ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့တို့ကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းလိုက် ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ်များနှင့် ဦးတည်ချက်များတွင်လည်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ အဆိုပါ အပြောင်းအလဲများအားလုံးသည် နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ပကတိအခြေအနေများနှင့်အညီ နိုင်ငံတော်နှင့်    ပြည်သူလူထုအားလုံး၏   အကျိုးစီးပွားကို ဦးထိပ်ထား၍ ချမှတ်ထားခြင်းဖြစ်ပြီး အန္တိမရည်မှန်းချက် ဖြစ်သော လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား  ဒီမိုကရေစီစံနှုန်းများနှင့်အညီ  နိုင်ငံတော်တာဝန် ကို    ပြန်လည်လွှဲအပ်ရန်အတွက်ကိုမူ    အပြောင်းအလဲမရှိ မပျက်မကွက် ချမှတ်ထားသည်ကို တွေ့ရှိနိုင်သည်။

 


ယနေ့ မိမိတို့နိုင်ငံအတွက် ဦးစားပေးလိုအပ်ချက်သည် ပြည်ထောင်စုတစ်ဝန်းလုံး      တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရေးပင် ဖြစ်သည်။ ဖေဖော်ဝါရီလ   ၁   ရက်နေ့က  ကျင်းပသည့်  အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၃) တွင်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  “၂၀၂၃  ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှစတင်၍ မဲစာရင်းမှန်ကန်ရေး မြေပြင် ကွင်းဆင်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာတွင် အကြမ်း ဖက်ဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံး/ဒဏ်ရာရမှုများ ပိုမိုများပြားလာခဲ့ပါကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့များ၏ တင်ပြချက်များအရ ၁၀၀ ရာခိုင် နှုန်း တည်ငြိမ်အေးချမ်းသည့် မြို့နယ် ၁၉၈ မြို့နယ်၊ လုံခြုံရေး အလေးထားဆောင်ရွက်ရမည့် မြို့နယ် ၆၇ မြို့နယ်၊ လုံခြုံရေး ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် လိုအပ်သည့် မြို့နယ် ၆၅ မြို့နယ်ရှိကြောင်းကို သိရှိရပါကြောင်း၊ တည်ငြိမ်အေးချမ်း မှုဟူသည် မြို့ပေါ်တစ်ခုတည်းမရပါကြောင်း၊ ကျေးလက်ဒေသ၊ မြို့နယ်အဆင့်ထိ အကျုံးဝင်ပါကြောင်း”  ထည့်သွင်းတင်ပြ ခဲ့ရာ ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်း ပမာဏကို တွက်ဆကြည့်နိုင်သည်။ မြို့ရွာဒေသများအားလုံး တည်ငြိမ်အေးချမ်းရေးသည် ပြည်သူများ၏ လူမှုစီးပွားဘဝ လုံခြုံရေးနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်သည့်အလျောက် ဥပဒေမဲ့အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ဖျက်ဆီးမှုများနှင့် ဆူပူသောင်းကျန်းမှုများကို ဥပဒေနှင့်အညီ အရေးယူတားဆီး သွားရမည်ဖြစ်ပြီး ပြည်သူလူထု၏ ပူးပေါင်းကူညီမှုဖြင့် တရား ဥပဒေစိုးမိုးရေး ဆောင်ရွက်သွားရမည်ဖြစ်သည်။

 


ပြည်သူလူထုကို ဗဟိုပြုကာ လူမှုစီးပွားဘဝလုံခြုံရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့သည် ဒီမိုကရေစီစနစ် အခိုင်အမာ တည်ဆောက်ရေးတွင် အခြေခံကျသော လိုအပ် ချက်များဖြစ်သည်။ ပြည်ထောင်စုကြီးအတွင်းရှိ ကျေးလက် မြို့ပြဒေသများအားလုံး တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးမှသာ အဆိုပါလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည် ဖြစ်ရာ အကြမ်းဖက်အဖျက်အမှောင့်များ ကင်းရှင်းရေးအတွက် ပြည်သူ့အားဖြင့် ဖယ်ရှားနိုင်ကြပါစေကြောင်း။        ။