အရည်အသွေးကောင်းပြီး ဘေးကင်းသည့် စားနပ်ရိက္ခာများ စိုက်ပျိုးထုတ်လုပ်

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေပြု စီးပွားရေးအဓိကနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး  စပါး၊  ပဲ၊  ပြောင်းတို့သာမက အခြားသော သီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ အမျိုးအမည်များစွာ စိုက်ပျိုးထုတ်လုပ်နိုင်သည့်   နိုင်ငံဖြစ်သည်။   သို့ရာတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် မိရိုးဖလာနှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထုတ်လုပ်သူများက   အများစုဖြစ်ပြီး    ရင်းနှီးမြှုပ်နှံ ဝင်ရောက်လုပ်ကိုင်မှု  နည်းပါးသည့်အတွက်  နည်းပညာအရ၊ ထုတ်လုပ်နိုင်မှုပမာဏနှင့် အရည်အသွေးအရ၊ ဈေးကွက်အရ အိမ်နီးချင်းနိုင်ငံများကို ယှဉ်ပြိုင်နိုင်စွမ်း နိမ့်ကျလျက်ရှိသည်။ 

 


မိမိတို့ ထုတ်လုပ်လိုက်သည့် စိုက်ပျိုးရေးထုတ်ကုန်များ ဈေးကွက်ရရှိနိုင်ရန်မှာ အရည်အသွေးကောင်းမွန်ရန် လိုအပ် ပြီး ရေရှည်တွင် ဈေးကွက်ခိုင်မာပြီး  ဖွံ့ဖြိုးတိုးတက်နိုင်ရန် အတွက်  ဘေးကင်းလုံခြုံသော  စိုက်ပျိုးရေးဆိုင်ရာ  အလေ့ အကျင့်ကောင်း GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သည့် သီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများဖြစ်ရန် လိုအပ်သည်။

 

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း(Good Agricultural Practices) ဆိုသည်မှာ  သီးနှံများ  စိုက်ပျိုးထုတ်လုပ်ရာတွင် ထုတ်ကုန်များ၌   စားသုံးသူများ  ဘေးအန္တရာယ်ဖြစ်စေပြီး ကျန်းမာရေးကို  ထိခိုက်စေနိုင်သည့်  ဓာတုအဆိပ်အကြွင်း အကျန်များ၊ ရောဂါပိုးမွှားများနှင့် မှိုအဆိပ်များ မပါဝင်စေဘဲ ထုတ်ကုန်များကို အရည်အသွေးကောင်းမွန်စေပြီး လုပ်သား များနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန် အလေးထား ဆောင်ရွက်ခြင်းပင်ဖြစ်သည်။

 


ပြည်တွင်းပြည်ပ   ဈေးကွက်များက  အရည်အသွေး ကောင်းမွန်ပြီး    ဘေးအန္တရာယ်ကင်းရှင်းသည့်  စိုက်ပျိုး ထွက်ကုန်များကိုသာ   ရွေးချယ်ဝယ်ယူကြမည်ဖြစ်ရာ  မိမိတို့ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီး ဝလံများကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း (GAP) နှင့်အညီ  စိုက်ပျိုးထုတ်လုပ်ထားကြောင်း  အသိအမှတ်ပြု လက်မှတ်များလည်း   လိုအပ်လာမည်ဖြစ်သည်။   GAP အသိအမှတ်ပြု လက်မှတ်ရရှိနိုင်ရန်အတွက် စတင်စိုက်ပျိုးမှု မှသည် ရိတ်သိမ်း၊ သိုလှောင်၊ သယ်ဆောင်သည့် လုပ်ငန်း ကွင်းဆက်တစ်လျှောက် စိုက်ပျိုးသည့်မြေသည် အန္တရာယ် ကင်းရှင်းရန်၊  စိုက်ပျိုးရာတွင် သုံးစွဲသည့်  ရေသည်လည်း သန့်ရှင်းစင်ကြယ်ရန်၊ မျိုးစေ့များနှင့် ပျိုးပင်များ ရောဂါပိုးမွှား ကင်းရှင်းရန်၊   ကောင်းမွန်သည့်   သဘာဝမြေဩဇာများကို သုံးစွဲရန် စသည်တို့ အပါအဝင် အချက် (၁၆) ချက်နှင့် ကိုက်ညီ ရန် လိုအပ်သည်။

 


ယခုအခါ ကမ္ဘာ့လူဦးရေသည် သန်းပေါင်း ၈၀၀၀ ကျော် ခဲ့ပြီ ဖြစ်သည်။ မိမိတို့၏ အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံမှာလည်း ကမ္ဘာ့လူဦးရေ   အများဆုံးနိုင်ငံများဖြစ်ရာ   စားနပ်ရိက္ခာ စိုက်ပျိုးထုတ်လုပ်သော မိမိတို့နိုင်ငံအနေဖြင့် အရည်အသွေး ကောင်းမွန်ပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းကာ ကျန်းမာရေးနှင့် ညီညွတ်စေသော စားသုံးကုန်များ ထုတ်လုပ် ခြင်းဖြင့် ခိုင်မာသော ဈေးကွက်များကို ရယူနိုင်သော အခွင့် အလမ်းကောင်းများ ရှိနေသည်။ စိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်ချက်များဖြစ်သည့်   ခေတ်မီသိုလှောင်ရုံစနစ်များ၊ သုတေသနနှင့်  ဓာတ်ခွဲခန်းများကို  တည်ထောင်ပေးခြင်းဖြင့် မြန်မာ့တောင်သူများ  စိုက်ပျိုးထုတ်လုပ်သည့်   သီးနှံများ၊ ဟင်းသီးဟင်းရွက်နှင့်  သစ်သီးဝလံများ  ပြည်တွင်း  ပြည်ပ ဈေးကွက်  အခိုင်အမာရရှိရေးအတွက် အရှိန်အဟုန်မြှင့်တင် ပေးနိုင်မည်ဟု ယုံကြည်မိပါကြောင်း။        ။