ထိရောက်မှုရှိသော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ် ဖြစ်ပေါ်စေရေး

Type

ဆောင်းပါး

=====

 

ထိရောက်မှုရှိသော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစနစ် ဖြစ်ပေါ်စေရေး

 

====================================

 

ပြည့်ဖြိုးအောင် (စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန)

 

===============================

(၃၃) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်များ ဖိုရမ် (33rd ASEAN Capital Market Forum)

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၉ ရက်နေ့သည် အမျိုးသား အောင်ပွဲနေ့ဖြစ်ပါသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် အဆိုပါ နေ့တွင် အလှည့်ကျဥက္ကဋ္ဌတာဝန်ယူလျက်ရှိသည့် ဗီယက်နမ်နိုင်ငံက ဦးစီးကျင်းပပြုလုပ်ခဲ့သည့် (၃၃) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်၏ ကော်မရှင်ဥက္ကဋ္ဌများအစည်းအဝေး (ACMF Chairs’ Meeting) သို့ မိမိတို့နိုင်ငံ၏ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌဖြစ်သည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သည့်အဖွဲ့လည်း တက်ရောက်ခဲ့ပါသည်။ အာဆီယံဒေသတွင်းနိုင်ငံများရှိ အရင်းအနှီးဈေးကွက် ကြီးကြပ်ရေးကော်မရှင်များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းဝန်ရုံးနှင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးကြပါ သည်။

အာဆီယံအရင်းအနှီးဈေးကွက်များဖိုရမ်၏ လမ်းပြ မြေပုံအရ အာဆီယံအရင်းအနှီးဈေးကွက်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ACMF Action Plan တွင် ဖော်ပြထားသည့် ဦးစားပေး အဆင့်လေးဆင့် သတ်မှတ်ထားပြီး အကောင်အထည် ဖော်ဆောင်လျက်ရှိသည့် လုပ်ငန်းကဏ္ဍ ၁၅ ခုရှိပါသည်။ ယင်းတို့အထဲမှ ကာလတို/ ကာလလတ် ဦးစားပေးအစီ အစဉ်များဖြစ်ကြသည့် (၁) ကော်ပိုရိတ်ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ ဖွင့်ဟထုတ်ဖော်ချက်များ (Corporate Sustainability Disclosures)၊ ရေရှည်တည်တံ့ခိုင်မြဲပြီး တာဝန်ခံမှုရှိသည့် ဘဏ္ဍာရန်ပုံငွေစံနှုန်းများ (Sustainable and Responsible Fund Standards) နှင့် အာဆီယံတည်တံ့ခိုင်မြဲမှုဆိုင်ရာ ကာလရှည်ငွေချေး စာချုပ်စံနှုန်းများ (ASEAN Sustainability-linked Bond Standards) တို့ကို အခြေခံသည့်အဓိကအပိုင်း ခြောက်ခု ကို အကောင်အထည်ဖော်ဆောင်ရွက်ကြရန် အပါအဝင် (၆) ကြိမ်မြောက် အာဆီယံကော်ပိုရိတ်စီမံအုပ်ချုပ်မှု ဆိုင်ရာအကဲဖြတ်မှုအစီရင်ခံစာ ထုတ်ပြန်ကြေညာခြင်း နှင့် ဆုချီးမြှင့်ခြင်းဆိုင်ရာကိစ္စရပ်များ ထည့်သွင်းဆွေးနွေး မှုများအပါအဝင် ဘာသာရပ်ဆိုင်ရာ Working Committee အသီးသီးမှ သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးကြသည်ကို တွေ့ရှိရပါသည်။ ACMF တက်ရောက်ဆွေးနွေးမှုများအား စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်မှု ပြုလုပ်ခဲ့ပါသည်။

အထက်ပါ ကာလတို/ ကာလလတ်အကောင်အထည် ဖော်ဆောင်မည့်အချက်များအနက်မှ ရေရှည်တည်တံ့ခိုင်မြဲ ပြီး တာဝန်ခံမှုရှိသည့် ဖွင့်ဟထုတ်ဖော်ချက်များ၊ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ဆက်စပ်၍ မိမိတို့ နိုင်ငံရှိ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ပူးပေါင်းအကောင်အထည်ဖော် လုပ်ဆောင် လျက်ရှိသည့် အကြောင်းအရာများကို ပိုမိုသိရှိနားလည် စေရန်ရည်ရွယ်၍ မျှဝေရေးသားခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံနှင့်ကော်ပိုရိတ်စီမံအုပ်ချုပ်မှု

