အခြေခံသတင်းစာပညာနှင့် ကျင့်ဝတ်

Type
၁

ဆောင်းပါး

======

 

အခြေခံသတင်းစာပညာနှင့် ကျင့်ဝတ်

=====================

 

မောင်ဖေလှိုင်

 

“သတင်းစာဆရာတစ်ဦးသည် အလွန်ထူးသော သတင်း တစ်ပုဒ်ရသောအခါ ထိုသတင်းကို ရေးသားဖော်ပြခြင်းဖြင့် သတင်းဦး၊ သတင်းထူးဖြစ်သောကြောင့် မိမိသတင်းစာ အတွက် အကျိုးရှိမည်ဖြစ်သော်လည်း အဆိုပါသတင်းရေးသားဖော်ပြခြင်းဖြင့် တိုင်းပြည်အကျိုးယုတ်မည့်ကိစ္စ မျိုးဖြစ်ပါက တိုင်းပြည်အကျိုးကို ဦးစားပေး၍ ထိုသတင်း ကို ဖော်ပြခြင်းမပြုရ။”

အထက်ပါကဲ့သို့ သတင်းသမားများ လိုက်နာအပ် သော သတင်းစာဆရာ၏ တာဝန်နှင့်ကျင့်ဝတ်ကို သတင်းစာ ဆရာကြီး ဂါဒီယန်ဦးစိန်ဝင်းက “အခြေပြသတင်းစာ ပညာ”စာအုပ်၌ ပြဆိုဖော်ပြထားခဲ့ပါသည်။

 

ဆရာဦးစိန်ဝင်းသည် မြန်မာ့အလင်း၊ စီးပွားရေး စသည့် မြန်မာသတင်းစာများ၊ အလုပ်သမားဂေဇက်၊ နယူးတိုင်းအော့(ဖ်)ဘားမားနှင့် နေးရှင်းအင်္ဂလိပ် သတင်းစာများ၌ သတင်းထောက်ချုပ်၊ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ၁၉၅၈ ခုနှစ် မတ်လမှ ၁၉၆၃ ခုနှစ် မေလကုန်အထိ ဂါဒီယန်သတင်းစာ၏ အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပါ၏။

 

သတင်းထောက် ၆၀၀ ကျော် တက်ရောက်

 

၁၉၆၀-၁၉၆၁၊၁၉၆၁-၁၉၆၂ ခုနှစ်များ၌ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း (Burma Journalists Association) ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေစဉ် ၁၉၆၂ ခုနှစ် ဩဂုတ် ၁၁ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေတွင် ပြည်လုံးကျွတ် သတင်းထောက်များ သတင်းစာ ရက်တို သင်တန်းပို့ချခဲ့ရာ ဆရာ ဂါဒီယန် ဦးစိန်ဝင်း ဦးဆောင်၍ သတင်းစာဆရာကြီးများက ဘာသာရပ်အလိုက် ပို့ချပေးခဲ့ ကြပါသည်။ ယင်းသင်တန်းသို့ မြန်မာတစ်နိုင်ငံလုံးမှ သတင်းထောက် ၆၀၀ ကျော် တက်ရောက်ခဲ့ကြပေ သည်။

 

အဆိုပါသင်တန်းတွင် ပို့ချခဲ့သော ဘာသာရပ်များကို မြန်မာနိုင်ငံသတင်းစာဆရာများအသင်းကပင် စာအုပ် အဖြစ် ပုံနှိပ်ထုတ်ဝေခဲ့ပါ၏။ ၁၉၆၃ ခုနှစ် ဧပြီလက ပထမ အကြိမ်ထုတ်ဝေခဲ့ရာ ထိုစဉ်က မျက်နှာဖုံးဒီဇိုင်းကို ဟယ်ရီ အောင်က ပြုလုပ်ပေးခဲ့ပါ၏။

 

