကြောင်း၊ ဆန်ထဲတွင် ပုလဲများပွားလာတတ်ပုံ အကြောင်း၊ သံလိုက်အကြောင်း၊ ပင်လယ်ဆားငန်ရေအကြောင်း စသည်တို့ကို ရေးသား ဖော်ပြခဲ့ကြသည်။
ထိုနှစ်တွင်ပင် ပေါ်ထွက်ခဲ့သော သူရိယမဂ္ဂဇင်း၌ လည်း စက်မှုလက်မှု လုပ်ငန်းငယ်များအကြောင်းကို မကြာခဏဆိုသလို ထည့်သွင်းဖော်ပြထားသည်။ အထူးသဖြင့် ပဲမှနို့ထုတ်ပုံ၊ အမေရိကန်ထောပတ်ချက်နည်း၊ ဗေဒါပင်တို့၏အသုံးဝင်ပုံနှင့် လူသုံးကုန်ပြုလုပ်နိုင်ပုံများ၊ သစ်ပင်တိရစ္ဆာန်တို့မှ ထုတ်ယူနိုင်သည့် အရောင်ဆိုးဆေး များ၊ စွန့်ပစ်သည့် သရက်၊ လိမ္မော်၊ ရှောက် စသော သစ်သီးသစ်ရွက်တို့မှ အမွှေးနံ့သာဆီချက်လုပ်နည်း၊ ဆပ်ပြာချက်လုပ်နည်း စသည်တို့ကိုဖော်ပြထားသည်။ ဆပ်ပြာထုတ်လုပ်မှုနည်းစဉ်ကို တိကျစွာဖြင့် အသေးစိတ် ရှင်းပြထားပြီး တစ်ပတ်လျှင် ဆပ်ပြာငါးတန်ထုတ်လုပ်နိုင် မည့် စက်ရုံတစ်ရုံ တည်ဆောက်နိုင်ရေးအတွက် လိုအပ် ချက်များကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားခြင်းဖြင့် တိုင်းရင်းသားဆပ်ပြာစက်ငယ်များ တည်ထောင် ထုတ်လုပ်ရေးအတွက် လှုံ့ဆော်ခဲ့သည်။
အချို့က အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ တည်ထောင်ခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိ နိုင်မည်ဟု ယုံကြည်ယူဆလျက် မြန်မာ့ရိုးရာလက်မှု လုပ်ငန်းပညာရပ်များကို စာနယ်ဇင်းများတွင် ဖော်ထုတ် ရေးသားခြင်းလည်း ရှိခဲ့သည်။ အထူးသဖြင့် သူရိယရုပ်စုံ မဂ္ဂဇင်းတွင် စက္ကူသေတ္တာလုပ်ငန်း၊ ဆင်စွယ်ပန်းပု လုပ်ငန်း၊ လိပ်ခွံဘီးလုပ်ငန်း၊ ကျောက်သင်ပုန်းလုပ်ငန်း၊ ထုံးလုပ်ငန်း၊ ဖန်နားတောင်းနှင့် ဖန်ကြယ်သီးလုပ်ငန်း၊ မှန်စီ ရွှေချလုပ်ငန်း၊ ငွေထည်လုပ်ငန်း၊ ပန်းတဉ်းလုပ်ငန်း၊ မြေအိုးမြေခွက်လုပ်ငန်း၊ မီးသွေးလုပ်ငန်း၊ အုတ်ကြွပ် လုပ်ငန်း၊ ထန်းလျက်လုပ်ငန်း၊ ဓနိသကြားလုပ်ငန်း၊ သားရေလုပ်ငန်း စသည်ဖြင့် ပညာရပ်ပေါင်းလေးဆယ် ကျော်ခန့်ကို ရေးသားဖော်ပြခဲ့ကြသည်။
အမျိုးသားလွတ်မြောက်ရေးဖြစ်သည်ဟု
အတိအလင်းဖော်ပြ