မြန်မာနိုင်ငံတွင် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုအလေ့ အထများ စနစ်တကျကျင့်သုံးနိုင်ရန်နှင့် လိုအပ်သော နည်းပညာအကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်နှင့် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (International Finance Corporation-IFC) တို့သည် ၂၀၁၇ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းနောက် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုအရည်အချင်းစစ်မှတ်တမ်း (Corporate Governance Scorecard) ဆောင်ရွက်ရန် ကော်မရှင်၊ DICA၊ ရန်ကုန်စတော့အိတ်ချိန်းနှင့် IFC တို့မှ တာဝန်ရှိသူ များပါဝင်သော လုပ်ငန်းအဖွဲ့တစ်ရပ်ဖွဲ့စည်းခဲ့သည်။ IFC မှသင်တန်းများပို့ချခြင်း၊ စိတ်ပါဝင်စားပြီး အလားအလာ ကောင်းသောကုမ္ပဏီများကို ဖိတ်ကြား၍ အသိပညာပေး ဆွေးနွေးပွဲများကျင်းပခြင်း၊ မေးခွန်းလွှာများ ဖြေကြား နိုင်ရန်စီစဉ်ပေးခြင်း၊ စိတ်ဝင်စားမှုရှိသော ကုမ္ပဏီများနှင့် အသေးစိတ်ဆွေးနွေးညှိနှိုင်းခြင်းတို့ ဆောင်ရွက်ခဲ့ပြီး “မြန်မာနိုင်ငံကော်ပိုရိတ်စီမံအုပ်ချုပ်မှု အကဲဖြတ်မှတ်တမ်း ၂၀၁၈” ကို ထုတ်ပြန်နိုင်ခဲ့ပါသည်။

ထိရောက်မှုရှိသော ကော်ပိုရိတ်စီမံအုပ်ချုပ်မှု

အမိန့်ကြော်ငြာစာထွက်ရှိရေးဆောင်ရွက်ခဲ့မှုများ

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က ၃-၁၂-၂၀၂၀ ရက်နေ့တွင် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ဆိုင်ရာ အမိန့်ကြော်ငြာစာ (၂/၂၀၂၀) ကိုထုတ်ပြန်ခဲ့ပါသည်။ အဆိုပါအမိန့်ကြော်ငြာစာထွက်ရှိနိုင်ရန်အတွက် ၂၀၁၈ ခုနှစ် နှောင်းပိုင်းကပင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲ ရေးအတွက် လိုအပ်သည့်နည်းပညာအကူအညီများ ပေး အပ်ရန် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်နှင့်အတူ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုအဖွဲ့ (Organization for Economic Cooperation and Development -OECD) တို့မှ တာဝန်ရှိသူတို့သည် နားလည်မှုစာချွှန်လွှာလက်မှတ် ရေးထိုးခဲ့ကြပြီး DICA က အသိသက်သေအဖြစ်ပါဝင်ခဲ့ပါသည်။ ထို့နောက် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အကြံပေးကော်မတီကို OECD၊ IFC၊ CBM၊ DICA၊ SECM၊ MICPA၊ UMFCCI တို့မှ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းခဲ့ပြီး စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၊ အစုရှယ်ယာရှင် ၁၀၀ အထက်ရှိသော အများနှင့်သက်ဆိုင် သော ကုမ္ပဏီများအတွက် ထိရောက်မှုရှိသော ကော်ပိုရိတ် စီမံအုပ်ချုပ်မှု ဖြစ်ပေါ်စေရေးနှင့်စပ်လျဉ်းသည့် အမိန့် ကြော်ငြာစာကို ထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ကော်ပိုရိတ်စီမံအုပ်ချုပ်မှု (Corporate Governance)

ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုသည်မှာ စနစ်တစ်ခုဟု နားလည်သဘောပေါက်နိုင်ပြီး ကုမ္ပဏီတစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို တိကျကောင်းမွန်သည့်စနစ်များ၊ လက်တွေ့ကျသည့် အစဉ်အလာကောင်းများ၊ စည်းမျဉ်း/ စည်းကမ်းများဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ စီမံအုပ်ချုပ် လုပ်ကိုင်ဆောင်ရွက်ခြင်းပင် ဖြစ်ပါသည်။ အဓိကရည်ရွယ် ချက်မှာ စီးပွားရေးလုပ်ငန်းလုပ်ဆောင်ကြသည့် ကုမ္ပဏီ များ၏ ကာလရှည်ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးတည်ငြိမ်မှု၊ ဂုဏ်သိက္ခာရှိမှုများအတွက် မရှိမဖြစ်အရေးပါသည့် အများ ပြည်သူရင်းနှီးမြှုပ်နှံသူတို့ ယုံကြည်စိတ်ချရမှု၊ ပွင့်လင်း မြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ပြည့်စုံသည့် ပတ်ဝန်းကျင်တစ်ခုကို ထူထောင်နိုင်ရေးပင်ဖြစ်ပါသည်။ ယေဘုယျအားဖြင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ကောင်းမွန် ခြင်းကို အောက်ပါအပိုင်းလေးပိုင်းဖြင့် ခြုံငုံသုံးသပ်တိုင်း တာလေ့ရှိကြပါသည် -

(က) တာဝန်ခံမှု (Accountability)

ကုမ္ပဏီတစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏ လုပ်ဆောင်ပုံမတူညီသည့် အပိုင်းများဖြစ်ကြသည့် နေ့စဉ်စီမံခန့်ခွဲမှုပြုလုပ်သည့်အဖွဲ့ (Management) သည် အစုရှယ်ယာရှင်အများစုမှ မဲပေးရွေးချယ်ထားကြသည့် ဒါရိုက်တာအဖွဲ့ (Board of Director) ကို တာဝန်ခံမှု ပြုလုပ်ရပြီး BOD ကမူ မိမိတို့ကို ယုံကြည်စိတ်ချစွာ ရွေးချယ်တင်မြှောက်မှုပြုလုပ်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများ ထည့်ဝင်ထားကြသော အစုရှယ်ယာရှင်များကို တာဝန်ခံ လုပ်ဆောင်ကြရမည် ဖြစ်ပါသည်။

(ခ) တရားမျှတမှု (Fairness)

အစုရှယ်ယာရှင်အခွင့်အရေး (Shareholders’ Right) ကို အနည်းစုသာပိုင်ဆိုင်သည့် ရှယ်ယာရှင်များ အပါအဝင် အစုရှယ်ယာရှင်အားလုံးအကြား သာတူညီမျှမှု ရှိစေရေးအတွက် စည်းမျဉ်းများ၊ လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်ကြရပြီး အငြင်းပွားမှုဖြစ်စဉ်များကို စနစ်တကျပွင့်လင်းမြင်သာမှုရှိစွာ ထိထိရောက်ရောက် ဆောင်ရွက်ကြရပါသည်။

(ဂ) ပွင့်လင်းမြင်သာ မှု(Transparency)ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာအချက် အလက်များ၊ အရေးပါသည့် ဆုံးဖြတ်ချက်များ၊ လုပ်ငန်းလုပ်ဆောင်မှုများ၊ ပိုင်ဆိုင်မှု နှင့် စီမံအုပ်ချုပ်မှုများကို တိကျပြည့်စုံသည့် ဖွင့်ဟ ထုတ်ဖော်ချက်များ (Disclosures) ဖြင့် အချိန်နှင့် တစ်ပြေးညီ အစီရင်ခံတင်ပြလေ့ရှိသည့် စနစ်တစ်ခုကို ထားရှိလုပ်ဆောင်ကြရပါသည်။

(ဃ) လွတ်လပ်မှု ( Independence)

