
ဆောင်းပါး
======
လူငယ်အများသွေးသန့်စင်၊ အသက်ကယ်ကြစို့ ကမ္ဘာတစ်ခွင်
===================================
ဦးကြည်ဝင်း(ရာပြည့်သင်္ချာ)
ကိုဗစ်ရောဂါဆိုးကြီးကြောင့် သွေးလှူဘဏ်တွေမှာ သွေးလှူရှင်ဦးရေလျော့ကျနေတာကို တတ်စွမ်းသမျှဖြည့်စွမ်းနိုင်စေဖို့ မျိုးဆက်သစ်သွေးလှူရှင်တွေ တိုးပွားလာစေရေးကို ရည်ရွယ်ပြီး ဒီဆောင်းပါးကို ရေးရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် လေးလတစ်ခါ တစ်နှစ်သုံးကြိမ် ပုံမှန်သွေးလှူနေဆဲဖြစ်သလို အသက်တွေကလည်း ၆၀ ကျော်နေပြီး သွေးလှူကြိမ်တွေလည်း ရာကျော်နေပြီဖြစ်တဲ့ စေတနာရှင် 100 Plus Blood Donor တွေကို ဂုဏ်ပြုပြီး ဒီဆောင်းပါးရေးရခြင်းပါ။
သွေးသွင်းကုသမှုသမိုင်းကြောင်း
၁၅ ရာစုခန့်ကစပြီး ခရစ်ယာန်ဘုန်းတော်ကြီးတွေ ဦးဆောင်ကာ သွေးသွင်းကုသဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ကြပါဘူး။ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ချင်း၊ တိရစ္ဆာန်နဲ့ လူ၊ လူနဲ့လူချင်း သွေးသွင်းကုသဖို့ ကြိုးစား ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ တစ်ခါတလေ သွေးသွင်း ခံမယ့်ဝေဒနာရှင်ရော သွေးပေးလှူသူပါ အသက်ဆုံးရှုံး ရပါတယ်။ ရှေးဟောင်းကျမ်းစာတွေအရ အနောက်ပိုင်း က လူတွေဟာ ခန္ဓာကိုယ်အတွင်းမှာ သွေးလှည့်ပတ်မှု ရှိနေတာ ယေဘုယျသဘောသိကြပေမယ့် အသေးစိတ် တော့ မသိခဲ့ကြပါဘူး။ ၁၆၁၆ ခုနှစ်ရောက်မှ William Harvey ဆိုသူ အင်္ဂလိပ်လူမျိုးဆရာဝန်က Blood Circulation ကို စတင်ဖော်ထုတ်နိုင်ခဲ့ပါတယ်။ Harvey ကို ၁-၄-၁၅၇၈ ရက်နေ့မှာ အင်္ဂလန်နိုင်ငံ Folkstone မြို့မှာ မွေးဖွားခဲ့ပါတယ်။ Cambridge တက္ကသိုလ် Caius College မှာ ဦးစွာတက်ပြီးနောက် အီတလီနိုင်ငံကို ပြောင်းရွှေ့ဆေးပညာသင်ကြားပြီး ပါရဂူဘွဲ့ရခဲ့ပါတယ်။ ၁၆၀၂ ခုနှစ်မှာ အင်္ဂလန်နိုင်ငံကို ပြန်လာပါတယ်။ ၁၆၀၇ ခုနှစ်မှာ “သမားတော်တက္ကသိုလ် အဖွဲ့ဝင်”တစ်ဦး ဖြစ်လာပြီး စိန့်ဗာသောလမြူဆေးရုံမှာ သမားတော် အဖြစ် ခန့်အပ်ခံရပါတယ်။ ၁၆၁၆ ခုနှစ်မှာတော့ Blood Circulation ကို ထုတ်ဖော်တွေ့ရှိကြောင်း တင်ပြပေမယ့် အခြားပညာရှင်တွေက လက်မခံတဲ့အပြင် သရော် လှောင်ပြောင်ခြင်းပင် ခံခဲ့ရပါတယ်။ ဒါပေမယ့် Harvey နာမည်ထင်ရှားကျော်ကြားလာပြီး ပထမ James ဘုရင် နဲ့ ပထမ Charles ဘုရင်ရဲ့ ဘုရင့်သမားတော်အဖြစ် ဆောင်ရွက်ခဲ့ရပါတယ်။ အသက် ၇၉ နှစ်အရွယ် ၃-၆-၁၆၅၇ ရက်နေ့မှာ ဇာတိ Folkstone မှာ ကွယ်လွန် ခဲ့ပါတယ်။ Harvey က ဒီတွေ့ရှိချက်ကို ထုတ်ဖော်တင်ပြ ခဲ့ပြီး ၄၅ နှစ်အကြာ ၁၆၆၁ ခုနှစ်ရောက်မှ အီတလီ လူမျိုး Marcello Malphigis ဆိုသူက အဏုကြည့် မှန်ပြောင်းသုံးပြီး Harvey ရဲ့ Blood Circulation ထုတ်ဖော်ချက်မှန်ကြောင်း သက်သေပြနိုင်ပါတော့တယ်။
၁၈ ရာစုထဲမှာတော့ Atlantic ဒေသ Philadephia မြို့က “The father if modern surgery” လို့ လူသိများ တဲ့ Phylen Sygn Physick ဆိုတဲ့ သမားတော်ကြီးက လူတစ်ဦးရဲ့သွေးကို တခြားလူတစ်ဦးဆီ သွေးသွင်းကုသ အောင်မြင်ခဲ့ပေမယ့် ဒီအောင်မြင်မှုကို စာနဲ့ ပေနဲ့ မှတ်တမ်းတင်ထားတာတော့မရှိခဲ့ပါဘူး။ ၁၈၈၁ ခုနှစ် မှာတော့ အင်္ဂလိပ်လူမျိုး သားဖွားနှင့် မီးယပ်ပါရဂူ Dr.James Blundell က လူလူချင်း သွေးသွင်းကုသတာ အောင်မြင်မှု စရခဲ့ကြောင်း မှတ်တမ်းရှိခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး နှစ် ၂၀ အကြာ ၁၉၀၁ ခုနှစ် မှာတော့ Austrian – American ပညာရှင် Karl Landsteiner က လူတွေမှာ သွေးအုပ်စု A၊ B၊ O ရှိကြောင်း စတင်ဖော်ထုတ်နိုင်ပြီး ဒီတွေ့ရှိချက်ကြောင့် Karl လည်း ဇီဝကမ္မဗေဒဆိုင်ရာ နိုဗယ်လ်ဆု ချီးမြှင့်ခြင်း ခံရသလို သွေးအုပ်စုမတူရင် သွေးသွင်းကုသလို့ မရနိုင် ကြောင်း ဆေးပညာရှင်တွေ သဘောပေါက်သွားကြကာ ကမ္ဘာမှာသွေးသွင်းကုသမှုစနစ်ကြီး အောင်မြင်စွာ စတင် အကောင်အထည်ဖော်နိုင်ပါတော့တယ်။ Karl ရဲ့မွေးနေ့ June ၁၄ ရက်နေ့ကိုလည်း ကမ္ဘာ့သွေးလှူရှင်များနေ့ (World Blood Donor Day) အဖြစ် WHO က ၂၀၀၄ ခုနှစ်မှာ စတင်သတ်မှတ်ပေးပြီး ကမ္ဘာနှင့်အဝှမ်း ၂၀၀၅ ခုနှစ်ကစပြီး ကမ္ဘာ့သွေးလှူရှင်များနေ့တွေကို ကျင်းပ ရာမှာ မြန်မာနိုင်ငံမှာလည်း နှစ်စဉ် ဇွန်လ ၁၄ ရက်နေ့ ရောက်တိုင်း ရန်ကုန်မြို့နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် က မြို့ကြီးတွေမှာ အလှည့်ကျ နှစ်စဉ်ကျင်းပခဲ့ပါတယ်။ နှစ်စဉ်လည်း သွေးလှူခြင်းနဲ့ ပတ်သက်တဲ့ဆောင်ပုဒ်တွေ WHO က ထုတ်ပြန်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်အတွက် ဆောင်ပုဒ်ကတော့ “Give blood and make the world a healthier place” (ကမ္ဘာကြီး ပိုမိုကျန်းမာစေဖို့ သွေးလှူကြပါစို့) ဖြစ်ပါတယ်။
သွေးလှူဘဏ်များ
