ခွင့်တူညီမျှ ဝါဒဖြူစင် ဖက်ဒရယ်လစ်ဇင် စကားဝိုင်း(၄)

Image not available
ခွင့်တူညီမျှ ဝါဒဖြူစင် ဖက်ဒရယ်လစ်ဇင် စကားဝိုင်း(၄)
========================================
တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်သည့် မြန်မာနိုင်ငံတွင် ပြည်ထောင်စုကြီး အဓွန့်ရှည်ရန်၊ တိုင်းရင်းသားများ စည်းလုံးချစ်ခင်စွာ အတူတကွနေထိုင်နိုင်ရန် ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်လှသလို ဖက်ဒရယ်စနစ်ကို ကျင့်သုံးနိုင်ရန်အတွက်လည်း ကြိုးပမ်းလျက်ရှိသည်။ ထို့ကြောင့် ပြည်ထောင်စုနေ့ဂုဏ်ပြုအထူးအစီအစဉ်အနေဖြင့် ခွင့်တူညီမျှ ဝါဒဖြူစင် ဖက်ဒရယ်လစ်ဇင်စကားဝိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
 
သတင်းအဖွဲ့
 
အဆိုပါ ခွင့်တူညီမျှ ဝါဒဖြူစင် ဖက်ဒရယ်လစ်ဇင် စကားဝိုင်း (စတုတ္ထအပိုင်း)တွင် ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့်ပတ်သက်၍ ရန်ကုန် တက္ကသိုလ် သမိုင်းဌာနပါမောက္ခ(အငြိမ်းစား) ဒေါက်တာ ကျော်ဝင်းနှင့် ခေတ်ရနံ့မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ ပြည်သွေးနိုင်တို့က ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေး ခဲ့ကြသည်များကို ဖော်ပြလိုက်ရပါသည်-
ပြည်သွေးနိုင်။ ။ ကျွန်တော်တို့ဆွေးနွေးမယ့် ခေါင်းစဉ်
ကတော့ ခွင့်တူညီမျှ ဝါဒဖြူစင် ဖက်ဒရယ်လစ်ဇင်ဆိုတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။ အပိုင်း(၄) အနေနဲ့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်သမိုင်း ကြောင်းနဲ့ အနာဂတ်မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ပုံစံကို ပုံဖော်ကြည့်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါ တယ်။ အပိုင်း(၄)ကို ဆွေးနွေးဖို့အတွက် ဆရာကြီး ဒေါက်တာကျော်ဝင်းကို ဖိတ်ခေါ်ထားပါတယ်။ ဆရာကြီး ဒေါက်တာကျော်ဝင်းဟာဆိုရင် ရန်ကုန်တက္ကသိုလ် သမိုင်းဌာန(ငြိမ်း) ပါမောက္ခတစ်ဦး ဖြစ်ပါတယ်။ ဆရာကြီး ဟာဆိုရင် ကျော်ဝင်း ရန်ကုန်တက္ကသိုလ်ဆိုတဲ့နာမည်နဲ့စာပေတွေရေးသားလျက်ရှိပြီး အမျိုးသားစာပေဆု နှစ်ကြိမ်၊ ထွန်းဖောင်ဒေးရှင်းစာပေဆု တစ်ကြိမ်တို့ကို ရရှိထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဖက်ဒရယ် သမိုင်းကြောင်းကို ပထမဆုံး စတင်ဆွေးနွေးချင်ပါတယ်။ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဟာ ဘယ်အချိန်လောက်က စတင်ခဲ့တယ်။ မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ ဖက်ဒရယ်ရဲ့ သမိုင်းကြောင်းလေးကို စတင်ပြီးပြောပြပေးဖို့ မေတ္တာ ရပ်ခံပါတယ်။