ယင်းစာအုပ်တွင် ဆရာဂါဒီယန် ဦးစိန်ဝင်းက “သတင်းဟူသည်၊ သတင်းလိုက်နည်း ၁+၂၊ နောက်ဆက်တွဲ သတင်းလိုက်နည်းနှင့် သတင်းရေးနည်း” ဘာသာရပ်များ ကို ဦးဆောင်ပို့ချပေးခဲ့ပါသည်။

 

ဆရာဇေယျက ‘မြန်မာသတင်းစာသမိုင်း’၊ ယူပီအိုင် ဦးဘသန်းက ‘ရှေးခေတ်သတင်းစာ အတွေ့အကြုံ’နှင့် ဆရာဦးသန်းတင့်(ဓူဝံ)က ‘ရှေးခေတ်နှင့်ယခုနှစ်သတင်းစာ’ စသော ဘာသာရပ်များကိုလည်းကောင်း၊ ဆရာဇဝန (ဦးသိန်း)က ‘သတင်းစာသုံးမြန်မာစာ’နှင့် မိုးကြိုးဦးအုန်းခင်က ‘မြန်မာစာရေးနည်း’ဘာသာရပ်များကို ပို့ချခဲ့ပေသည်။

 

ထို့အတူ သတင်းဓာတ်ပုံနှင့်ပတ်သက်၍ တက္ကသိုလ် ထင်ကြီး၊ သတင်းထောက်တာဝန်ဝတ္တရား ဘာသာရပ်ကို ဦးဘဖေ(ဟံသာဝတီ)နှင့် ဆရာဦးစိုးမောင်(သာဂရငစိုး)က စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းနှင့်ပတ်သက်၍ ပို့ချခဲ့ကြ ပါသည်။

 

ယင်းသင်တန်းမှ ပို့ချချက်များကို စာအုပ်အဖြစ် စုစည်းထုတ်ဝေခဲ့ရာ၌ ထိုစဉ်က ကြေးမုံသတင်းစာ အယ်ဒီတာ(နောင် ဟံသာဝတီဦးဝင်းတင်)က တည်းဖြတ်ပေး ခဲ့ခြင်းဖြစ်ပါ၏။

 

ဆရာဂါဒီယန်ဦးစိန်ဝင်းက ယင်းစာအုပ်၏အမှာတွင် အောက်ပါအတိုင်း ထည့်သွင်းဖော်ပြထားခဲ့ပါသည်-

“ကျွန်တော်တို့နိုင်ငံတွင် သတင်းစာလုပ်ငန်း၌ ဆောင် ရွက်နေသူများ၏အရေအတွက်သည် အားရဖွယ်ကောင်း လောက်အောင် ကြီးမားလေသည်။ ထိုသို့အရေအတွက် ကြီးမားသည်နှင့်အမျှ ထိုသတင်းစာလောကသားတို့၏ အရည်အချင်း အဆင့်အတန်းကို လက်ရှိမြင့်မားသော အခြေထက် ပိုမိုတိုးမြင့်ကျယ်ပြန့်စေသောငှာ ဆောင်ရွက် နိုင်သော် မြန်မာသတင်းစာလောကသည် တာဝန်သိသော သတင်းစာဆရာတို့ဖြင့် ပြည့်လျှမ်းသော သတင်းစာလောက အဖြစ်သို့ မုချတက်လှမ်းနိုင်မည် ဖြစ်ပေသည်။”

 

မြန်မာစာနယ်ဇင်းနယ်ပယ်တွင် ‘ဂျာနယ်ကျော်’ နှင့် တွဲစပ်၍ ထင်ရှားသောပုဂ္ဂိုလ်လေးဦး ရှိခဲ့ဖူးပါသည်။ ဂျာနယ်ကျော်ဦးချစ်မောင်၊ ဂျာနယ်ကျော်မမလေးတို့သည် သတင်းစာဆရာမောင်နှံဖြစ်ကြ၍ ဂျာနယ်ကျော်၌ သတင်း ဆောင်းပါး၊ ဝတ္ထုရေးသားသူနှင့် အယ်ဒီတာအဖြစ် ဂျာနယ် ကျော် တင့် ဆွေနှင့် ဂျာနယ်ကျော် စောဦးတို့နှစ်ဦးသည်လည်း လူသိများထင်ရှားခဲ့ကြပါသည်။

