ကျွန်တော်ကြုံခဲ့ရသော ရန်ကုန်တက္ကသိုလ်

Type
၁

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်

========================

 

ကျွန်တော်ကြုံခဲ့ရသော ရန်ကုန်တက္ကသိုလ်

========================

 

တင်မောင်အေး

 

ကျွန်တော် ၁၉၆၄ ခုနှစ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ခဲ့ပါသည်။ ထိုနှစ်သည် တော်လှန်ရေးကောင်စီ အစိုးရက စနစ်သစ်/ တက္ကသိုလ်ပညာရေးဟူ၍ စတင် တီထွင်လိုက်သောနှစ် ဖြစ်ပါသည်။ ထိုစနစ်သစ်ပုံစံ အရ ကျွန်တော်တို့ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ သည် ကိုယ်တက်လိုသောတက္ကသိုလ်ကို လျှောက်ထားကြ ရ၏။ လျှောက်ထားသောတက္ကသိုလ်သို့ အမှတ်မီလျှင် ရမည်။ အမှတ်မမီလျှင် အခြားအမှတ်မီသော တက္ကသိုလ် သို့မဟုတ် အဓိကဘာသာရပ်စသည်ဖြင့် ရမည်ဖြစ်သည်။ ခက်သည်က ထိုနှစ်သည် ထိုပုံစံ ပထမဆုံးစတင်သောနှစ် ဖြစ်သဖြင့် ရှေ့တွင်ထိုကဲ့သို့တက်ဖူးသူမရှိ။

ထို့ကြောင့် မေးမြန်းတိုင်ပင်စရာ အတွေ့အကြုံရှိသူ မေးစရာမရှိဘဲ ကိုယ်တက်ချင်သော တက္ကသိုလ်သို့သာ လျှောက်ကြရ သည်။ များသောအားဖြင့် ဆေးတက္ကသိုလ်၊ စက်မှု တက္ကသိုလ်၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် စသည် တို့ကို ဝါသနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဦးစားပေး လျှောက်ကြသည်။

 

ထိုစဉ်က တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်များ များနှင့်အောင်ရမည်ဟုလည်း သိမထားကြ။ ထို့ကြောင့် အတော်များများသည် စာမေးပွဲအောင်မြင်လာ သော်လည်း အမှတ်မကောင်းကြပေ။ စနစ်ဟောင်း တွင်ရှိစဉ်က ဆယ်တန်းအောင်မြင်ပြီးလျှင် တက္ကသိုလ် ကြိုက်ရာဘာသာလျှောက်ယူ၍ရသည်၊ သင်နေစဉ် တွင် မကြိုက်လျှင် ပြောင်းလဲ၍လည်းရသည် ဖြစ်၍ပင်။

 

တန်ဖိုးကျဆင်းခဲ့ရ

 

သို့နှင့် တချို့လည်း အမှတ်ကောင်းသဖြင့် ဝါသနာ မပါလာသည့်တိုင် ဆေးတက္ကသိုလ် ရောက်သွားကြသည်။ အင်ဂျင်နီယာကျောင်းသား ဖြစ်သွားကြသည်။ တချို့မှာ အခြေခံအားဖြင့် တော်သူဖြစ်သော်လည်း ဆယ်တန်းတွင် များစွာ အပင်ပန်းခံမနေတော့ဘဲ အောင်ရုံသာဖြေလိုက် မည်။ တက္ကသိုလ်ရောက်မှ ကြည့်ယူတော့မည်ဟု စိတ်ကူး ထားသူများကတော့ ထိုနှစ်တွင် စနစ်သစ်နှင့်တိုးသွား သဖြင့် ခံလိုက်ရတော့သည်။ ထိုသို့သော ဖြစ်စဉ်ဖြစ်ရပ် များနှင့်အတူ ဆေးတက္ကသိုလ်မှ ကောင်းသည်၊ စက်မှု တက္ကသိုလ်မှ ကောင်းသည်၊ ဝိဇ္ဇာ၊ သိပ္ပံဆိုလျှင်လည်း အလကားပဲဆိုသော အတွေးအခေါ် အယူအဆများလည်း ပေါ်ပေါက်လာကာ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်သမားများ သည် နေရင်းထိုင်ရင်း တန်ဖိုးကျဆင်းခဲ့ရပါတော့ သည်။

 

