နိုင်ငံရေးသမားနှင့် ကိုယ်ကျင့်သိက္ခာ

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား ဆိုသည် မှာ လူတစ်ဦးအတွက် လွန်စွာအရေးကြီးသည့် အခြေခံစည်းမျဉ်းဟု ဆိုရပါမည်။ ချမ်းသာကြွယ်၀ခြင်း၊ ရာထူးဂုဏ်ဒြပ်ကြီးမားခြင်း၊ အောင်မြင်ကျော်ကြားထင်ရှားခြင်း အစရှိသည်တို့ထက် လူတစ်ဦး မြင့်မြတ်မှုကို သူ၏ ရိုးသားဖြူစင်မှုဖြင့်သာ တိုင်းတာနိုင်မည်ဟု ယူဆပါသည်။ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ သီလလုံခြင်းတို့ ကသာ လူတစ်ဦး၏ သိက္ခာကို ဖော်ပြနေမည် ဖြစ်ပါသည်။

ရိုးသားဖြူစင်မှုသည် လူတို့အတွက် လွန်စွာအရေးကြီးသည်ဟု ဆိုလျှင် နိုင်ငံရေးသမားတို့အတွက်ဆိုလျှင် အဆပေါင်းများစွာ ပိုမိုအရေးကြီးသည်ဟု ဆိုရပါမည်။ နိုင်ငံရေးသမားတို့ နိုင်ငံရေး လုပ်သည်မှာ အများအကျိုး၊ ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူလူထုအကျိုး အတွက် ကိုယ့်ကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် ကိုယ့်ဘာသာကိုယ် တာဝန်ယူကာ လုပ်ရသောအလုပ်ဖြစ်၏။

ထိုသို့ တာဝန်ယူဆောင်ရွက်ရန်အတွက် နိုင်ငံရေးအာဏာနှင့် လုပ်ပိုင်ခွင့်တာဝန်တို့ကို ရရှိရန်လို၏။ ထို နိုင်ငံရေးအာဏာနှင့် လုပ်ပိုင်ခွင့်တို့ကို ပြည်သူအများစုကပေးအပ်မှသာ ရနိုင်၏။ ပြည်သူ လူထု၏ ယုံကြည်မှုဖြင့်သာ ထိုတာဝန်ကို ယူနိုင်၏။

ထိုသို့ လုပ်ပိုင်ခွင့်တာဝန်နှင့် အာဏာကို လက်ဝယ်ထားပြီး အများအကျိုး၊ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးလုပ်ရာတွင်လည်း အဓိက အားဖြင့် လူတို့၏ တန်းတူညီမှု၊ တရားမျှတမှုတို့ကို အခြေခံ၍ လုပ်ရခြင်းဖြစ်၏။

ဤအခြေခံကို တည်ဆောက်ရာတွင် နိုင်ငံရေးသမားတို့သည် ကိုယ်တိုင်က သီလလုံဖို့၊ လူ့ ဂုဏ်သိက္ခာနှင့် ညီဖို့၊ ကိုယ်ကျင့်တရား ကောင်းမွန်ဖို့၊ နိုင်ငံရေးသမားကျင့်ဝတ်နှင့်အညီ ကျင့်ကြံနေထိုင် ဖို့တို့ကို မိမိဘာသာ ထိန်းကျောင်းစောင့်ရှောက်နေရပါသည်။

ထို့ကြောင့် နိုင်ငံရေးသမားတို့အတွက် အဓိကအကျဆုံးသည် ကား ရိုးသားဖြူစင်မှုဖြစ်သည်ဟု ဆိုရပါမည်။ ရိုးသားဖြူစင်မှုဖြင့် ကိုယ်ကျင့်တရားကောင်းမွန်မှုကို ထူထောင်ခြင်းဖြင့် ပြည်သူလူထု ၏ ယုံကြည်မှုကိုရကာ ပြည်သူလူထု၏ တာဝန်ပေးအပ်ခြင်းကို ခံရ မည်ဖြစ်၏။ လူထု၏ ယုံကြည်မှုကို မတည်ဆောက်နိုင်ဘဲ နိုင်ငံရေး အာဏာကိုရယူဖို့ ကြိုးစားခြင်းသည် နိုင်ငံရေးလုပ်ခြင်း မဟုတ်ဘဲ နိုင်ငံနှင့် ပြည်သူလူထုကို အနိုင့်အထက်ပြုကျင့်ခြင်းသာ ဖြစ်ပါ သည်။

ထို့ကြောင့် နိုင်ငံကို ဦးဆောင်လိုသူများသည် မတရားမှုကို ဆန့်ကျင်သူများ၊ မျှတမှု တန်းတူညီမှုတို့ကို အလေးအနက်ထားသူ များ ဖြစ်ရန်လိုပါသည်။ အမှားမှန်းသိပါလျက် မျက်စိစုံမှိတ်ကာ အမှန်ဟု ကြွေးကြော်နေကာမျှနှင့် အမှားသည် အမှန်ဖြစ်လာမည် မဟုတ်။

အထူးသဖြင့်မူ မြန်မာနိုင်ငံသူ နိုင်ငံသားတို့သည် နိုင်ငံရေး ပါးနပ်သူများဖြစ်၏။ နိုင်ငံရေး ပြဿနာတို့ကြားတွင် ရာစုနှစ်ဝက် ကျော် နေခဲ့ကြသူများ၊ နိုင်ငံရေးမတည်ငြိမ်မှု၏ ဆိုးကျိုးဘေးဒဏ်တို့ ကို ဖြတ်သန်းလျှောက်လှမ်းလာခဲ့ကြသူများ ဖြစ်လေရာ၊ ပြည်သူ လူထုအများစုသည် အမှားအမှန်ကိုသော် လည်းကောင်း၊ တရားမှု မတရားမှုကို လည်းကောင်း၊ ဖြူစင်မှု ညစ်ထေးမှုကို လည်းကောင်း လွယ်လင့်တကူ နားလည်သိမြင်နိုင်ကြသူများ ဖြစ်၏။ ညာနေသူ ကို သိ၏။ အဓမ္မသမားကို သိ၏။ နိုင်ထက်စီးနင်းပြုသူကို သိ၏။ စိတ်ထားမှန်ကန်သူကို သိ၏။ ဖြူစင်သူကိုသိ၏။ နိုင်ငံနှင့် ပြည်သူ လူထုအပေါ် သန့်ရှင်းသော မေတ္တာထားသူကိုသိ၏။

အချုပ်ဆိုရပါလျှင် မြန်မာပြည်သူတို့သည် မိမိတို့အကျိုးကို အမှန်တကယ် စေတနာထားသူကို အားကိုးလို၏။ မဟုတ်မမှန်သူ များကို ဆန့်ကျင်ကြ၏။ ဖိနှိပ်ချိုးနှိမ်မှုများအောက်ကပင် ဆန့်ကျင် ဖော်ပြရဲခဲ့သူများ ဖြစ်၏။

ပြည်သူလူထု၏ ယုံကြည်အားကိုးမှုကို ရရှိထားသူတို့ကလည်း ရိုးသားဖြူစင်မှုနှင့် ကိုယ်ကျင့်ကောင်းမွန်မှုကို ဆက်လက်ထိန်းသိမ်း ကာ စွမ်းဆောင်ရည်မြင့်မြင့်ဖြင့် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို ဆောင်ရွက်ကာ အနာဂတ်နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ကြ မည်ဟု မျှော်လင့်ယုံကြည်ကြပါကြောင်း။ ။