ဒေါက်တာကျော်ဝင်း။ ။ အင်္ဂလိပ်လက်အောက်ကနေပြီး
လွတ်မြောက်ဖို့ ကြိုးပမ်းတဲ့ အချိန်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရတော့မယ်ဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ နိုင်ငံထူထောင်ချင်သလဲလို့ ဖဆပလ ခေါင်းဆောင်တွေ ဆွေးနွေးတဲ့အခါမှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဘာပြောသလဲ ဆိုတော့ “ကျွန်တော်တို့ဗျာ၊ နိုင်ငံသစ်ကို တည်ထောင် တဲ့နေရာမှာ လူမျိုးစုတွေကို ပေးသင့်ပေးထိုက်တဲ့ အခွင့် အရေးတွေကိုပေးတဲ့ ပြည်ထောင်စုနိုင်ငံပဲဖြစ်ရမှာပေါ့ ဗျာလို့”စပြောခဲ့ပါတယ်။
အခြေခံဥပဒေကို စတင်ရေးဆွဲ
ဗိုလ်ချုပ်အောင်ဆန်းရဲ့စကားကို ထောက်ပြရမယ် ဆိုရင် ဗိုလ်ချုပ်အောင်ဆန်း လိုလားတဲ့ပုံစံသည် ဖက်ဒရယ်ပုံစံဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို အောင်ဆန်း-အက်တလီစာချုပ် အဲဒီ စာချုပ်ချုပ်ပြီး ပြန်လာတဲ့အခါမှာ တစ်ဖက်ကလည်း တိုင်းရင်းသားစည်းလုံးညီညွတ်အောင် လုပ်တယ်။ တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲတွေ လုပ်ပါ တယ်။ ပြီးတဲ့အခါမှာ အခြေခံဥပဒေကို ရေးဆွဲပါတယ်။ဒီလိုရေးဆွဲတဲ့အခါမှာ ဖဆပလအဖွဲ့ချုပ်ကနေစပြီး ရေးဆွဲပါတယ်။ အဲဒီအချိန်မှာပဲ ဗိုလ်ချုပ်အောင်ဆန်းကဦးချန်ထွန်းကို အိန္ဒိယနိုင်ငံမှာ ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာကို သွားရောက်လေ့လာဖို့ တာဝန်ပေးပါတယ်။ ဦးချန်ထွန်းပြန်လာပြီးတဲ့နောက်မှာ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို စတင်ရေးဆွဲခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို လေ့လာကြည့်တဲ့အခါမှာ နိုင်ငံတော်တော် များများကို လေ့လာပြီးယူထားတာ ဖြစ်ပါတယ်။ ယူဂို စလားဗီးယား၊ ဆိုဗီယက်ရုရှား၊ အိန္ဒိယနဲ့ အင်္ဂလန်တို့ ပါဝင်ပါတယ်။ အဲဒီက အခြေခံဥပဒေတွေကို ကြည့်ပြီးတဲ့ အခါမှာ မြန်မာနိုင်ငံနဲ့ အသင့်တော်ဆုံးလို့ခေါ်တဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲပါတယ်။ ရေးဆွဲတဲ့အခါ မှာလည်း ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ တိုင်းရင်းသား အခွင့်အရေးနဲ့ပတ်သက်ပြီး စဉ်းစားတဲ့အခါမှာ မြန်မာပြည်ရဲ့ အခြေခံဥပဒေမှာ ပြည်နယ်ပေးဖို့လိုတဲ့အခါမှာ Union State လို့ခေါ်တဲ့ ပြည်ထောင်စုပြည်နယ်နဲ့ ကိုက်ညီတဲ့ ပြည်နယ်ဟာ ရှမ်းပြည်နယ်ပဲတဲ့။