 

“သတင်းစာအခြေခံပညာ” အမည်ရှိစာအုပ်

 

လွတ်လပ်ရေးရပြီးစခေတ်တွင် သတင်းစာပညာနှင့် ဆက်နွှယ်၍ စာပေဆုရခဲ့ဖူးသော စာအုပ်တစ်အုပ်မှာ “သတင်းစာအခြေခံပညာ” အမည်ရှိစာအုပ်ဖြစ်ပါ၏။ ယင်းစာအုပ်ကို ရေးသားခဲ့သူမှာ “ဂျာနယ်ကျော် တင့်ဆွေ” ဖြစ်၍ ၁၉၅၂ ခုနှစ် ဒီဇင်ဘာလက ထုတ်ဝေခဲ့သော ယင်း စာအုပ်သည် ၁၉၅၂ ခုနှစ်အတွက် စာပေဗိမာန်စာပဒေသာဆု ကို ဆွတ်ခူးခဲ့ခြင်းပင် ဖြစ်ပါသည်။

ရှုမဝစာအုပ်တိုက်၏ (၇၅)အုပ်မြောက်အဖြစ် ထုတ် ဝေခဲ့သော ယင်းစာအုပ်သည် သက်တမ်းအားဖြင့် (၆၈)နှစ် ကြာမြင့်ခဲ့ပေပြီ။ ယင်းစာအုပ်အဖွင့်စာမျက်နှာတွင် ရန်ကုန် တက္ကသိုလ် သတင်းစာသင်တန်း ကထိကဦးညိုမြ (နောင် မောင်သုမန)တည်းဖြတ်၍ ဟံသာဝတီအယ်ဒီတာအဖွဲ့ဝင် ‘ဂျာနယ်ကျော်တင့်ဆွေ’ စုဆောင်းရေးသားသော ‘သတင်းစာ အခြေခံပညာ’ ဟူ၍ ဖော်ပြထားပြီး စာအုပ်တန်ဖိုးမှာ တစ်အုပ် ငါးကျပ်ဖြစ်ကြောင်း ဖော်ပြထားပါ၏။

 

ဆရာသည် မြို့မကျောင်းတွင် ကျောင်းတက်နေရာမှ ဝါသနာပါရာ သတင်းစာနယ်ပယ်သို့ ၁၉၃၇ ခုနှစ်မှစ၍ ဆယ်သန်း၊ လမ်းညွှန်၊ ဂျာနယ်ကျော်၊ တိုးတက်ရေး၊ သူရိယ၊ ပြည်သူ့ဟစ်တိုင်၊ ဟံသာဝတီ၊ ဂါဒီယန်၊ အမျိုးသားနှင့် ပြည်ထောင်စု စသည့် သတင်းစာတိုက်များ၌ သတင်း ထောက်၊ သတင်းထောက်ချုပ်၊ သတင်းအယ်ဒီတာ၊ တာဝန်ခံ အယ်ဒီတာအဆင့်အထိ နှစ်ပေါင်း ၃၀ မျှ သတင်းစာလောက ၌ ကျင်လည်ခဲ့ပြီး ‘ဂျာနယ်ကျော်’ တွင် ဖော်ပြခဲ့သော ‘ပြဿနာ’ ဝတ္ထုတိုမှအစပြု၍ ‘ဂျာနယ်ကျော် တင့်ဆွေ’ ကလောင်အမည်ကို စတင်အသုံးပြုခဲ့ပါသည်။ နိုင်ငံခြား သတင်းဌာန သတင်းထောက်အဖြစ် ရိုက်တာ၊ အေပီနှင့် ယူပီအိုင်တို့၌လည်း လုပ်ကိုင်ခဲ့ပါသည်။

 