စနစ်သစ်တက္ကသိုလ်များခေတ်တွင် အထက်ပါ အတိုင်း သီးခြားတက္ကသိုလ်များ ပေါ်လာကြသဖြင့် ထိုအချိန်က သက်တမ်းနှစ်(၅၀)ပြည့်ရန် နီးနေပြီဖြစ်သော တစ်ခါက အာရှအကောင်းဆုံး တက္ကသိုလ်များစာရင်းဝင် ရန်ကုန်တက္ကသိုလ်ကြီး ပျောက်သွားကာ မူလရန်ကုန် တက္ကသိုလ်နေရာတွင် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ဟူ၍ ပေါ်လာ ခဲ့ပါသည်။

 

ကပြားဘာသာတွဲ

 

ကျွန်တော်လည်း ထိုနှစ်တွင် ဆယ်တန်းကို ကပြား ဘာသာတွဲဖြင့် အောင်လာခဲ့ပါသည်။ ကပြားဘာသာတွဲ ဆိုသည်မှာ ဆယ်တန်းတွင် အင်္ဂလိပ်နှင့် မြန်မာစာက မယူမနေရဖြစ်ပြီး အခြားဘာသာ သုံးဘာသာယူရပါသည်။ ကျွန်တော်က ကိုးတန်းကို ပထဝီ၊ သမိုင်းဘာသာတွဲနှင့် အောင်ထားရာ ဆယ်တန်းရောက်လာသောအခါ နောက် တစ်ဘာသာယူရန် လိုပါသည်။ ထို့ကြောင့် သုံးဘာသာ ပြည့်ရန် ဓာတုဗေဒဘာသာကို ယူလိုက်ရ၍ ဝိဇ္ဇာနှင့်သိပ္ပံ ရောရာ ကပြားဘာသာတွဲဖြစ်သွားပါသည်။

 

သို့နှင့် ဆယ်တန်းရမှတ်များနှင့် လျှောက်လိုက်ရာ အသက်မွေးဝမ်းကျောင်းပညာတက္ကသိုလ်တစ်ခုတက်ရန် အရွေးခံရပါသည်။ စင်စစ်အထက်တွင် တင်ပြခဲ့သလို စိတ်ကူးရရာ လျှောက်လိုက်ရပြီး တက္ကသိုလ်တစ်ခုသို့သာ ကျောင်းသားအဖြစ် စာရင်းဝင်သွားသည်။ တကယ်တမ်း ထိုတက္ကသိုလ်တွင် သင်ကြားသည့်ဘာသာရပ်များနှင့် ကျွန်တော် ရင်းနှီးမှုမရှိပါ။ တကယ် ကျောင်းတက်ပြီး သင်ကြားနေရသည့်အခါတွင်လည်း စိတ်ဝင်စားမှုမရှိပါ။ ကျွန်တော် အရွေးမှားပြီဆိုသည်ကို သိပါသည်။ သို့သော် သိသောအချိန်တွင် လွန်နေပါပြီ။ ထို့ကြောင့် ပထမ တစ်နှစ်ကို စိတ်မပါဘဲ ကုန်လွန်စေခဲ့ရပါသည်။ နောက်နှစ် ကျောင်းပြန်ဖွင့်ချိန်တွင် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်သို့ ပြောင်းရွှေ့ တက်ခွင့်ရရန် ကျွန်တော်လျှောက်ကြည့်မည်ဟု စိတ်ကူး ပေါက်ကာ လျှောက်လွှာသွားတင်ပါသည်။ ထိုအခါက ဆရာကြီး ဒေါက်တာညီညီသည် အဆင့်မြင့်ပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်ဖြစ်သည်။ ကျွန်တော်သည် ဒေါက်တာညီညီ၏ ခွင့်ပြုချက်ဖြင့် ၁၉၆၅ ခုနှစ်တွင် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်သို့ ပထဝီဝင် အဓိကဖြင့် တက်ခွင့်ရ ခဲ့ပါသည်။

 

ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကမူ စည်ကားလှလေသည်။ စီးပွားရေးတက္ကသိုလ်နှင့်လည်း ကပ်လျက် တစ်ဝင်းတည်း ဖြစ်သည်။ ထို့ကြောင့် ဝိဇ္ဇာကျောင်းသားများ၏ စားသောက်ဖွယ်ရာ ကင်န်တင်းဖြစ်သော မာလာ ကင်န်တင်းခေါ် စားသောက်ဆိုင်တွင် စီးပွားရေး တက္ကသိုလ်မှလည်း အများအပြား လာစားကြသည်။ စီးပွားရေးတက္ကသိုလ်တွင် သီးခြားကင်န်တင်းမရှိပါ။