စက်မှုလက်မှုလုပ်ငန်းများ ထူထောင်ခြင်း၊ သိပ္ပံ ပညာနှင့် ဓာတုဗေဒပညာရပ်ကို လေ့လာလိုက်စား တတ်မြောက်ခြင်းသည် တိုင်းပြည်နှင့်လူမျိုး၏ အဆင့် အတန်းမြင့်မားရေးနှင့် အမျိုးသားလွတ်မြောက်ရေး ဖြစ်သည် ဟူ၍ပင် လောကဓာတ်ပညာမဂ္ဂဇင်း ထုတ်ဝေ သူတို့က အတိအလင်းဖော်ပြခဲ့ကြသည်။ ထိုမဂ္ဂဇင်းကို ၁၉၃၃ ခုနှစ် မတ်လမှ စတင်၍ထုတ်ဝေခဲ့ရာ ဦးစီးဦးဆောင် ပြုလုပ်သူ ပုဂ္ဂိုလ်ကြီးများသည် Industry and Commerce Society of Burma ခေါ် မြန်မာ့စီးပွားရေး အသင်းကြီးကိုလည်း တည်ထောင်၍ မဖြစ်မြောက်သေး သည့် ကုန်ပစ္စည်းတို့ကို ဖြစ်မြောက်လာစေရန်၊ ဖြစ်ပြီးသည်တို့ကို ပိုမိုတိုးတက်ကောင်းမွန်စေရန်၊ စက်မှုလက်မှုပညာသင်ကျောင်းများ တည်ထောင်ရန်၊ စက်မှုလက်မှုပညာ၊ ဓာတုဗေဒပညာနှင့် အလားတူ ပညာရပ်များအတွက် ပြတိုက်များ၊ ပိဋကတ်တိုက်များနှင့် လက်တွေ့စမ်းသပ်ခန်းများကို တည်ထောင်ရန်၊ လက်မှု ပညာအမျိုးမျိုးကို သင်ကြားပေးသော ကျောင်းကြီး တည်ထောင်ရန်၊ ပညာရပ်ဆိုင်ရာပြိုင်ပွဲများ ပြုလုပ်ပေး ရန်၊ စက်မှုလက်မှုလုပ်ငန်းများ တည်ထောင်ရေးကို အားပေးရန်နှင့် အရင်းအနှီး ရှာဖွေရန်တို့ကို ရည်သန်လျက် ကြိုးပမ်းခဲ့ကြသည်။
ထိုစဉ်က ဓာတုဗေဒဝန်ကြီးဖြစ်သူ ဦးချစ်အောင် [M.Sc.(London) D.L.,C.A., R.S.C] ကလည်း မြန်မာ တို့သည် ဆန်စပါးကိုသာ အားကိုးနေလျှင် ဒုက္ခရောက် ကြမည် ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ကြီးပွားနေသော တိုင်းပြည်များသည် စိုက်ပျိုးရေးတစ်ခုတည်းကိုသာ အမှီပြုကြသည်မဟုတ်ဘဲ ဓာတုဗေဒပညာကိုအသုံးပြု၍ နေ့စဉ်သုံးပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ရောင်းချကြ ကြောင်း၊ အင်္ဂလန်နှင့်ဂျာမနီတို့တွင် ဖွင့်လှစ်ထားသည့် လောကဓာတ်ပညာမျိုးစုံသင်သော Polytechnic ကျောင်းမျိုးကို ရန်ကုန်တွင်တစ်ကျောင်းနှင့် မန္တလေးတွင် တစ်ကျောင်း ဖွင့်လှစ်သင့်ကြောင်း၊ ဥစ္စာဓနကြွယ်ဝသော မြန်မာများသည် ကုမ္ပဏီများတည်ထောင်ပြီး ဆပ်ပြာစက်၊ မီးခြစ်စက်၊ ဓာတုဗေဒဆေးအမျိုးမျိုး ထုတ်လုပ်သောစက် နှင့် အခြားစက်မှုလုပ်ငန်းအမျိုးမျိုးကို တည်ထောင် သင့်ကြောင်း တိုက်တွန်းခဲ့သည်။ ရေနံအင်ဂျင်နီယာ ဦးဘရန် (B.Sc) ကလည်း လယ်ယာလုပ်ငန်းလုပ်ကိုင် တတ်သည့်အပြင် လက်မှုပညာနှင့်စက်မှုပညာတို့ကိုပါ လုပ်ကိုင်စားသောက်တတ်သည့် လူမျိုးတို့သည် အထက် တန်းစားများဖြစ်ကြောင်း၊ လောကဓာတ်ပညာ သည် မြန်မာတို့ကို အောက်တန်းစားအခြေအနေမှ အထက်တန်းစားအခြေအနေသို့ ပို့ဆောင်နိုင်သည့် ဖောင်ကြီးနှင့်တူကြောင်း စသည်ဖြင့် စက်မှုလက်မှု လုပ်ငန်းများ ထူထောင်ရန် အရေးကြီးပုံကို ရေးသား ဖော်ပြခဲ့သည်။