ဤစာအုပ်အတွက် ဆရာမကြီး ဂျာနယ်ကျော် မမလေးက အမှာစာရေးသားပေးခဲ့ရာ၌ “သတင်းစာအခြေခံ ပညာသည် သမုဒ္ဒရာပမာ အပြောကျယ်သည်ဟု စကားပမာ ဆိုလို၏။ ဤသို့ အသိဉာဏ်ပညာဗဟုသုတ ကြီးကျယ်စေ သည့် အပြန့်ကျယ်ဝန်းလှသော ဤပညာရပ်ကြီးကို ဦးတင့် ဆွေသည် ဤစာအုပ်တွင် လုပ်ငန်းသဘောသွားများနှင့်တကွ အဘက်ဘက်က လိုလေသေးမရှိအောင် မကြွင်းမကျန် ပြည့်စုံလုံလောက်စွာ ဖော်ပြထားပြီးဖြစ်သည်ဟု မဆိုနိုင်စေ ကာမူ သတင်းစာနယ်ထဲသို့ရောက်ခဲ့ရသည့် သတင်းထောက် ဘဝကလေးက အခြေပြု၍ သူကျင်လည်နေသည့် သတင်းစာလောကသံသရာကြီးသည် အပြန့်မည်မျှ ကျယ်ဝန်းကာ ဇောက်မည်မျှနက်ကြောင်းကို ထောက်၍ ထင်ရှားစွာပြ စွမ်းဆောင်သွားရှာပါပေသည်။” ဟူ၍ ၁၃၁၁ ခု တပေါင်းလဆန်း ၁၂ရက် ရက်စွဲဖြင့် ရေးသား ပေးထားပါသည်။

 

ဘာသာမပြန်တတ်၍ ပို၍ ခေါင်းခဲခဲ့ရ

 

၁၉၃၇ ခုနှစ်၌ မြို့မကျောင်းဆရာကြီး ဦးဘလွင်၏စာဖြင့်ကျောင်းမှထွက်ခဲ့သော ကိုတင့်ဆွေသည် မြို့မမောင် ခေါ် ဦးအောင်မြင်ထံ၌ သတင်းထောက်ပေါက်စဘဝဖြင့် သတင်းနယ်ပယ်တွင် စတင်ခြေချခဲ့ပါ၏။ ကနဦး သတင်း ထောက်ပေါက်စဘဝ ပထမပတ်အတွင်း၌ပင် ကိုတင့်ဆွေ အတွက် အခက်ကြုံခဲ့ရသည်က အမှတ်ရစရာ ဖြစ်ခဲ့ပါ၏။ အယ်ဒီတာဖြစ်သူက အထက် လွှတ်တော်သို့ သွားရောက် သတင်းယူစေခဲ့ရာ ဘာမျှနားမလည်၍ အခက်တွေ့ခဲ့ခြင်း ဖြစ်သည်။ ယင်းကာလက လွှတ်တော်စာတမ်းများကို အင်္ဂလိပ်ဘာသာဖြင့်သာ ရေးသားဖြန့်ဝေလေ့ရှိရာ ဘာသာ မပြန်တတ်၍ ပို၍ ခေါင်းခဲခဲ့ရပါတော့သည်။ ထိုစဉ်က အမတ်မင်းအချို့တို့ထံ ချဉ်းကပ်၍ ရှင်းလင်းပြောပြစေခြင်း ဖြင့် သတင်းစာတိုက်၏ လိုလားချက်နှင့်ကိုက်ညီစွာ သတင်းရေးသားဖော်ပြနိုင်ခဲ့ပါ၏။

 

ကိုတင့်ဆွေသည် သဘောထားပြည့်ဝသော သတင်း ထောက်ကြီးအချို့ကို ဆရာတင်၍ သတင်းရေးနည်းကို နည်းနာခံဆည်းပူးခဲ့ပါသည်။ ကိုတင့်ဆွေ၏ အာစရိယကြီး များမှာ မြန်မာ့အလင်းမှ ဦးဘနှင်း၊ ဟံသာဝတီဦးစိန်၊ ပြန်ကြားရေးဦးဘသိန်း(နောင်ဗမာ့ခေတ်)နှင့် ဦးကိုကို လေး (ဗမာ့ခေတ်) စသော သတင်းထောက်ကြီးများ ဖြစ်ကြပါသည်။