ဘာလို့လဲဆိုတော့ ရှမ်းပြည်နယ်ဟာ လူဦးရေလည်း အတော်အတန်ရှိတယ်။ တူညီတဲ့ဘာသာစကားကို ပြောတယ်။ ကိုယ်ပိုင်ယဉ်ကျေးမှုရှိတယ်။ ဒါကြောင့် ပြည်နယ်ပေးတဲ့အခါမှာ ပြည်ထောင်စုအဆင့် ပြည်နယ် ပေးသင့်တယ်လို့ ဗိုလ်ချုပ်က စဉ်းစားထားပါတယ်။ ဒုတိယ အနေနဲ့ Autonomous State ခေါ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဘယ်ပြည်နယ်တွေကိုမြင်လဲဆိုရင် ကချင်နဲ့ ကယား ပြည်နယ်တွေမှာ သယံဇာတတွေ အသင့်အတင့်ရှိတယ်။ သူ့မှာ အခွန်အတွက် အရင်းအမြစ်တွေရှိတယ်။ အဲဒါကြောင့် သူ့ကို Autonomous State ပုံစံမျိုးပေးမယ်။ ကရင်နဲ့ ချင်းတိုင်းရင်းသားတွေကို National Area လို့ခေါ်တဲ့ အဆင့် အတန်းမျိုးပေးမယ် အဲဒီလိုဆုံးဖြတ်ထားပါတယ်။
ပြည်ထောင်စုအင်္ဂါရပ်တွေပါ
အဲဒီလိုဆုံးဖြတ်ထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲတဲ့အခါမှာ ပြည်ထောင်စုမြန်မာနိုင်ငံဆိုတဲ့ ဝေါဟာရ ကို သုံးပါတယ်။ Union of Burma ပေါ့နော်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကြည့်ရင် ပြည်နယ်တွေကိုလည်း ခွဲပေးထား ပါတယ်။ အခွန်ထွက်အရင်းအမြစ်တွေလည်း ပေးထား တယ်။ ပြည်ထောင်စုအင်္ဂါရပ်တွေပါတဲ့ အခြေခံဥပဒေကို ရေးဆွဲစဉ်ကတည်းက ပြင်ဆင်ပြီးသားဖြစ်ပါတယ်။ ပြင်ဆင် ပြီးတဲ့အခါကြတော့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို နာမည်ပေးတဲ့အခါမှာ Union of Burma ပြည်ထောင်စုပါ။ အဲဒီအထဲမှာ ဖက်ဒရယ်နဲ့ Federalism အတွက် ဝေါဟာရ တစ်ခုမှ မပါဘူး။ Union ပဲပါတယ်။
Union ရဲ့အဓိပ္ပာယ်က သာမန်ကြည့်ရင် ပြည်ထောင်စု ပါ။ ဖက်ဒရယ်လည်းပြည်ထောင်စုပါ။ အဲဒီတော့ လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ကထပြီး ဗိုလ်ချုပ်အောင်ဆန်း ကို “ဗိုလ်ချုပ်တဲ့ ကျွန်တော်တို့နိုင်ငံကို Federal State of Burma လို့ ပြောလို့မရဘူးလား”လို့မေးပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းက “ဟာဗျာ ဒါတွေက ပြည်ထောင်စုဆိုတဲ့ စိတ်ဓာတ်ရှိဖို့ပဲ လိုပါတယ်”လို့ ပြန်ဖြေပါတယ်။ အဲဒီတော့ ထပြီးမေးတဲ့ လွှတ်တော်ကိုယ်စားလှယ်က ဘာမှမပြော တော့ပါဘူး။
ကျွန်တော်တို့နိုင်ငံမှာ ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရ မပါဘဲနဲ့ ပြည်ထောင်စုဆိုတာကို ဖက်ဒရယ်လို့ သဘော ထားပြီး အခြေခံဥပဒေကို ရေးဆွဲခဲ့တာဖြစ်ပါတယ်။ အဲဒီ တော့ နောက်ပိုင်းမှာ ဘာဖြစ်သွားလဲဆိုတော့ ကရင် ပြည်နယ်အရေးကို စဉ်းစားတဲ့အခါမှာ ကရင်လူမျိုးတွေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံလူဦးရေရဲ့ ၁၀ ပုံ ၁ ပုံလောက် ရှိတယ်။ နိုင်ငံပေါင်းချုပ်အသင်းက ၅ ပုံ ၁ ပုံရှိရင် လူနည်းစုအခွင့်အရေး သတ်မှတ်ပေးလို့ရပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းက “ဒါနည်းပါတယ်။ ၁၀ ပုံ ၁ ပုံလောက်ဆို ပိုမကောင်းဘူးလား”ပြောတဲ့အခါ ကရင်တိုင်းရင်းသား အရေးကိုစဉ်းစားရင်းနဲ့ နောက်ပိုင်း အခြေခံဥပဒေမှာ အပြောင်းအလဲတွေဖြစ်သွားတာ ရှိပါတယ်။
ဖဆပလအစိုးရက တာဝန်ယူ
အဲဒီမှာ ၁၉၄၇ ခုနှစ် အခြေခံဥပဒေရေးဆွဲပြီးတဲ့အခါ မှာ တိုင်းပြုပြည်ပြုလွှတ်တော် ပထမညီလာခံ၊ ဒုတိယ ညီလာခံလုပ်ပြီး အခြေခံဥပဒေကို အချောသပ်ရေးဆွဲနေတဲ့ ကာလမှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံသတ်ဖြတ်ခြင်းခံရတဲ့ အခါ သခင်နုခေါင်းဆောင်တဲ့ ဖဆပလအစိုးရက တာဝန်ယူ ပြီး ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို ပြီးအောင်ရေးဆွဲလိုက်ပါ တယ်။ ဒီလိုရေးဆွဲတဲ့အခါမှာ တိုင်းရင်းသားတွေအနေနဲ့ဘာမှမပြောပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ ဘာဖြစ်လာလဲ ဆိုတော့ ၁၉၄၉၊ ၁၉၅၀ တစ်ဝိုက် မြန်မာနိုင်ငံမှာ အင်မတန် ကို အခက်အခဲတွေနဲ့ အများကြီးကြုံရပါတယ်။
ဝါဒရေးရာကိုအခြေခံထားတဲ့ လက်နက်ကိုင်ပဋိပက္ခ တွေရှိသလို Ethnic Conflict လူမျိုးစုပဋိပက္ခတွေလည်း ဖြစ်ပါတယ်။ ပြည်နယ်တွေအရေးနဲ့ပတ်သက်ပြီး နိုင်ငံတော် အစိုးရကလည်း အကျပ်အတည်းပေါင်းစုံနဲ့ ကြုံနေရတဲ့ အခါကျတော့ ဥပမာအားဖြင့် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးနဲ့ ပညာရေးတို့ အဲဒါတွေကို သိပ်ပြီးအရေးမပေး နိုင်ပါဘူး။ ဒါပေမယ့် တိုင်းရင်းသားတွေက အံ့ဩဖွယ် ကောင်းလောက်အောင် ပြည်ထောင်စုကြီးကို အသက်နဲ့ လဲပြီး ကာကွယ်တဲ့အခါမှာ တိုင်းရင်းသားခေါင်းဆောင် တွေ အများကြီးပါပါတယ်။
ကချင်တိုင်းရင်းသား၊ ချင်းတိုင်းရင်းသား၊ ရှမ်း တိုင်းရင်းသား၊ ကယားတိုင်းရင်းသားတွေက ပြည်ထောင်စု အစိုးရဘက်ကနေ ရပ်ပေးတဲ့အခါမှာ ရန်အပေါင်းကို တွန်းလှန်ခဲ့ပါတယ်။ သူတို့က ဝန်ကြီးချုပ် သခင်နုကိုလည်း ပြောပါတယ်။ ဝန်ကြီးချုပ် ဘာမှမပူနဲ့၊ ကျွန်တော်တို့ ဒီပြည်ထောင်စုကြီး ရန်သူလက်ထဲကို ကျမသွားအောင် ဝန်ကြီးချုပ်ဘက်ကနေ မားမားမတ်မတ်ရပ်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ၁၉၅၈ ခုနှစ်မှာ ဖဆပလက နှစ်ခြမ်းကွဲပါတယ်။ နှစ်ခြမ်းကွဲတဲ့အရေးမှာ တိုင်းရင်းသား တွေဘက်က ဘယ်လိုမြင်သွားသလဲဆိုတော့ ဒီတိုင်းရင်း သားစည်းလုံးညီညွတ်ရေးကို လုပ်ဖို့ဝေးစွ။ ကိုယ့်ပါတီတွင်း စည်းရုံးရေးကိုတောင်မှ ဖဆပလခေါင်းဆောင်တွေဟာ မကြိုးပမ်းနိုင်ဘူးဆိုပြီး စိတ်ပျက်သွားပါတယ်။ ဒါတွေ နောက်ပိုင်းမှာ အသံတွေထွက်လာပါတယ်။