သွေးသွင်းကုသတဲ့စနစ်အောင်မြင်ပြီဆိုတော့ သွေး လိုအပ်ချက်ဖြည့်ဆည်းဖို့ သွေးလှူဘဏ်တွေ လိုအပ်လာ ပါတယ်။ အင်္ဂလန်မှ Dr. Percy Oliver က ၁၉၂၁ ခုနှစ် မှာလည်းကောင်း၊ ရရှားမှ ပါမောက္ခ Sergie Yuden က ၁၉၃၁ ခုနှစ်မှာလည်းကောင်း၊ ၁၉၃၇ ခုနှစ်ရောက်မှ အမေရိကန်နိုင်ငံ ချီကာဂိုမှာလည်းကောင်း သွေးလှူဘဏ် စဖွင့်နိုင်ခဲ့ပါတယ်။ နယူးယောက်ဘက်မှာတော့ လူမည်း ခွဲစိတ်ဆရာဝန် Dr.Charles Drew (၁၉၀၄-၁၉၅၀) က မိမိ ကိုယ်တိုင် သွေးလှူပေးချင်လို့ ၁၉၄၀ ပြည့်နှစ်မှာ သွေးလှူ ဘဏ် စထူထောင်ပေမယ့် ကိုယ်တိုင်က လူမည်းဖြစ်နေတဲ့ အတွက် ကွယ်လွန်ချိန်အထိ သွေးလှူခွင့် မရခဲ့ရှာပါဘူး။
ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ ဒုတိယကမ္ဘာစစ် အတွင်း သွေးသိုလှောင်ဖို့ရည်ရွယ်ပြီး ၁၉၃၉ ခုနှစ်မှာ သွေးလှူဘဏ်စထူထောင်ပါတယ်။ ၁၉၄၅ ခုနှစ်မှာတော့ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံအပေါ်ထပ်မှာ ရန်ကုန်ဆေးရုံကြီး သွေးလှူဘဏ်ကို စတင်ထူထောင်ခဲ့ပြီး သွေးလှူရှင်တွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ သွေးလှူရှင်က မတောင်းဆိုသည် ဖြစ်စေ ငွေကြေးထောက်ပံ့ပါတယ်။ တော်လှန်ရေးကောင်စီ အစိုးရတက်ခါစ ၁၉၆၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ရန်ကုန်ဆေးရုံကြီး သွေးလှူဘဏ်ကို ဗဟိုသွေးလှူဘဏ်လို့ အမည်ပြောင်းပြီး အဲဒီနေ့မှာပဲ အမျိုးသားသွေးလှူဘဏ် ကော်မတီကို စတင်ဖွဲ့စည်းကာ သွေးလှူရှင်တွေကို ငွေကြေး ထောက်ပံ့တာ ရပ်စဲလိုက်ပါတယ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့ ကိုလည်း “သွေးလှူရှင်များနေ့” အဖြစ် သတ်မှတ်ပြီး ၁၉၇၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ပထမဆုံးအကြိမ် သွေးလှူ ရှင်များနေ့အခမ်းအနားကို ဆရာဝန်များအသင်းတိုက်မှာ စတင်ကျင်းပခဲ့ရာ ဒီနှစ်ဆိုရင် (၄၄) ကြိမ်မြောက် ဖြစ်သွား ပါပြီ။ ကမ္ဘာ့သွေးလှူရှင်များနေ့ထက် ၂၇ နှစ်စောပြီး ကျွန်တော်တို့နိုင်ငံမှာ သွေးလှူရှင်များနေ့ကို ကျင်းပနိုင်တာ ဟာ အထူးဂုဏ်ယူဖွယ်ဖြစ်ပါတယ်။ ကျင်းပစမှာ သွေးလှူရှင် နည်းသေးတာကြောင့် (၂၅) ကြိမ်သွေးလှူပြီးရင် ဂုဏ်ပြုပွဲကို တက်ခွင့်ရပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၆၀ ပြည့်နှစ်ကျော်ကာလက သွေးလှူဖို့ စိတ်ဝင်စားတဲ့လူ သိပ်နည်းတာကြောင့် သွေးလှူရှင်တိုးပွားရေး ရည်ရွယ်ပြီး စက်ရုံ၊ အလုပ်ရုံတွေကို သွားပြီး အသံဩဇာအင်မတန်ပြည့်ဝလှတဲ့ မြန်မာ့အသံက ညွှန်ကြားရေးမှူး ဦးကျော်ညိန်း (ဆရာမာတလိ) ဦးဆောင် တဲ့အဖွဲ့သားတွေက သွေးလှူရှင်တိုးပွားရေး စည်းရုံး ဟောပြောကြပါတယ်။ မင်းသားကြီး ဝင်းဦးကလည်း သွေးလှူနေပုံကို ရုပ်ရှင်ရိုက်ပြပြီး ပြုံးပြုံးကြီးနဲ့ သူ့လို သွေးလှူကြဖို့ တိုက်တွန်းပြောဆိုနေပုံကို ရုပ်ရှင်ရုံတွေမှာ ဇာတ်ကားကြီးမပြခင် ကြိုပြတဲ့မော်ကွန်းရုပ်ရှင်သတင်း ကားမှာ ထည့်သွင်းပြသပြီး စည်းရုံးခဲ့ပါတယ်။ ဒဂုံမြို့နယ် ပဒုမ္မာလမ်းက ဒေါ်ဒေါ်အုန်းကလည်း သွေးလှူရှင်တိုးပွားရေး ရည်စူးပြီး ၁၉၈၇ ခုနှစ်ဝန်းကျင်အထိ အကြိမ် (၅၀) ပြည့် သွေးလှူရှင်တိုင်းကို တစ်ကျပ်သားရွှေဆွဲကြိုးတစ်ကုံးစီ လှူဒါန်းခဲ့ပါတယ်။
မျိုးဆက်သစ်တို့သွေးလှူကြပါစို့
အသက် ၁၈ နှစ်ကနေ ၅၅ နှစ်အထိ ဗုဒ္ဓဘာသာ ဝင်ဖြစ်စေ၊ အခြားဘာသာကိုးကွယ်သူများဖြစ်စေ သွေးလှူ နိုင်ပါတယ်။ ဒါကြောင့်လည်း ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်တဲ့ ဥရောပကနိုင်ငံတွေမှာ သွေးလိုရင် ဝေဒနာရှင်က မရှာရဘဲ ဆေးရုံတွေက အလုံအလောက် ပေးနိုင်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်ဘာသာဝင်တွေ သွေးလှူခဲ့၊ သွေးလှူ နေကြဆဲပါ။ ဥပမာ ၃-၇-၂၀၁၀ ရက်နေ့က ဘုရင့်နောင် ဈေးကြီးရဲ့ (၁၁) ကြိမ်မြောက်သွေးလှူပွဲမှာ ကျွန်တော် သွေးသွားလှူတော့ စုစုပေါင်း လူ ၂၀၀ ကျော် သွေးလှူ ကြရာမှာ ၁၀၀ ကျော်က အစ္စလာမ်ဘာသာဝင်တွေပါ။
သွေးဟာအစားထိုးမရတဲ့ ဆေးတစ်ပါးဖြစ်ပါတယ်။ ဓာတ်ခွဲခန်းမှာ ဖန်တီးလို့မရတဲ့ ပစ္စည်းပါ။ သွေးတုရယ်လို့ အခုအထိ မထွင်နိုင်သေးပါ။ မိမိခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေး ငါးလီတာကျော်ကနေ တစ်ကြိမ်သွေးလှူရင် ၄၅၀ စီစီ သာ ထုတ်ယူတာကြောင့် မိမိကျန်းမာရေးအတွက် ဘာမှ မထိခိုက်သလို သဘာဝတရားရဲ့ထူးခြားတဲ့စီမံမှုကြောင့် အဲဒီထုတ်ထားတဲ့သွေးဟာလည်း ရက်ပိုင်းအတွင်း ပြန်ပြည့်ပါတယ်။ ဘာဆေးမှ သောက်ဖို့မလိုပါဘူး။ တစ်ကြိမ်သွေးလှူတိုင်း မိမိသွေးကို သွေးနီဥ၊ သွေးဥမွှား၊ သွေးရည်ကြည်ရယ်လို့ အုပ်စုသုံးစုခွဲပြီး လူနာသုံးဦးအထိ ပေးလှူနိုင်ပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က အမျိုးသားသွေးလှူဘဏ်မှာ သွေးလှူရှင် ၁၀၅၀၉၁ ဦးကနေ လူနာ ၁၉၄၅၀၈ ဦးကို သွေးသွင်းကုသ ပေးနိုင်ခဲ့ပါတယ်။ သွေးလှူရှင်ထက် သွေးအလှူခံတဲ့လူနာက ကိုးသောင်းနီးပါးပိုနေပါတယ်။