 

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့၌ ဗိုလ်ချုပ် အောင်ဆန်းနှင့် ဝန်ကြီးအဖွဲ့လုပ်ကြံခံရချိန်တွင် ကိုတင့်ဆွေ သည် “ဟစ်တိုင်သတင်းစာ”၌ သတင်းထောက်အဖြစ် လုပ်ကိုင်လျက်ရှိပါ၏။ ယင်းသတင်းကို ၎င်းက အခြား သတင်းစာများထက် ဆောလျင်စွာ လုံးစေ့ပတ်စေ့ ပြည့်ပြည့်စုံစုံ ရေးသားဖော်ပြနိုင်ခဲ့ရာ ဟစ်တိုင်သတင်းစာ ၏ စောင်ရေ ၃၀၀၀ မှ ၁၀၀၀၀ အထိ ထိုးတက်သွားခဲ့ ပေသည်။

 

သတင်းထောက်ကောင်းများ၏တန်ဖိုးနှင့် ကျေးဇူး တရားကို သိမြင်သော တိုက်ပိုင်ရှင် ဒေါ်တင်လှိုင်က ထမင်းစားပွဲလုပ် ဂုဏ်ပြုခဲ့ကာ ငွေကျပ်၂၀၀နှင့် စက်ဘီး တစ်စီးကို ချီးမြှင့်ပေးအပ်ခဲ့ပါ၏။

 

ဤစာအုပ်၏ ‘စကားချီး’ အဖြစ် ဂျာနယ် ကျော်တင့်ဆွေက ရေးသားရာတွင် “စာရေးသူသည် ၁၉၃၇ ခုနှစ်မှစပြီး ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ပွားမီ အချိန်အထိ သတင်းစာလောကထဲသို့ ဆင်ကန်းတောတိုး ဝင်ရောက်ခဲ့ရပါသည်။ သတင်းစာတည်းဟူသော အလွန် နက်နဲကျယ်ဝန်းလှသော တီးကွက်ကကြိုးကို လည်း ဘာမျှမသိမမြင်ဘဲလျက် ဆရာကြီးဦးဘလွင်နှင့် ဆရာ မြို့မမောင်တို့က ကားလိပ်ကြားမှနေပြီး သတင်းစာ လောကဇာတ်ခုံပေါ်သို့ အတင်းတွန်းထိုးလွှတ်လိုက် သည့် အချိန်ကစပြီး ကိုယ့်ကိုယ်ကိုယ်လည်း ဘာကောင်မှန်း မသိ လက်မြှောက်လိုက်၊ ခြေကွေးလိုက်နှင့် ကချင်သလို ကပြ အသုံးတော်ခံရပါသည်” ဟူ၍ ဖွင့်ဟဝန်ခံစကား ဖော်ပြ ထားပါသည်။

 

ဂျပန်ခေတ်တစ်ခေတ်လုံး တောသို့ပြေးရင်း အချိန် များစွာရခဲ့၍ ကံအားလျော်စွာ Mr. Abdul Majid Rau-B.A ရေးသားခဲ့သော Journalism As A Career စာအုပ်နှင့် Andrews ရေးသည့် History of British Journalism in England စသော စာအုပ်များကို ဖတ်ခွင့်ရခဲ့ပါကြောင်း၊ ယင်းစာအုပ်များကို ဖတ်ရှုရသည့်အချိန်မှစ၍ ဒုတိယ ကမ္ဘာစစ်ဖြစ်လုနီးကာလအထိ စာတွေ့သတင်းစာ အခြေခံ ပညာဆို၍ တစ်ရွေးသားမျှမရှိပါဘဲ သတင်းစာလောကသို့ ဆင်ကန်းတောတိုး ဝင်ရောက်လုပ်ကိုင်မိခြင်းအတွက် ကိုယ့်လိပ်ပြာကိုယ်ရှက်မိပြီး အကြောက်ကြီး ကြောက်သွား ခဲ့ရပါကြောင်း ဝန်ခံစကားဆိုထားပေသည်။

