အမေရိကန်နိုင်ငံ၏ ရွေးကောက်ပွဲတွင် အာဏာလက်ကိုင် သမ္မတ ဖြစ်သော ဒေါ်နယ်ထရမ့်က မဲရှုံး၏။ ပြည်နယ်အလိုက် ကိုယ်စားပြု ပေးရသည့် မဲအရေအတွက်တွင် ပြိုင်ဘက်ဒီမိုကရက်တို့က မဲအသာ ဖြင့် နိုင်၏။ ယင်းကို ထရမ့်က မဲမသမာမှုဖြစ်သည်ဟုဆိုကာ ပြည်နယ် တရားရုံးများတွင် တိုင်၏။ မဲပြန်လည်ရေတွက်၏။ ရှုံးမြဲ ရှုံး၏။ တရားရုံးတို့၏ အဆုံးအဖြတ်အားလုံးကလည်း ထရမ့်ရှုံးသည်ဟူ၍ ဖြစ်၏။ ထိုအရှုံးကို လက်မခံနိုင်သောထရမ့်က သူ့ကိုထောက်ခံကြ သော လူအစုအဝေးကိုစည်းရုံးကာ လွှတ်တော်ကို စီးနင်းဝင်ရောက်ပြီး အကြမ်းဖက်မှုများဖြစ်၏။ ထိုအခါ ထရမ့်၏ ပါတီခေါင်းဆောင်များနှင့် ထရမ့်၏ ဒုတိယသမ္မတဖြစ်သူတို့ကပါ ထရမ့်ကို ဆန့်ကျင်ကြတော့ သည်။ ကိုယ့်ပါတီကို ကာကွယ်ရန်ဟူသည့် အကြောင်းပြချက်ဖြင့် အမှားဘက်တွင် မရပ်တည်နိုင်ပြီ။ ပြည်သူ့ဘက်က လိုက်မည်ဟု ကြေညာ၏။
ယင်းကိုပင် ဒီမိုကရေစီ၏ အနှစ်သာရကို လက်မခံနိုင်ကြသည့် အချို့သော အင်အားစုတို့က ထို ရီပတ်ဘလီကန် ခေါင်းဆောင်များ နှင့် ဒုတိယသမ္မတတို့ကို သစ္စာမရှိသူများအဖြစ် သမုတ်ကြလေသည်။ ယင်းအဆိုကို ပါတီအပေါ် သစ္စာမရှိသူများ၊ အမှန်တရားအပေါ် သစ္စာရှိသူများ၊ ပြည်သူလူထုအပေါ် သစ္စာရှိသူများဟု ဆိုရပါမည်။
ရှစ်လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံကြီးဖြစ်လာသည့် အခါ လမ်းစဉ်ပါတီ၏ လောင်းရိပ်အောက်တွင် အကြောင်းအမျိုး မျိုးဖြင့် ရှိနေကြသည့် များစွာသောသူတို့သည် ဒီမိုကရေစီဘက်သား များဖြစ်လာသည့်အခါ ထိုစဉ်က အာဏာရအစိုးရ၏ ထိပ်သီး ခေါင်းဆောင်ကြီးတစ်ဦးက သာကူးတွေဟူသော အသုံးအနှုန်းကို သုံးစွဲခဲ့ဖူး၏။ အနေအထားကို ဆင်ခြင်ရာတွင် အမှန်တရားကို ထည့်သွင်းမစဉ်းစားခဲ့ဘဲ ပြောမိခဲ့သည်ဟု ဆိုရမည်။ ထိုသို့ မှားယွင်း နေသည့် တစ်ပါတီအာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်ဆီသို့ ပြောင်းလဲကြရန်လိုသည်ဆိုသော အမှန်တရားဘက်သို့ ကူးပြောင်း လာကြခြင်း ဖြစ်ပါသည်။ လူသည် အယူအဆတွင် ဖြစ်စေ၊ ပြုမူ ဆောင်ရွက်မှု၌ ဖြစ်စေ မှားနေပြီဆိုလျှင် အမှားမှန်း သိရန်လို၏။ ထိုသို့ သိပြီးသည့်နောက် အမှန်ကို ပြောင်းလဲပြုပြင်ရန်လည်း လို၏။
