စိုက်ပျိုး၊ မွေးမြူ ထွက်ကုန်များကို တန်ဖိုးမြှင့် ကုန်ချောထုတ်လုပ်ရေး

 

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထုတ်ကုန်များကို ကုန်ကြမ်းများအဖြစ် အသုံးပြုပြီး တန်ဖိုး မြှင့်ထုတ်ကုန်များ  ထုတ်လုပ်သွားနိုင်ရန်အတွက်  ဒေသ အသီးသီးတို့တွင် ကြိုးပမ်းဆောင်ရွက်နေကြသည်ကို သတင်း များတွင် တွေ့ရှိရသည်။ နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင် အားဖြစ်သော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တွင် စိုက်ပျိုးမွေးမြူထွက်ကုန်များကို တန်ဖိုးမြှင့် ကုန်ချော များအဖြစ် ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်နေခြင်းက ကျေးလက်နေပြည်သူလူထုကြီး၏  လူမှုစီးပွားဘဝများကို မြင့်မားစေမည်ဖြစ်သည်။

 


စိုက်ပျိုးရေးနှင့် မွေးမြူရေး ထွက်ကုန်များကို အခြေခံပြီး တန်ဖိုးမြှင့်ကုန်ချောများ  ထုတ်လုပ်မှုကို   အစိုးရကချမှတ် သည့် မူဝါဒတစ်ရပ်ဖြစ်ခြင်းကြောင့် ဟန်ရေးပြလုပ်ဆောင်မှု မျှသာမဟုတ်ဘဲ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တောင်သူ များ၊ လုပ်ငန်းရှင်များ စသည့်ဘက်ပေါင်းစုံမှ ဝိုင်းဝန်းပူးပေါင်း ကာ အောင်မြင်မှုရရှိအောင်  ဆောင်ရွက်ခြင်းဖြင့် အကျိုး ကျေးဇူးများ ရရှိလာမည်ဖြစ်သည်။  လက်ရှိမိမိတို့နိုင်ငံရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေး အခြေခံစားသောက်ကုန်ဈေးကွက် တွင် ပြည်ပမှဝင်ရောက်လာသည့် စားသောက်ကုန် အမယ် များစွာမှာ  မြန်မာနိုင်ငံတွင်  စိုက်ပျိုးထုတ်လုပ်နေသည့် ကုန်ကြမ်းများကို အသုံးပြုပြီး တန်ဖိုးမြှင့်ထုတ်လုပ်နိုင်သည့် ကုန်စည်များ  ဖြစ်ကြသည်။ အချို့သော စားသောက်ကုန် များတွင် ပြည်တွင်းမှ ထုတ်လုပ်နေကြသော်လည်း ပြည်ပမှ တင်သွင်းလာသည့် စားသောက်ကုန်များနှင့် ယှဉ်ပြိုင်နိုင်ရန် ထုပ်ပိုးမှု၊  အရည်အသွေး၊  အနံ့အရသာ စသည်တို့ ပိုမို ကောင်းမွန်အောင် မြှင့်တင်ရန်၊ တီထွင်ဆန်းသစ်ရန်၊ အရည် အသွေးစစ်ဆေးမှု  ပိုမိုပြုလုပ်ရန်  လိုအပ်လျက်ရှိကြသည်ကို လည်း တွေ့ရသည်။

 


ထို့အပြင် ပြည်တွင်းဈေးကွက်သာမက  ပြည်ပဈေးကွက် များသို့ တင်ပို့ရောင်းချနိုင်ရေးအထိ ရည်မှန်းဆောင်ရွက်နိုင် မှသာ ပိုမိုအကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ရာ ထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့်တွင်   ပါဝင်သူတိုင်းက  အမြင်ကျယ်ကျယ်ဖြင့် ကြိုးပမ်းသွားကြရမည်လည်း ဖြစ်သည်။  အိမ်နီးချင်းနိုင်ငံ တစ်ခုက မိမိတို့နိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သည့်  ကြံ၊ ပြောင်း အစရှိသည့်  ကုန်ကြမ်းများကို  အပင်လိုက်၊  အဖူးလိုက် ကုန်ကြမ်းများအဖြစ်   အမြောက်အမြား   ဝယ်ယူသွားပြီး ဘာတစ်ခုမျှ  လွှင့်ပစ်ရသည်ဟူ၍မရှိအောင်  အသုံးချကာ  တန်ဖိုးမြှင့်ကုန်ချောပစ္စည်း အမျိုးအမည်များစွာ ထုတ်လုပ် ကြခြင်းဖြစ်ရာ  မိမိတို့နိုင်ငံအနေဖြင့်လည်း ရေရှည်တွင် နည်းပညာများ  မြှင့်တင်အသုံးပြုထုတ်လုပ်ရေး၊ တန်ဖိုးမြှင့် ထုတ်လုပ်မှုလုပ်ငန်းများတွင်  ပိုမိုရင်းနှီးမြှုပ်နှံရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းနှင့်အတူ  ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်ကာ စံချိန်စံညွှန်း အရည်အသွေးတို့ ပြည့်မီကောင်းမွန်သည့် စားသောက်ကုန်များ ထုတ်လုပ်သည့် နိုင်ငံအဖြစ် ရပ်တည်လာနိုင်သည်အထိ ဆောင်ရွက်သွားကြ ရန်လည်း လိုသည်။

 


ယခုအခါ ကမ္ဘာ့လူဦးရေသည်  သန်းပေါင်း ၈၀၀၀ သို့ ရောက်ရှိလာခြင်းနှင့်အတူ မျက်မှောက်ကာလ ကမ္ဘာ့အခြေ အနေများက စားနပ်ရိက္ခာများ ဖြည့်ဆည်းပေးရန် တောင်းဆို လျက်ရှိသည်။ လယ်ယာ သား ငါး စားနပ်ရိက္ခာများ ထုတ်လုပ် နိုင်ရန် အခြေခံကောင်းများရှိနေသည့် မိမိတို့နိုင်ငံအနေဖြင့် ပိုင်ဆိုင်ထားသည့် အရင်းအမြစ်များကို  အကျိုးဖြစ်ထွန်း အောင် အသုံးချကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး  ကြိုးပမ်းနိုင်ပါ စေကြောင်း။    ။