 

စာမျက်နှာ ၃၀၀ ကျော် ရေးသားစုစည်း ဖော်ပြ

 

ယခုစာအုပ်တွင် စာရေးသူ ဂျာနယ်ကျော်တင့်ဆွေက ‘သတင်းစာဆရာဆိုတာဘာလဲ’ ခေါင်းစဉ်စာစုက အစပြု၍ ကမ္ဘာ့သတင်းစာနယ်ပယ်အကြောင်း စေ့ငုဖော်ပြထား သကဲ့သို့ ‘သတင်းစာရာဇဝင်၊ သတင်းစာဆရာ၊ ဗမာစာပေ၊ ပုံနှိပ်ပညာ၊ သတင်းစာအခြေခံပညာ၊ တရားရုံးသတင်း ထောက်၊ ပါလီမန်နှင့်သတင်းထောက်၊ နိုင်ငံရေးသတင်း ထောက်၊ သတင်းစာအထားအသို၊ ခေါင်းကြီးပိုင်းရေးသား နည်း စသည်ဖြင့် စာမျက်နှာ ၃၀၀ ကျော် ရေးသားစုစည်း ဖော်ပြထားခဲ့ပါသည်။

 

ဂျာနယ်ကျော်တင့်ဆွေသည် ယခုစာအုပ်ရေးသား ပြုစုရန်အတွက် မြန်မာစာပေသမိုင်း (ဦးဖေမောင်တင်)၊ စာပေလောက (ဆရာ မင်းသုဝဏ်၊ ဆရာဇော်ဂျီ) နှင့် မြန်မာ နိုင်ငံတော် တိုင်းပြည်ပြုလွှတ်တော် ပါလီမန်လွှတ်တော် နည်းဥပဒေစသည့် စာအုပ်များကို ဖတ်ရှုကိုးကားခဲ့ပါသည်။

 

ထို့အပြင် ဆရာကြီး ဦးဘဖေ၊ ဝန်ကြီးဦးထွန်းဖေ၊ ပြန်ကြားရေးအရာရှိ ဦးဘသန်း၊ ဆရာတက်တိုး၊ ဟံသာ ဝတီ အယ်ဒီတာဦးသွင်နှင့် တွဲဖက်အယ်ဒီတာ ဦးဘဖေ စသောပုဂ္ဂိုလ်များအား တွေ့ ဆုံမေးမြန်း စုဆောင်းခဲ့ကြောင်း သိရပါသည်။

 

ဆရာ ဂျာနယ်ကျော်တင့်ဆွေ၏ သားတစ်ဦးဖြစ်သူ ဒေါက်တာစန်းဦးနှင့် မိမိတို့သည် လွန်ခဲ့သောနှစ်ပေါင်း ၂၀ ကျော် မိမိအယ်ဒီတာအဖြစ်ဆောင်ရွက်စဉ်ကပင် သိရှိ ရင်းနှီးခဲ့ကြပါ၏။ ထိုစဉ်က ဒေါက်တာစန်းဦးသည် မြန်မာ့ လျှပ်စစ်လုပ်ငန်း၏ အမှုဆောင်အင်ဂျင်နီယာအဖြစ် တာဝန် ယူထားချိန်ဖြစ်၍ နောင်အခါ ဦးဆောင်ညွှန်ကြားရေး မှူးအဖြစ်မှ အငြိမ်းစားယူခဲ့သော ပုဂ္ဂိုလ်ဖြစ်ပါသည်။

 