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း နေ့စဉ်စီမံခန့်ခွဲ မှုပြုလုပ်သည့်အဖွဲ့ (Management) နှင့် ဒါရိုက်တာအဖွဲ့ (Board of Directors) သည် သဘောသဘာဝ တူညီ သယောင်ရှိသော်လည်း လုပ်ဆောင်ပုံချင်းမတူညီပါ။ BOD သည် အစုရှယ်ယာရှင်များအားလုံး၏ သဘောတူချမှတ် ထားသည့် စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ လုပ်ငန်း ကိစ္စရပ်များကို လွတ်လပ်စွာ ဆွေးနွေးဆုံးဖြတ်ရမည် ဖြစ်ပြီး စီမံခန့်ခွဲမှုပြုလုပ်သည့်အဖွဲ့ (Manage- ment) သည်လည်း နေ့စဉ်နှင့်အမျှ လုပ်ငန်းလုပ်ဆောင်မှုများ သည် စနစ်တကျလွှမ်းမိုးမှုကင်းစွာ လုပ်ဆောင်ကြရ ပါသည်။ ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် သီးခြား ဖွဲ့စည်းထားသော လွတ်လပ်သည့်ကော်မတီများ (Independent Committees) နှင့် သီးခြားလွတ်လပ် သည့်ဒါရိုက်တာများ (Independent Director) ခန့်အပ် ထားရှိပြီး ယင်းတို့နှင့် သက်ဆိုင်သည့်လုပ်ဆောင်မှုများ သည် ချမှတ်ထားသည့်လုပ်ငန်းစဉ်များနှင့်အညီ ဖြစ်ရ ပါမည်။ BOD၊ Management နှင့် Independent Committee များ၏လုပ်ဆောင်မှုများသည် တစ်စုံ တစ်ဦး/ အဖွဲ့အစည်းတစ်ခုခု၏ လွှမ်းမိုးမှုမရှိစေရပေ။

ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်ကြော်ငြာစာမှာ ဘာတွေပါသလဲ

ကော်မရှင်မှ ထုတ်ပြန်ကြေညာသည့် အမိန့် ကြော်ငြာစာတွင် အခန်း ခုနစ်ခန်းနှင့် လိုက်နာဆောင်ရွက် ရမည့်ပြဋ္ဌာန်းချက် ၁၅ ချက်ပါဝင်ပါသည်။ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုဆိုင်ရာ အဓိကနယ်ပယ် လေးခုဖြစ်သည့် ဒါရိုက်တာအဖွဲ့ဝင်များကို ထိန်းချုပ်မှုစနစ် (Control System for the Board of Directors)၊ စာရင်းစစ် ကော်မတီ (Audit Committee)၊ သီးခြားလွတ်လပ်သည့် ဒါရိုက်တာများ (Independent Directors) နှင့် ဖွင့်ဟ ထုတ်ဖော်မှု သို့မဟုတ် ဒါရိုက်တာများ၏ အစီရင်ခံ တင်ပြမှုများ (Disclosures/ Directors’ Reports) ကို အခြေပြု၍ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့်အချက်များကို OECD မှ နည်းပညာအကြံဉာဏ်များရယူပြီး SECM နှင့် DICA တို့ပူးပေါင်း၍ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်ကာ ရေးဆွဲပြုစုထားခြင်း ဖြစ်ပါသည်။

DICA ကလည်း သီးခြားလွတ်လပ်သည့်ဒါရိုက်တာ များနှင့်သက်ဆိုင်သည့် အမိန့်ကြော်ငြာစာ (၉၀/ ၂၀၂၀) ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ထုတ်ပြန်ထား ပြီး ဖြစ်ပါသည်။ ကုမ္ပဏီတစ်ခု၏ သီးခြားလွတ်လပ်သည့် ဒါရိုက်တာတစ်ဦးခန့်အပ်မည်ဆိုပါက (၁) ကုမ္ပဏီနှင့် ဆက်စပ်အဖွဲ့အစည်းများ၌ လွန်ခဲ့သော သုံးနှစ်အတွင်း အလုပ်လုပ်ခဲ့သူ၊ (၂) အဆိုပါပုဂ္ဂိုလ်သာမက ယင်း၏ မိသားစု ဝင်များသည်လည်း လွန်ခဲ့သောသုံးနှစ် သို့မဟုတ် လက်ရှိ အလုပ်လုပ်နေသူ၊ (၃) မတည်ငွေရင်း သို့မဟုတ် မဲပေး ပိုင်ခွင့် ငါးပုံတစ်ပုံနှင့်အထက်ပိုင်ဆိုင်သူနှင့် (၄)ပစ္စည်း၊ ငွေကြေးဆက်ဆံမှုရှိသည့်ကုမ္ပဏီများတွင် အမှုဆောင် အရာရှိအဖြစ် ဆောင်ရွက်နေသူများမဖြစ်ရဘဲ အဆိုပါ အချက်‌လေးချက်နှင့် ရှင်းရှင်းလင်းလင်းကင်းလွတ် သူများကိုသာ သီးခြားလွတ်လပ်သည့် ဒါရိုက်တာအဖြစ် ခန့်အပ်ရမည်ဖြစ်ပါသည်။ o စာမျက်နှာ ၆ မှ