သကြားစက်များ ထူထောင်သင့်ကြောင်း တိုက်တွန်း
သကြားလုပ်ငန်းကို အကာအကွယ်ပေးသော အက်ဥပဒေ ပြဋ္ဌာန်းလိုက်သောအခါ အိန္ဒိယပြည်နယ်များ တွင် သကြားစက်ကြီးငယ်များကို ထူထောင်ခဲ့ကြသလို မြန်မာနိုင်ငံတွင်လည်း သကြားစက်ကလေးများကို တည်ထောင်သင့်ကြောင်း တိုက်တွန်းရေးသားသူများ လည်း ပေါ်ထွက်လာခဲ့သည်။ အိန္ဒိယပြည်နယ်များတွင် ငွေရင်းကျပ် ၂၅၀၀ မျှလောက်ဖြင့် လက်လှည့်သကြားစက် ငယ်များ တည်ထောင်ထုတ်လုပ်ကြပုံကို နည်းလမ်းများ နှင့်တကွ ဖော်ပြခဲ့ကြသည်။ ကြံရည်ကို ဒယ်အိုးဖြင့်ကျို၍ သကာခဲပြုလုပ်ကာ သကာခဲကို ပတ်မီးလ် ခေါ် စက်ငယ် တွင်ထည့်၍ကြိတ်ပြီး စင်ထရီဖြူကယ် စက်တွင်ထည့်၍ လှည့်သော် သကြားဖြူရနိုင်ကြောင်း၊ ကျန်သောသကာမှ သကြားအညံ့စားရနိုင်ကြောင်း၊ ၎င်းကို ဆေးလိပ် လိပ်ရာ တွင်လည်းကောင်း၊ တမာကူဆေး ပြုလုပ်ရာတွင် လည်းကောင်း အသုံးပြုနိုင်သည့်အပြင် အရက်ချက်ရာ တွင်လည်း အသုံးပြုနိုင်သည်ဟု ဖော်ထုတ်ရေးသားခဲ့ကြ သည်။ ထိုပစ္စည်းမျိုးကို မန္တလေးဒိုင်ယာမီကင်အရက်ချက် စက်ရုံက နှစ်စဉ်တစ်သိန်းခွဲဖိုးဝယ်၍ လောင်ချိုင်အရက် ချက်စက်ရုံကလည်း တစ်သိန်းဖိုးခန့် ဝယ်ယူအသုံးပြုနေ သဖြင့်
လုပ်ငန်းမှာ အလွန်အကျိုးရှိမည်ဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့သည်။ တစ်ရက်တာ ၁၂ နာရီအတွင်း ကြံပိဿာ ချိန် ၅၂၀၀ ကို ကြိတ်နိုင်သော ကြံကြိတ်စက်မှာ ကျပ် ၇၀၀ ခန့်သာရှိပြီး သကာခဲကြိတ်စက်၊ သကြားချက်ရန် စက်ကြီးတစ်လုံး၊ ရေနံသုံးအင်ဂျင်တစ်စုံ (မြင်းကောင်ရေ ၁၀ ကောင်အား) တို့ကို အသုံးပြုလျှင် အရင်းအနှီးငွေကျပ် ၄၃၀၀ ခန့်သာ လိုမည်ဖြစ်ကြောင်းကိုလည်း တွက်ချက် ဖော်ပြလျက် သကြားစက်ငယ်များ တည်ထောင်ရန် လှုံ့ဆော်ခဲ့ကြသည်။
လက်တွေ့ဖြစ်လာမှုအားနည်း