ဘာဖြစ်လဲဆိုတော့ ၁၉၅၈ ခုနှစ်အကုန် ၁၉၅၉ ခုနှစ် အစမှာ အိမ်စောင့်အစိုးရတက်လာပြီး ကတိအတိုင်းပဲ အထွေထွေရွေးကောက်ပွဲ ပြန်လုပ်ပါတယ်။ ၁၉၆၀ ပြည့်နှစ်မှာကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ သန့်ရှင်း ဖဆပလ နောင်အခါမှာ ပြည်ထောင်စုပါတီလို့ပြောတဲ့ ဝန်ကြီးချုပ်ဦးနုရဲ့ပါတီက အနိုင်ပြန်ရပါတယ်။ ပြန်ရတဲ့ အခါမှာ တစ်နေ့ကျတော့ ဘာပြောသလဲဆိုတော့ စော်ဘွား တွေနဲ့တွေ့တဲ့အခါမှာ စော်ဘွားတွေကလည်း ကျွန်တော်တို့ ၁၀ နှစ်လည်းကြာခဲ့ပြီ။ ပြင်သင့်စရာတွေရှိရင် ပြင်ရအောင်၊ အဲဒီမှာ ပြင်ဖို့အခွင့်အလမ်းပေါ်လာတာက တရုတ် - မြန်မာ နယ်နိမိတ်စာချုပ်ချုပ်ဖို့ လွှတ်တော်မှာ တင်ရမှာဖြစ်ပါ တယ်။
ရှမ်းစော်ဘွားတွေက ဦးဆောင်
လွှတ်တော်မှာ ဥပဒေနဲ့ဆိုင်တဲ့ အကြောင်းအရာတွေ ပြင်ဖို့ရှိတဲ့အတွက်ကြောင့် စော်ဘွားတွေခေါ်ပြီးတဲ့ ဝန်ကြီး ချုပ်ဦးနုက “ခင်ဗျားတို့ ပြင်စရာရှိရင်ပြင်လိုက်”လို့ ပြောပါတယ်။ ရှမ်းစော်ဘွားတွေက ဦးဆောင်ပြီး တောင်ကြီးမှာ ညီလာခံလုပ်ပါတယ်။ နောက်ပိုင်းမှာ ပြောနေကြတဲ့ ရှမ်းမူ၊ စစ်မှန်သော ပြည်ထောင်စုမူတို့ ပြောတဲ့ အဲဒီမူကို ဆွေးနွေးကြပါတယ်။ အဲဒါကို တချို့က အယူအဆလွဲနေတာက ဒါဖက်ဒရယ်တောင်းတဲ့ အစည်း အဝေးပွဲလို့ ပြောပါတယ်။ တကယ်တော့ ကမ်းလှမ်းတာက ဝန်ကြီးချုပ် ဦးနုက ကမ်းလှမ်းတာပါ။ စော်ဘွားတွေကဝန်ကြီးချုပ်ဦးနုကပြောလို့ ဖက်ဒရယ်ကိစ္စကို တင်လာတာ ဖြစ်ပါတယ်။
ဖက်ဒရယ်သမိုင်းကြောင်းမှာ လူတွေသိသင့်တဲ့ အချက်တွေ အများကြီးပါပါတယ်။ ရှမ်းစော်ဘွားတွေက နေပြီး ဝန်ကြီးချုပ် ဦးနုကို “ပြင်တဲ့အခါမှာ တစ်ခုလုံးပြင် ရမှာလား။ အချို့အချက်တွေပဲပြင်မှာလား”လို့ မေးပါ တယ်။ ရှမ်းပြည် ဦးတင်အေးက ဘာပြောသလဲဆိုတော့ လက်ရှိ ၁၉၄၇ ခုနှစ် အခြေခံဥပဒေကြီးဟာ အိမ်အိုကြီးလို ဖြစ်နေပြီတဲ့။ ဒါကြောင့် ပြန်ပြင်ရင်တော့အကောင်းဆုံးပါ လို့ ပြောပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဒေါက်တာအေးမောင်ကို တာဝန်ပေးပါတယ်။ ဒေါက်တာ အေးမောင်က ပြည်ထောင်စုကြီးလည်း ပြိုကွဲမသွားမယ့် ဟာမျိုး၊ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်မှုပြိုကွဲသွား တာမျိုးမဖြစ်ရင်တော်ပြီဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့လုပ်တဲ့အခါမှာ စော်ဘွားတွေက သူတို့အနေနဲ့ တင်ပြတာရှိပါတယ်။