 

စင်စစ် အမှန်အတိုင်းပြောရတော့မည်ဆိုလျှင် တက္ကသိုလ်များသည် အရေအတွက်များလာသော် လည်း သင်ကြားပေးသောစနစ်မှာမူ ဆရာများ၏လက်ချာ ကို လိုက်ရေးပြီး အလွတ်ကျက်ဖြေရသော စနစ်သာ ဖြစ်ပါသည်။ တော်တော်များများသည် တက္ကသိုလ်တွင် လေးနှစ်သာနေခဲ့ကြရသည် တက္ကသိုလ်များ စာကြည့် တိုက်အတွင်းသို့ ရောက်ပင်မရောက်ခဲ့ကြဖူးပေ။ စာမေးပွဲများကလည်း ဖြေသမျှ လူတိုင်းလိုလိုကို အအောင်ပေးသော ပုံစံဖြစ်ပါ၏။ အလွန်ကို ရုပ်ပျက် ဆင်းပျက်မဖြေနိုင်လောက်သူတို့သာ ကျသည်ဟူ၍ရှိ၏။ ဖြေသမျှသူများ အားလုံးနီးပါး အောင်ကြပါသည်။ ထို့ပြင် အင်္ဂလိပ်စာကိုလည်း တက္ကသိုလ်တွင် ဟုတ်တိပတ်တိ မသင်ကြရတော့။ ထို့ကြောင့် အင်္ဂလိပ်စာ အလွန်ညံ့ကြ သောဘွဲ့ရများ စတင်ပေါ်ထွက်လာခဲ့ပါတော့သည်။

 

ထူးချွန်သော ကျောင်းသားများကား ဆက်လက်၍ထွက်ပေါ်ဆဲ

တက္ကသိုလ်ကြီး၏ အဆင့်အတန်းကျဆင်းသွား သော်လည်း တက္ကသိုလ်များမှ ထူးချွန်သော ကျောင်းသား များကား ဆက်လက်၍ထွက်ပေါ်ဆဲဟု ဆိုရပါမည်။ ကျွန်တော်တို့ တက္ကသိုလ်ရောက်ချိန်က ယနေ့ထိပ်တန်း ရောက်နေကြဆဲ ပုဂ္ဂိုလ်အချို့မှာ စနစ်ဟောင်းကို တစ်ဝက်တစ်ပျက်မီပြီး စနစ်သစ်အစတွင် ဘွဲ့ရကာ နည်းပြသရုပ်ပြရာထူးများတွင် စတင်လုပ်နေကြပါပြီ။

 

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ရန်ကုန် တက္ကသိုလ်ကြီးအပြင် တက္ကသိုလ်အများအပြား ပေါ်လာသော်လည်း သင်ကြားမှုအဆင့်အတန်းကမူ များစွာကျဆင်းသွားခဲ့ပါသည်။ သို့သော် ထူးချွန်သော ကျောင်းသားများကား ဆက်လက်ထွက်ပေါ်လျက်ပင် ရှိပါသည်။ ထူးချွန်သူအရေအတွက်ကား နည်းသွားနိုင်ပါ သည်။ ထိုထူးချွန်ကျောင်းသားများအနက်မှ ယနေ့ ရန်ကုန် တက္ကသိုလ် နှစ် ၁၀၀ ပြည့်ချိန်တွင် အသက် ခုနစ်ဆယ်ကျော် ရှစ်ဆယ်နီးပါးရောက်နေသေးသည့်တိုင် ထူးခြားစွာ စွမ်းဆောင်နေနိုင်ကြဆဲ ကျောင်းသားများအကြောင်းကို အနည်းငယ် ဆက်လက်တင်ပြလိုပါသည်။

 

ပထမဆုံး တင်ပြလိုသူမှာ ဒေါက်တာအောင်ထွန်းသက် ဖြစ်ပါသည်။ ဆရာသည် စနစ်ဟောင်းကိုလည်း မီခဲ့ပုံရပါ သည်။ ထို့ကြောင့် ကျွန်တော်တို့ တက္ကသိုလ်ရောက်ချိန်တွင် ဆရာသည် ဘွဲ့ရပြီးကာ နည်းပြဆရာပင်လုပ်နေပါပြီ။ ထိုအချိန်ကပင် စာရေးခြင်း၌ အရှိန်ရနေပြီဖြစ်သော (ဦး)နေအုပ် (စိန်ပေါ) နှင့် ဒေါ်နွဲ့ယဉ်ဝင်းတို့လည်း အင်္ဂလိပ်စာ နည်းပြ ဖြစ်နေကြပါပြီ။ ဆရာချစ်ဦးညိုလည်း ဘွဲ့ရပြီး နည်းပြလုပ်နေပါပြီ။