စက်မှုလက်မှု လုပ်ငန်းငယ်များအကြောင်းကို စာအုပ်များထုတ်ဝေခြင်း၊ စာနယ်ဇင်းများတွင် ရေးသားခဲ့ ကြခြင်းမှာ မြန်မာတို့အနေဖြင့် စီးပွားရေးနယ်ပယ်တွင် အောက်ခြေမှစကာ ဝင်ရောက်နေရာယူနိုင်စေရန် ရည်ရွယ်ပြီး လှုံ့ဆော်အားပေး ညွှန်ပြကြခြင်းဖြစ်သည်။ စက်မှုလက်မှုလုပ်ငန်းများ တည်ထောင်ရေးသည် အမျိုးသားရေးဖြစ်ကြောင်းနှင့် လယ်ယာစိုက်ပျိုးရေး တစ်ခုတည်းကို အားကိုးမနေဘဲ တိုင်းရင်းသားပိုင် စက်မှုလက်မှုလုပ်ငန်းများ တည်ထောင်ရန်လိုအပ်မှုကို သိမြင်သဘောပေါက်ခဲ့ကြကြောင်းမှာ ထင်ရှားသည်။ အရင်းရှင်စီးပွားရေးလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံကြီးများ ကို နိုင်ငံခြားသားများနှင့် ယှဉ်ပြိုင်၍ မလုပ်နိုင်ကြသော် လည်း အောက်ခြေရှိ စက်မှုလက်မှုလုပ်ငန်းငယ်များ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများကို ကြိုးပမ်း လုပ်ဆောင်ကြခြင်းဖြင့် ပြည်ပမှတင်သွင်းနေရသော စားကုန်၊ ဝတ်ကုန်နှင့် သုံးကုန်ပစ္စည်းများကို အားကိုးမှီခို နေရခြင်းမှ ကင်းလွတ်စေမည်။ ပြည်တွင်း၌ ထုတ်လုပ် ခြင်းဖြင့် နိမ့်ကျကျပ်တည်းနေသော တိုင်းရင်းသားတို့၏ စီးပွားရေးအခြေအနေကို သက်သာချောင်လည်စေ မည်။ နိုင်ငံခြားသားများ၏လွှမ်းမိုးမှု၊ လက်ဝါးကြီးအုပ် ထားမှုတို့မှ လွတ်ကင်းစေမည်ဟူသော ယုံကြည် ချက် ခံယူချက်များဖြင့် ရေးသားဖော်ပြခဲ့ကြခြင်း ဖြစ်သည်။
သို့ရာတွင် စက်မှုလက်မှုလုပ်ငန်းများ တည်ထောင် ရေးကို အမျိုးသားရေးဟုရှုမြင်သော မျိုးချစ်စိတ်ဖြင့် ထိုကဲ့သို့ ရေးသားလှုံ့ဆော်နေကြသူများသည် ကိုယ်တိုင် လက်တွေ့ကျကျ လုပ်ကိုင်ဆောင်ရွက်နေကြသူများ မဟုတ်ဘဲ နိုင်ငံခြားဂျာနယ်မဂ္ဂဇင်းများမှ ဘာသာ ပြန်ဆို၍လည်းကောင်း၊ ရှေးဟောင်းလက်မှုပညာကျမ်း များမှ ထုတ်နုတ်၍လည်းကောင်း စေတနာထက်သန် စွာဖြင့် ရေးသားတင်ပြနေခဲ့ကြခြင်းဖြစ်ရာ လက်တွေ့ မပါသော သဘောတရားသက်သက်သာလျှင် ဖြစ်ခဲ့သည်။ မတည်ရင်းနှီးငွေ၊ နည်းပညာနှင့် လုပ်ငန်းကျွမ်းကျင်မှု စသော အကြောင်းအမျိုးမျိုးတို့ဖြင့် ပြည့်စုံမှသာလျှင် လုပ်ငန်းကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ရာ မျိုးချစ် စိတ်ဖြင့် အားပေးလှုံ့ဆော် တိုက်တွန်းချက်များ ကြောင့် လက်တွေ့ဖြစ်ပေါ်လာမှုက အလွန်နည်းခဲ့ လေသည်။ ။
- Log in to post comments