ဘယ်လိုတင်ပြသလဲဆိုတော့ ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေမှာ အားနည်းချက်တွေရှိပါတယ်။ အထူးသဖြင့် အာဏာခွဲဝေပေးတဲ့အခါမှာ အချို့ဟာတွေမှာ ဗဟိုအစိုးရ က အများကြီးယူထားပါတယ်။ ဖက်ဒရယ်အစစ်ဆိုရင် ပြည်နယ်တွေမှာ လွှတ်တော်ရှိရမယ်၊ အခြေခံဥပဒေ ရှိရမယ်၊ တရားရုံးတွေရှိရမယ်၊ လက်ရှိ ၁၉၄၇ ခုနှစ် အခြေခံဥပဒေကိုကြည့်မယ်ဆိုရင် ဘာလိုနေလဲဆိုတဲ့ အခါ ပြည်နယ်တွေမှာ လွှတ်တော်လည်းမရှိပါဘူး။
၁၉၄၇ ခုနှစ် အခြေခံဥပဒေအရ လွှတ်တော် နှစ်ရပ် ရှိတယ်။ ပြည်သူ့လွှတ်တော်ဆိုတာက နယ်မြေကို အခြေခံ ထားပြီး လူဦးရေအလိုက် ကိုယ်စားလှယ်အချိုးကျ ပါတယ်။ လူမျိုးစုနဲ့ဆိုရင် ရှမ်းပြည်နယ်က ကြီးတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် ၂၀ ကျော်လောက် ပေးရပါ တယ်။ ကချင်ကို ၁၂ ဦးလောက် ပေးရပါတယ်။ အရွယ် အစားချင်းမတူတဲ့သဘောမျိုး ဖြစ်နေပါတယ်။ အချိုးမညီ ဘူး။ ကျွန်တော်တို့ လိုချင်တာကတော့ အမေရိကန် ပြည်ထောင်စုပုံစံအတိုင်းပဲ လိုချင်ပါတယ်။ ပြည်နယ်တိုင်း၊ ပြည်နယ်တိုင်းဟာ နှစ်ယောက်ဆိုလည်း နှစ်ယောက်၊ သုံးယောက်ဆိုလည်း သုံးယောက်ပေါ့။ အဲဒီပုံစံမျိုးနဲ့ သွားရင်မကောင်းဘူးလား။ အဲဒါမှလည်း ဖက်ဒရယ်အစစ် ဖြစ်မှာပါ။ ပြီးတဲ့အခါမှာ သယံဇာတတွေကို ခွဲဝေပေးပါ တယ်။ ပေးတဲ့အခါမှာလည်း ညီမျှမှုတွေမရှိပါဘူး။ အဲလိုတွေ တချို့စော်ဘွားတွေက ပြောတာပါတယ်။ ပြောတဲ့အခါ ကျတော့ ဝန်ကြီးချုပ် ဦးနုကနေပြီး ဘာပြောလဲဆိုတော့ “ကဲ.. ကောင်းပြီ၊ ခင်ဗျားတို့ ရှမ်းပြည်နယ်ရဲ့ ရှမ်းမူလို့ ခေါ်တဲ့ ခုနက တောင်ကြီးမှာဆွဲခဲ့တဲ့မူကို ပြန်ပြီးတော့ ညှိနှိုင်းပေးဖို့”ပြောတဲ့အခါမှာ ဒေါက်တာအေးမောင် ပါတဲ့အဖွဲ့ကို ဖွဲ့ပေးလိုက်ပါတယ်။ ဒေါက်တာ အေးမောင် က အဲဒီစော်ဘွားတွေနဲ့ တွေ့ပါတယ်။ နောက် နိုင်ငံရေး ပါတီတွေနဲ့ သွားတွေ့တယ်။ နိုင်ငံရေးပါတီတွေနဲ့တွေ့တဲ့အခါမှာ ဖဆပလပါ တယ်။ ပြီးတဲ့အခါမှာ ပမညတပါတယ်။ ပြည်ထောင်စု ပါတီပါတယ်။ အဲဒီကခေါင်းဆောင်တွေနဲ့ ခုနကသူတို့ရဲ့ နစ်နာချက်တွေ၊ မကျေနပ်ချက်တွေကို ပြောပါတယ်။ ပြောတဲ့အခါမှာ တိုင်းရင်းသားဘက်ကရော၊ ဖဆပလက ရော၊ ပမညတကရော၊ ပြည်ထောင်စုပါတီကရော ဘာပြောသလဲဆိုတော့ ခုနက ကျွန်တော်ပြောတဲ့အထဲမှာ တစ်ချက်ကျန်သွားတယ်။ သူတို့ပြောတာက ပြည်ထောင်စုလုပ်မယ်ဆိုရင် ဗမာပြည်မကြီးကို ပြည်နယ် တစ်ခုအဖြစ်နဲ့ ထည့်ပေးရမယ်ဆိုတာပါတယ်။
 