ကော်မရှင်မှ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ၏ အခန်း (၃) သည် အစုရှယ်ယာရှင်များ၏ အခွင့်အရေး ဆိုင်ရာ ပြဋ္ဌာန်းချက်များဖြစ်ပြီး လွယ်ကူစွာ မဲပေးနိုင်ရေး၊ လုံလောက်မှုရှိသည့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ရရှိစေရေးနှင့် အမြတ်ဝေစုခွဲဝေရေး ဆိုင်ရာမူဝါဒအား ချမှတ်ထုတ်ဖော်ကြေညာခြင်းတို့ဖြစ်ပါသည်။ အခန်း (၄)ပါ ပြဋ္ဌာန်းချက်များသည် ဒါရိုက်တာအဖွဲ့နှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များဖြစ်ပြီး ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းပုံနှင့် အခြေခံလုပ်ဆောင်ရမည့် အချက် ငါးချက်၊ တစ်နှစ်လျှင် အနည်းဆုံးလေးကြိမ်ကျင်းပ ရမည့် ဒါရိုက်တာအဖွဲ့၏ အစည်းအဝေး၊ စာရင်းစစ်ကော်မတီဖွဲ့စည်းထားရှိရေး၊ ကော်မတီ၏တာဝန် လေးချက်အပါအဝင် နိုင်နင်းစွာဆောင်ရွက်နိုင်ရန် အချက် သုံးခုပါဝင်သည့် စနစ်တစ်ခု ချမှတ်ဆောင်ရွက် ခြင်းတို့ ပါဝင်ပါသည်။ အခန်း (၅)တွင် ဆက်နွှယ်သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများအကြား အရောင်း အဝယ်ပြုလုပ်ခြင်းနှင့်သက်ဆိုင်သည့် ဆုံးဖြတ်ချက် များတွင် လိုက်နာဆောင်ရွက်ရမည့် အချက်သုံးချက် ပါဝင် သည်။ အခန်း (၆) တွင် ဒါရိုက်တာများ၏ အစီရင်ခံစာ များတွင် ထည့်သွင်းဖော်ပြရမည့် အမြတ်ဝေစုမူဝါဒ၊ ဒါရိုက်တာအဖွဲ့ဖွဲ့စည်းပုံ၊ ထိန်းချုပ်မှုစနစ်၊ တစ်နှစ်အတွင်း ကျင်းပပြုလုပ်သည့် အစည်းအဝေးအရေအတွက်နှင့် တက်ရောက်သောအဖွဲ့ဝင်များ စာရင်းအစရှိသည့် လိုက်နာ ဆောင်ရွက်ရမည့်အချက် ၁၄ ချက်ပါဝင်ပါသည်။

ကော်မရှင် (SECM) မှ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ဆိုင်ရာ အမိန့်ကြော်ငြာစာနှင့်အတူ ယင်း၏ကဏ္ဍတစ်ခု ဖြစ်သည့် မဖြစ်မနေလိုက်နာဆောင်ရွက်ကြရမည့် ညွှန်ကြား ချက်အမှတ် (၃/၂၀၂၀) အား ပူးတွဲထုတ်ပြန်ခဲ့ပါသည်။ ယင်းသည် ဆက်နွှယ်သည့်လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း များအကြား ပမာဏများပြားသော အရောင်းအဝယ်၊ အလွှဲ အပြောင်းပြုလုပ်မှုများဆိုင်ရာ လိုက်နာကြရမည့်အချက် များပင်ဖြစ်ပါသည်။ ကော်မရှင်၏ Website ဖြစ်သည့် www.secm.gov.mm တွင် မြန်မာ- အင်္ဂလိပ်နှစ်ဘာသာဖြင့် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