“အဖေက ကျွန်တော် အထက်တန်းကျောင်းသား ဘဝကတည်းက သတင်းထောက်လုပ်နေပါပြီ။ ပရမတ်နဲ့ ပညတ်စတဲ့ စကားရပ်တွေကို အဖေကပြောဖူးလို့ သဘော တွေ့သိမြင်ခဲ့ရတာပါ။ အဖေ့လက်ရေးက သော့တယ်၊ သတင်းထောက်လုပ်နေတုန်းက မှတ်စုရေးတာတွေ၊ ဦးသောင်း (ဆရာအောင်ဗလ)က ကြေးမုံသတင်းစာ မထုတ်ဝေမီ အဖေနဲ့လာပြီး အကြံဉာဏ်တောင်းခဲ့တာတွေ၊ အဖေနဲ့ရင်းနှီးတဲ့ သတင်းထောက်တစ်ဦးက ဗမာ့ခေတ် သတင်းစာက သတင်းထောက်ဦးကျော်မြင့် စတာတွေကို တော့ မှတ်မိနေဆဲပါ” ဟူ၍ မိမိအား ဒေါက်တာစန်းဦးက အမှတ်တရ ပြောပြခဲ့ပါ၏။

 

ဂျာနယ်ကျော်တင့်ဆွေသည် ၁၉၅၀ ပြည့်နှစ်က “ကမ္ဘာဖြူ”၊ “မြေအောင်းပါမောက္ခနှင့် ပါမောက္ခ တင်း ဖရိတ်” အမည်ရှိ သိပ္ပံဝတ္ထုများကို မြန်မာစာပေလောက၌ ဗွေဆော်ဦးရေးသားနိုင်ခဲ့သည့် စာရေးဆရာတစ်ဦးလည်း ဖြစ်ပါသည်။ ၎င်း၏ “တစ်နေဝင်သော်၊ ဒီလှိုင်းလေး များခြေရာ၊ နှောင်းလေသည့်မိုး၊ တိုင်းပြည်နှင့်လူမျိုး အတွက်” စသည့် ဝတ္ထုရှည်များမှာ လူသိများခဲ့ပြီး ရုပ်ရှင်သီချင်းနှင့် ဇာတ်ညွှန်းများကိုလည်း ရေးသားခဲ့ ပါသည်။

 

“သတင်းစာအခြေခံပညာ” စာအုပ်အပြင် အမျိုး သားစာပေဆု၊ စာပဒေသာ စတုတ္ထဆုကို “ကလောင် စစ်သား” စာအုပ်ဖြင့် ရရှိခဲ့သော ဆရာသည်သတင်းစာ အသင်း၏ ‘စတုတ္ထမဏ္ဍိုင်ဆု’မှ “အကောင်းဆုံး သတင်း ထောက်ဆု” ကိုလည်း ဆွတ်ခူးရရှိခဲ့သူ ဖြစ်ပါသည်။

 

၁၉၁၇ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်းရပ်၌ အဖ ဦးသာလူ၊ အမိ ဒေါ်စောမြတို့က မွေးဖွားခဲ့သော ဂျာနယ်ကျော်တင့်ဆွေသည် ၁၉၈၂ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့၌ ရန်ကုန်မြို့ မြောက်ဥက္ကလာပ (ဆ)ရပ်ကွက် ခေမာသီလမ်းသွယ် နေအိမ်၌ ကွယ်လွန် ခဲ့ပါကြောင်း စေ့ငုမှတ်တမ်းပြုဖော်ပြလိုက်ရပါသည်။

 

စာကိုး - ဂျာနယ်ကျော်တင့်ဆွေ၏ “သတင်းစာ အခြေခံပညာ” (၁၉၅၂) (ရှုမဝစာပေတိုက်)၊

- ဂါဒီယန်စိန်ဝင်း၏ “အခြေပြသတင်းစာ ပညာ”

- ၁၉၆၃ ခုနှစ် ပြည်လုံးကျွတ်

သတင်းထောက်၊ ရက်တိုသင်တန်းပို့ချ

ချက်များ (၁၉၆၃)

- ရာပြည့်ဦးစိုးညွန့် ရေးသားပြုစုသော “နှစ်ဆယ်ရာစုမြန်မာစာရေးဆရာ

၅၀၀”(၂၀၂၀)