အဲဒီတော့ နိုင်ငံရေးခေါင်းဆောင်တချို့က ပြောပါ တယ်။ မဟုတ်ဘူးတဲ့၊ ကျွန်တော်တို့ ခင်ဗျားတို့ကို အခု ဘဏ္ဍာထောက်ပံ့နေတဲ့ဟာသည် ကိုယ့်ပြည်နယ်ကရတဲ့ ငွေနဲ့ ခင်ဗျားတို့ရပ်တည်နိုင်ဖို့ တချို့သောပြည်နယ်တွေမှာ အင်အားမရှိပါဘူး။ ဒါကြောင့်မို့လို့ အဲဒါတွေအားလုံးကို ပြည်မအစိုးရကနေပြီး ဗဟိုအစိုးရကနေ ထောက်ပံ့နေရ တာပါ။ အကယ်၍များ ဗမာပြည်ကို ပြည်နယ်တစ်ခု လုပ်မယ်ဆိုရင် အဲဒီကို ထောက်ပံ့နိုင်တဲ့ ပြည်နယ်မရှိ တော့ဘူး။ ဒါကြောင့်မို့လို့ ဒါကိုတော့ မလုပ်နဲ့ ပြီးတော့ နောက်တစ်ချက် အများပြောနေကြတဲ့ ဖက်ဒရယ်မူမှာ ခွဲထွက်ဆိုတဲ့ဟာကိုပြန်ပြီး စော်ဘွားတွေကတောင်း လာတာရှိပါတယ်။
ပြည်ထောင်စုကြီးက ဆယ်နှစ်လည်းပြည့်ပြီ။ ဒါကြောင့် ကျွန်တော်တို့ကို ခွဲထွက်ခွင့်ပေးပါ။ အဲဒီတော့ ဒါတွေ အကျေအလည်ဆွေးနွေးကြမယ်။ ဒါကြောင့် ကျွန်တော်တို့ ညီလာခံခေါ်ပါတယ်။ ဒီအဆောက်အအုံ မြန်မာ့အသံမှာ ဆွေးနွေးပွဲတွေ လုပ်ပါတယ်။
 
တိုင်းရင်း သားကိုယ်စားလှယ်တွေက တင်ပြသလို ဖဆပလ ကိုယ်စားလှယ်ကနေ တင်ပြသွားပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို ပေးမလား၊ မပေးဘူးလား၊ ပေးသင့် သလား၊ မပေးသင့်ဘူးလားဆိုတာ အဲဒါဆွေးနွေးတာပါ။
 
ဆွေးနွေးတဲ့အခါ နောက်ပိုင်းမှာ တော်တော်လေး ညှိနှိုင်းတာတွေရှိပါတယ်။ ကျွန်တော်တို့ နောက်ဆုံးမှာ သိရတာတော့ ဝန်ကြီးချုပ်ဦးနုကနေ သူနဲ့တွေ့ဆုံတဲ့အခါ မှာ အသံသွင်းထားတဲ့ အခွေလေးတစ်ခွေ ရှိပါတယ်။ အဲဒီ အခွေထဲမှာ ဘာပြောထားသလဲဆိုတော့ ကျွန်တော်တို့က အဲဒါတွေကို ခွဲထွက်ခွင့်နဲ့ပတ်သက်ပြီး ညှိထားပြီးသားပါ။ အဲဒီတော့ ဝန်ကြီးချုပ်ဦးနုက ပြောတယ်။ အဲဒီအစည်း အဝေးမှာ ခင်ဗျားတို့လိုချင်တာအားလုံးကိုပြော ကျွန်တော့် အနေနဲ့ တတ်နိုင်သမျှလိုက်လျောမယ်။ ဒါပေမယ့် ခွဲထွက် ခွင့်ကိုတော့ စွန့်လွှတ်လိုက်ပါ။ ခွဲထွက်ခွင့်ကို ခင်ဗျားတို့ အနေနဲ့ တောင်းနေမယ်ဆိုရင် မဖြစ်ဘူး။ အဲဒါ စော်ဘွား တွေကလည်း သဘောတူပြီးသား၊ အဲဒီတော့ ဒီအချက်ကို ထောက်ခံတာက ကယားတိုင်းရင်းသားခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ကယားဦးစိန်က ကျွန်တော်တို့နဲ့ အင်တာဗျူးလုပ်ပါတယ်။ လုပ်တဲ့အခါမှာ ခုနကပြောတဲ့ အတိုင်းပဲ၊ ကျွန်တော်တို့က သဘောတူပြီးပြီတဲ့၊ အဲဒီ သဘောတူတဲ့ အချက်တွေကို နောက်တစ်နေ့မှာ အားလုံး ဆုံပြီး ကျွန်တော်တို့ တင်ပြမယ်။
 