လိုက်နာဆောင်ရွက်ခြင်းဖြင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများ

ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာပြဋ္ဌာန်းချက်များကို ထုတ်ပြန်ရသည့် အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီများ၏ ကော်ပိုရိတ်စီမံ အုပ်ချုပ်မှုဆိုင်ရာအလေ့အကျင့်များကို မြှင့်တင်ပေးရန်နှင့် လွယ်ကူစွာလိုက်နာနိုင်စေရန်တို့အပြင် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များ၊ အမှုဆောင်အရာရှိများနှင့် အစုရှယ်ယာရှင်များအကြား အပြန်အလှန်ထိန်းကျောင်းခြင်း ဆိုင်ရာလုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန်လာစေရေး တို့ဖြစ်ကြပါသည်။ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ ပြဋ္ဌာန်းချက်များအား တိကျစွာလိုက်နာခြင်းဖြင့် ပွင့်လင်း မြင်သာမှုရှိစေခြင်း၊ ရင်းနှီးမြှုပ်နှံသူအပါအဝင် အများ ပြည်သူ၏ယုံကြည်စိတ်ချရမှုမြင့်မားစေခြင်း၊ ကုမ္ပဏီအား စနစ်တကျရေရှည်တည်တံ့ခိုင်မြဲစေခြင်း၊ ကုမ္ပဏီနှင့် ပတ်သက်ဆက်နွှယ်သည့် လူပုဂ္ဂိုလ်/ အဖွဲ့အစည်းများ အကြား တန်းတူညီမျှ သမမျှတသည့်လုပ်ငန်းစဉ်များကို ဖြစ်ထွန်းစေခြင်းအစရှိသည့် အခြေခံအလေ့အကျင့် ကောင်းများနှင့်အတူ အကျိုးကျေးဇူးများစွာကို ရရှိစေ မည် ဖြစ်ပါသည်။ ယင်းနှင့်အတူ မိမိတို့နိုင်ငံအနေဖြင့် လည်း ကမ္ဘာ့ဘဏ်မှ နှစ်စဉ်စိစစ်အကဲဖြတ်ထုတ်ပြန်လျက် ရှိသည့် Ease of Doing Business ပါ အနည်းစုပိုင်ဆိုင်သည့် အစုရှယ်ယာရှင်များ၏ အကျိုးစီးပွားကို အကာအကွယ် ပေးရေး ညွှန်းကိန်း (Protecting Minority Investor) တွင်လည်း ရမှတ်များတိုးတက်ရရှိလာနိုင်မည် ဖြစ်ပါ သည်။ သို့ရာတွင် စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ အရေအတွက်အနည်းဆုံး ၁၀ ခုနှင့်အထက်ရှိမှသာ အချို့သောရမှတ်များကို ထည့်သွင်းစဉ်းစားသုံးသပ် သည်ကိုလည်း မမေ့လျော့သင့်ပေ။

ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အမိန့်ကြော်ငြာစာပါ ပြဋ္ဌာန်းချက်များသည် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ များသာ လိုက်နာဆောင်ရွက်ရမည်မဟုတ်ဘဲ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကပိုင်ကုမ္ပဏီများ အနေဖြင့်လည်း ကိုက်ညီသည့်အချက်များကို မိမိတို့၏ သဘောဆန္ဒအလျောက် လိုက်နာကျင့်သုံးခြင်းအားဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး တိုးတက်ကောင်းမွန်သည့် အလေ့အကျင့်ကောင်းများကို ပြုစုပျိုးထောင်နိုင်ပါ စေကြောင်း အသိပေးတင်ပြလိုက်ပါသည်။

ရည်ညွှန်း -

www.secm.gov.mm

ဦးအောင်နိုင်ဦး၏ “မြန်မာနိုင်ငံအတွင်းရှိ

စီးပွားရေးလုပ်ငန်းများနှင့် ကော်ပိုရိတ် စီမံအုပ်ချုပ်မှု” ဆောင်းပါး၊

OECD မှ Mr. Kanta Fukami၊ Senior Policy Analyst ၏ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုဆိုင်ရာ ဆွေးနွေးတင်ပြချက်များ