 

သူတို့ထက် နောက်နှစ်နှစ်၊ သုံးနှစ်နောက်ကျသူများအဆင့်တွင်တော့ နောင်တွင် စာရေးဆရာ ဟိန်းလတ် ဖြစ်လာမည့် ကိုမောင်မောင်ဦးသည် သိပ္ပံကျောင်းသားအဖြစ် ကျောင်းတက်နေသူ ဖြစ်ခဲ့ပါသည်။ နောင်တွင် ရုပ်ပြပန်းချီ လောက၌ ထူးခြားစွာ အောင်မြင်မှုရလာသည့် ဆရာနန်းဦး သည်လည်း တက္ကသိုလ်ပေါင်းစုံမောင်ဘွဲ့ရရန် အလေးမ လေ့ကျင့်နေသူ သိပ္ပံကျောင်းသားတစ်ဦး ဖြစ်ပါသည်။ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့လည်း ရန်ကုန်တက္ကသိုလ် သိပ္ပံဘက်ခြမ်း မှ ကျောင်းသားများ ဖြစ်ခဲ့ကြပါသည်။

 

ကျွန်တော်တို့ခေတ်က တက္ကသိုလ်ဘွဲ့ရများကြား အလွန်ခေတ်စားသော ရာထူးဝန်အဖွဲ့က ကျင်းပသည့် စာမေးပွဲတစ်ခုရှိခဲ့ပါသည်။ ယင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တတိယအတွင်းဝန်ရာထူးအတွက် ကျင်းပသော စာမေးပွဲဖြစ်ပါသည်။ ထိုရာထူးအတွက် အသက်မီသော ဘွဲ့ရများထောင်ချီ၍ စုပြုံလျှောက်ကြပါသည်။ အချို့မှာ ဘွဲ့ရပြီးကတည်းက ထိုစာမေးပွဲဖြေရန် လေ့လာပြင်ဆင် နေကြသူများ ဖြစ်ကြပါသည်။ တတိယ အတွင်းဝန်ရာထူး အတွက် နှစ်နှစ်၊ သုံးနှစ်တစ်ကြိမ် စာမေးပွဲစစ်၍ခေါ်လေ့ ရှိပါသည်။ စင်စစ်ထိုရာထူးရရန်မှာ အလွန်ခက်ပါသည်။ စာလည်းတော်ရမည်။ အင်္ဂလိပ်ဘာသာ အထူးသဖြင့် တော်ရမည်။ ရုပ်ရည်လည်း အထူးသန့်ပြန့်ရန်လိုသည်။

 

ကျွန်တော်တို့ ဒုတိယနှစ် သို့မဟုတ် တတိယနှစ်လောက် ရောက်ချိန်က ခေါ်သော နိုင်ငံခြားရေးဌာန တတိယ အတွင်းဝန်ရာထူးတွင် လေးဦးရရှိခဲ့ရာ ကျွန်တော်မှတ်မိ သလောက် ဦးကျော်တင့်ဆွေ၊ ဦးညီညီသန်း(ကွယ်လွန်)၊ ဦးဖိုးစိုးညွန့်၊ ဦးတိုးလွင်တို့ ဖြစ်ကြပါသည်။

 

ကျွန်တော်တို့သည် ရန်ကုန်တက္ကသိုလ်သို့ နှစ်ငါးဆယ်ပြည့်ခါနီးတွင် ရောက်ခဲ့ကြပြီး ဘွဲ့ရခါစတွင် နှစ်ငါးဆယ်ပြည့်အခမ်းအနားကို ဆင်နွှဲခဲ့ကြပါသည်။ တစ်ဖန် (၇၅)နှစ်ပြည့်ချိန်ကိုမူ ဘွဲ့ရခါစ သားသမီးများနှင့် သွားရောက်ခဲ့ပါသည်။ နှစ် ၁၀၀ ပြည့်ပွဲကို မြေးများနှင့် ချီတက်ရန် ဖြစ်သော်လည်း ကိုဗစ်-၁၉ရောဂါကြောင့် လွဲခဲ့ရပါတော့သည်။ ။