ဘုရားအလောင်းတော် သိဒ္ဓတ္ထသည် မင်းစည်းစိမ်ကို စွန့်ကာ လောကသစ္စာကို ရှာဖွေမည်ဟူသည့် ပိုင်းဖြတ်မှုဖြင့် တောထွက် ကာ တရားကျင့်၏။ ဥရုဝေလတောအုပ်တွင် မလျှော့သောဇွဲဖြင့် တရားကျင့်တော်မူရာ၌ ခေါင်းခေါင်းပါးပါး ပြင်းပြင်းထန်ထန် ခြိုးခြံ ကျင့်နိုင်မှ တရားထူးရမည်ဟူသော အတွေးအခေါ်များ လွှမ်းမိုးနေ သည့် ခေတ်ကာလဖြစ်လေရာ ထိုအယူအတိုင်း အလောင်းတော် လည်း ဒုက္ကရစရိယာကို ခြောက်နှစ်တိုင်တိုင် ကျင့်တော်မူ၏။ အစား အစာကိုစားသည် မဆိုရုံသာ စား၏။ မနားမနေ တရားကျင့်၏။ တစ်ချိန်တွင် မိမိ၏ တရားကျင့်ပုံကို ဆင်ခြင်မိသည့်အခါ အစွန်း ရောက်နေသော အယူအဆကိုမြင်၏။ ကာမဂုဏ်စည်းစိမ်ကို နှစ်ခြိုက်မွေ့လျော်ခြင်းလည်းမဟုတ်၊ မိမိကိုယ်ကိုယ် နှိပ်စက်ညှဉ်းပန်း မှုလည်း မဖြစ်မည့် မဇ္ဈိမပဋိပဒါဟူသည့် အလယ်အလတ်လမ်းစဉ် ကို လက်ခံပြောင်းလဲ၍ ဝိပဿနာတရားကို ဆက်လက်ကျင့်တော်မူ ကာ ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။
လူသည် မှားတတ်၏။ အမှားကို သိဖို့လိုအပ်သကဲ့သို့ အမှားကို ပြုပြင်ကာ အမှန်သို့ ပြောင်းလဲရဲရန်လည်း လို၏။ အယူအဆမှား အပြုအမူအမှားကို ရာသက်ပန်ဖက်တွယ်ထားရန်မဟုတ်။ အတွေ့ အကြုံနှင့် ဉာဏ်အမြင်အလျောက် ပြောင်းလဲမှုရှိရမည်ဖြစ်၏။ ထို ပြောင်းလဲမှုမှာ အကောင်းဘက်သို့ ဦးတည်သည့် ပြောင်းလဲမှု ဖြစ်ရန်သာလို၏။ ယင်းသို့ပြောင်းလဲမှုသည် မှန်ကန်သောပြောင်းလဲ မှုဖြစ်ရေးက အရေးကြီး၏။
အထက်ပါ အတွေးအမြင်ကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတွင် ထည့်သွင်းဖော်ပြခဲ့၏။ အလေးနက်ပြု စဉ်းစားထိုက်သည့် အယူအဆ ဖြစ်ပါသည်။ အချို့သော ပြောင်းလဲမှုများကိုဆင်ခြင်ရာတွင် မိမိ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကိုမျှော်ကာ ပြောင်းလဲခြင်း မဟုတ်ဘဲ အများပြည်သူ၏ အကျိုးစီးပွားကိုကြည့်သည့် ပြောင်းလဲမှု၊ လောက အကျိုးစီးပွားကို အလေးပေးသည့် ပြောင်းလဲမှု၊ အယူအဆမှားက အယူအဆမှန်၊ အပြုအမူမှားက အပြုအမူမှန်ကို ပြောင်းကြခြင်းကို ကြိုဆိုထောက်ခံ အားပေးကြရမည်ဟု ယုံကြည်ပါ၏။
အမှားကိုမြင် အမှန်ကို ပြင်နိုင်ကြပါစေသတည်း။ ။