အဲဒီ ၂၀၁၉ ခုနှစ်မှာပဲ အသက် ၅၀ ကျော် သွေးလှူ ရှင်က ၂၆၂၃ ဦးရှိပါတယ်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ကျင်းပ ခဲ့တဲ့ (၄၃) ကြိမ်မြောက်သွေးလှူရှင်များနေ့မှာ အသက် ၇၀ ကျော် အမျိုးသားကြီးခုနစ်ဦးက အကြိမ် ၁၄၀ ကျော် သွေးလှူရှင်များအနေနဲ့ တက်ရောက်ဂုဏ်ပြုခံခဲ့ပါတယ်။ သွေးလှူဖို့ မဝံ့မရဲဖြစ်နေတဲ့ မျိုးဆက်သစ်တွေ အားကျ စေဖို့ ကျွန်တော်ကိုယ်တွေ့နဲ့ယှဉ်ပြီး တင်ပြလိုပါတယ်။ ကျွန်တော် ပုသိမ်ကောလိပ် သင်္ချာဌာနမှာ နည်းပြဆရာ လုပ်နေတုန်း ၅-၁၁-၁၉၆၉ ရက် (ကျွန်တော့်အသက် ၂၁ နှစ် ခုနစ်လမှာ) နေ့ကစပြီး ပုသိမ်မြို့ တိုင်းဆေးရုံကြီးကနေ သွေးစလှူပြီး နောက်ပိုင်းလည်း လေးလတစ်ကြိမ် တစ်နှစ် သုံးခါ ပုံမှန်သွေးလှူခဲ့ရာမှာ အသက်၇၁ နှစ် ခုနစ် လပြည့်တဲ့ ၁၉-၁၁-၂၀၁၉ ရက်နေ့မှာ (၁၄၇) ကြိမ်မြောက် သွေးလှူ နိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သွေးလှူသက်တမ်းနှစ် (၅၀) ပြည့်ပြီမို့ သွေးလှူအကြိမ်ပေါင်း (၁၅၀) ဖြစ်သင့်ပါ တယ်။ သုံးကြိမ်လျော့နေတာက ၁၉၈၁ ခုနှစ်နဲ့ ၁၉၉၂ ခုနှစ် တွေမှာ ကျေးဇူးတော်ရှင် ချမ်းမြေ့ရိပ်သာဆရာတော်ကြီးရဲ့ အာရှ၊ ဥရောပ၊ အမေရိက ကမ္ဘာ့သာသနာပြုခရီးစဉ်မှာ ကပ္ပိယ အဖြစ် လိုက်ပါကုသိုလ်ပြုခွင့်ရပြီး ရက်ရှည်ကြီး ခရီးထွက် ရတာကြောင့် ပုံမှန်သွေးလှူဖို့ပျက်ကွက်ကာသုံးကြိမ် လျော့နေတာပါ။ ဒါပေမယ့် သွေးလှူကတ်မပါဘဲ Urgent လူနာလေးဦးကို သွေးလှူပေးခဲ့ရတာကြောင့် ကျွန်တော် သွေးလှူသက် နှစ် ၅၀ အတွင်းမှာ (၁၅၁) ကြိမ် သွေးလှူပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဧပြီ လဆန်းက သတင်းစာတွေမှာ သွေးလှူရှင် ၃၅ ရာခိုင်နှုန်း ကျဆင်းနေတယ်လို့ ဖတ်မိပြီး Stay At Home ကာလ ဖြစ်ပေမယ့် ၆-၄-၂၀၂၀ ရက်နေ့ ကျွန်တော့်အသက် ၇၃ နှစ်အဝင်မှာ (၁၅၂) ကြိမ်မြောက် အောင်မြင်စွာသွေးလှူ နိုင်ခဲ့ပါတယ်။ ထပ်ပြီးလည်း ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းသား ဟောင်း၊ ဆရာဟောင်းတစ်ယောက်အနေနဲ့ အမိတက္ကသိုလ်ကြီး ရာပြည့်သဘင် (CENTENARY) ကို ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂ ရက် ဗုဒ္ဓဟူးနေ့က (၁၅၃) ကြိမ်မြောက် သွေးလှူခဲ့ပါတယ်။ ကျွန်တော့်လိုပဲ ကျွန်တော်နဲ့ သွေးလှူဘက် အသက် ၇၀ ကျော် မိတ်ဆွေကြီးတွေလည်း သွေးအကြိမ်ကြိမ် လှူပေမယ့် ကျန်းမာရေးကောင်းမွန်စွာဖြင့် သွေး ဆက်လက်လှူနေကြဆဲ၊ လူမှုရေးကိစ္စတွေလည်း ဆောင်ရွက်နေဆဲပါ။