အဲဒီတော့ ဒေါက်တာအေးမောင်ရဲ့ တင်ပြချက်ကို နောက်နေ့မှာ သူကတင်ပြတော့မှာ အဲဒီဟာကို တင်ပြခွင့် မရလိုက်ဘူးပေါ့ဗျာ၊ နောက်တစ်နေ့မှာ အာဏာသိမ်းလိုက် တာပါ။ အဲဒီတော့ ဖက်ဒရယ်ဆိုတာသည် ခုနကပြောတဲ့ ပြည်ထောင်စု ကျွန်တော်တို့လွတ်လပ်ရေးဖခင်ကြီးက စပြီးတဲ့အခါမှာ တိုင်းရင်းသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့် အရေးတွေကို ပေးဖို့ရည်ရွယ်ထားတဲ့ဟာ ဗိုလ်ချုပ်ဆီမှာ စကတည်းက ပြည်ထောင်စုဆိုတဲ့ပုံစံကို ပေးချင်တယ် ဆိုတာ ထင်ရှားပါတယ်။
 
အဲဒီတော့ ဝန်ကြီးချုပ်ဦးနုရဲ့ လက်ထက်မှာလည်း မပေးဘူးလားဆိုတော့ သူက ဖက်ဒရယ်ကိုပေးဖို့ အဲဒီ တိုင်းရင်းသားတွေရဲ့ သဘောထားတွေကိုလည်း ခံယူ မယ်။ အမျိုးသားညီလာခံပုံစံမျိုး လုပ်ပေးတာပါ။ သို့သော် ဆုံးခန်းတိုင်အောင်မရောက်ဘဲနဲ့ ဖက်ဒရယ်ပေးရမယ် ဆိုတဲ့မူကြီးဟာ လုံးဝကို ချုပ်ငြိမ်းသွားတာပေါ့နော်။ နောက်ပိုင်းမှာ ဖက်ဒရယ်ဆိုတဲ့စကားလုံးကို လေသံတောင် မဟရဲတော့ဘူး။ ကျွန်တော်တို့ ၂၀၁၁ ခုနှစ်နောက်ပိုင်း ကျတော့မှ ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရလေးကို နည်းနည်း အသိအမှတ်ပြုလာတာ တွေ့ရပါတယ်။
 
ဒါကြောင့် မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းမှာကြည့် မယ်ဆိုရင် ဖက်ဒရယ်သည် တိုင်းရင်းသားတွေကလည်း လိုလားတယ်။ လူမျိုးစုပေါင်းစုံနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ဖက်ဒရယ်နဲ့ အသင့်တော်ဆုံးပါ။ သူတို့လိုလားတာက တန်းတူရည်တူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အဲဒီအချက်တွေပါရ မယ်။ ပြီးတဲ့အခါမှာ ခုနကပြောတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးရမယ်။ ပြီးတဲ့အခါမှာ ပြည်ထောင်စုဒီမိုကရေစီ ဖက်ဒရယ်ပေါ့နော်။ အဲဒီတော့ ကျွန်တော်ရှေ့ပိုင်းပြောတဲ့ အခါမှာ တစ်ခုကျန်သွားပါတယ်။ အဲဒါကဘာလဲဆိုတော့ ဖက်ဒရယ်နိုင်ငံတိုင်းမှာ ကြည့်လို့ရှိရင် ဖက်ဒရယ်စစ်တဲ့ နိုင်ငံတိုင်းမှာ ဒီမိုကရေစီထွန်းကားတာ တွေ့ရပါတယ်။ ဟန်ပြအတုအယောင် ဖက်ဒရယ်နိုင်ငံတွေမှာ ဒီမိုကရေစီ လို့ပြောပေမယ့်လို့ ပုံစံအမျိုးမျိုးနဲ့ နာမည်တပ်ထားတာ တွေ့ရပါတယ်။
 
ဥပမာအားဖြင့် Guided ဒီမိုကရေစီတို့၊ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီတို့၊ အဲဒါတွေဟာ ဒီမိုကရေစီ သဘောတရား ကိုယ်နှိုက်ကိုယ်က တိုင်းရင်းသားတွေရဲ့ အကျိုး၊ ပြည်ထောင်စုထဲမှာ နေထိုင်တဲ့လူတွေရဲ့ အကျိုး ကို ကြည့်ဖို့ပါပြီးသားဖြစ်ပါတယ်။ လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာဖော်ထုတ်ခွင့် စတဲ့ ဒီမိုကရေစီသဘောတရား တွေပါပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တိုင်းရင်းသားတွေ နဲ့အတူ လိုလားပါတယ်။
 
(ဆက်လက်ဖော်ပြပါမည်)