ဒါကြောင့် ကိုဗစ်ကပ်ဆိုးကာလ သွေးလှူဘဏ် အသီးသီးမှာ သွေးလှူရှင်တွေ အထူးလိုအပ်နေချိန် ကျောင်းမတက်ရဘဲ အိမ်မှာနေနေရတဲ့အချိန်ကို အကျိုး ရှိရှိအသုံးချတဲ့အနေနဲ့ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ လူငယ်တိုင်း သွေးလှူကြဖို့ အထူးတိုက်တွန်း လိုပါတယ်။ လူငယ်တွေရဲ့သွေးဟာ အသက်အရွယ်အရ ပင် ကျန်းမာရေးကောင်းသူတွေဖြစ်လို့ ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ ကင်းစင်နိုင်ခြေ ပိုများပါတယ်။ ဒီလူငယ် လေးတွေသာ ပုံမှန်သွေးလှူရှင်ဖြစ်သွားရင် နိုင်ငံတော်ရဲ့ ကျန်းမာရေးအတွက် အင်အားကြီးတစ်ရပ် ဖြစ်လာမှာပါ။ ၁၈ နှစ်ပြည့်တဲ့နှစ်မှာပဲ သွေးစလှူမယ့် မျိုးဆက်သစ် ကလေးတစ်ဦးဟာ လေးလတစ်ကြိမ် တစ်နှစ်သုံးခါ ပုံမှန်သွေးလှူသွားရင် နောင်ကိုးနှစ်အကြာမှာ မိမိ အသက်လည်း ၂၇ နှစ်ပြည့်သလို သွေးလှူအကြိမ်လည်း ၂၇ ကြိမ်ဖြစ်နေမှာကို အံ့ဩဝမ်းသာပီတိ ဖြစ်နေပါ လိမ့်မယ်။ လွန်ခဲ့တဲ့ ၁၀ နှစ် ၂၀၁၀ ပြည့်နှစ်က ကမ္ဘာ့ သွေးလှူရှင်များနေ့ရဲ့ဆောင်ပုဒ် “New blood for the world” ကို ကျန်းမာရေးဝန်ကြီးဌာနက ဘာသာပြန်ထား တဲ့ “လူငယ်အများ သွေးသန့်စင် အသက်ကယ်ကြစို့ ကမ္ဘာ တစ်ခွင်” ကို ကြိုက်နှစ်သက်လွန်းလို့ ကျွန်တော့်ဆောင်းပါး ခေါင်းစဉ်အဖြစ် တပ်ထားတာပါ။ ဘယ်သွေးလှူဘဏ် မှာမဆို Volunteer အနေနဲ့ သွေးလှူရင် ကိုယ့်သွေးကို လက်ခံမယ့်ဝေဒနာရှင်ဘယ်သူဆိုတာ မသိသလို ဒီလှူဒါန်းမှုအတွက် ဘာမျှော်လင့်ချက်မှမထား (Don’t expect anything in return) တဲ့ စိတ်နဲ့ လှူဒါန်းတာ ကြောင့် အင်မတန်ဖြူစင်တဲ့ ကုသိုလ်ပြုခြင်းပါ။ ဒါကြောင့် မိမိရဲ့ဖြူစင်တဲ့စိတ်ထားလှလှလေးနဲ့ မိမိရဲ့သန့်စင်လှတဲ့ သွေးနီနီလေးကို ရဲရဲဝံ့ဝံ့ ပုံမှန်သွေးလှူပေးကြ ဖို့ မျိုးဆက်သစ် သွေးလှူရှင်တွေကို ကြိုဆိုဖိတ်ခေါ်လိုက်ရပါတယ်။ ။
ကျမ်းကိုး-
(၁) မြန်မာ့စွယ်စုံကျမ်းအတွဲ(၁၃)
(၂) မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၁၉၈၀
(၃) ၂၀၀၆ မေလမှ ၂၀၂၀ ပြည့်နှစ် ဇွန်လ အထိ ကြေးမုံ၊ မြန်မာ့အလင်း၊ စံတော်ချိန်၊ The Myanmar Times သတင်းစာများနှင့် အလင်းတန်းနှင့် ပေါ်ပြူလာဂျာနယ်မှ စာရေးသူ ၁၅ ဦး၏ ဆောင်းပါးများ
“After Performing Meritorious Deeds,We Have To Share Our Merits By Ringing The Bell”
- Log in to post comments