
ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း (ဆေးသုတေသနဦးစီးဌာန)
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပင်မ မဏ္ဍိုင်လုပ်ငန်းကြီးတစ်ရပ်ဖြစ်သော ကျန်းမာရေးသတင်းအချက်အလက်များကို ဖြန့်ဝေရာတွင် အရေးပါသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် “မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ”ကို နှစ်စဉ် ဇန်နဝါရီလတွင် ကျင်းပလာခဲ့သည်မှာ ယခုအခါ (၄၉) ကြိမ် တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ယခုနှစ်တွင် COVID-19 ကမ္ဘာ့ ကပ်ရောဂါ ဖြစ်ပွားနေချိန်နှင့် တိုက်ဆိုင်နေ၍ ဇန်နဝါရီလ ၁၈ ရက် မှ ၂၁ ရက်အထိ ဆေးသုတေသနဦးစီးဌာန၊ အမှတ်(၅)၊ ဇီဝကလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့တွင် Virtual Congress အသွင်ဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။
ဤညီလာခံ နှစ်စဉ်ကျင်းပရခြင်း၏ ရည်မှန်းချက်ပန်းတိုင်မှာ “မြန်မာ နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်စေရန်” ဖြစ်ပါသည်။ ထိုသို့ ကျန်းမာရေးဆိုင်ရာ သုတေသနပညာရပ်များ အဆင့်မြင့်မားတိုးတက်လာသည်နှင့်အမျှ မြန်မာ နိုင်ငံရှိ ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာစေရန်နှင့် ကျန်းမာရေးနှင့် သုတေသနလုပ်ငန်းများမှ တွေ့ရှိချက်များကို အသိပေး ဖြန့်ဝေခြင်းဖြင့် ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ တွင် လက်တွေ့အသုံးပြုနိုင်စေရန် စသည့် တိကျခိုင်မာသော ရည်ရွယ်ချက် များဖြင့် “(၄၉)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ”ကို Virtual Conference အဖြစ် သုတေသီများက သုတေသနစာတမ်း များကို ဖတ်ကြားတင်သွင်းခြင်း၊ ပိုစတာများပြသခြင်း၊ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကျင်းပခြင်းတို့ကို ဆောင်ရွက်မည် ဖြစ်ပါသည်။
ဆုများချီးမြှင့်ခြင်း တိုးမြှင့်ဆောင်ရွက်ခဲ့
၁၉၆၅ ခုနှစ်မှ စ၍ ပထမအကြိမ် ညီလာခံကြီးကို စတင်ကျင်းပခဲ့ရာ သမိုင်းကြောင်းကို လေ့လာကြည့်ပါက စတင်ကျင်းပခဲ့သော နှစ်များတွင် သုတေသနစာတမ်းများကိုသာ တင်သွင်းဖတ်ကြားခဲ့သော်လည်း ၁၉၉၁ ခုနှစ်မှစ၍ သုတေသနပိုစတာပြပွဲကိုထည့်သွင်းခဲ့ပြီး၊ ထပ်မံ၍ ၂၀၀၂ ခုနှစ်မှ စတင်ကာ ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ဆွေးနွေးပွဲ (Symposium) များကို လည်း ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းကျင်းပခဲ့ပါသည်။ တစ်ဖန် သုတေသီ ပညာရှင်များ၏ သုတေသနအရည်အသွေးများ ပိုမိုတိုးတက်ကောင်းမွန်လာစေ ရန်နှင့် သုတေသနပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုများကို အလေးထား အသိအမှတ်ပြုသောအားဖြင့် ၁၉၉၃ ခုနှစ်မှစ၍ အကောင်းဆုံး စာတမ်းဆုများ၊ အကောင်းဆုံးပိုစတာဆုများ ရွေးချယ်ချီးမြှင့်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှစ၍ လူငယ်သုတေသီဆုများချီးမြှင့်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မြန်မာနိုင်ငံ ကျန်းမာရေး ဆိုင်ရာ သုတေသနညီလာခံကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆေးသုတေသနဦးစီးဌာနမှ နှစ်စဉ်တာဝန်ယူလျက် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်းကာ လုပ်ငန်းတာဝန်များကို သတ်မှတ်ထားရှိပြီး စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ပြည်တွင်း၌သာမက ပြည်ပမှ သုတေသီပညာရှင်များ၏ စာတမ်းများပေးပို့ ရာတွင် လွယ်ကူအဆင်ပြေစေရန် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံဝက်ဘ်ဆိုဒ် (www.myanmarhrc.gov.mm)ကို လွှင့်တင်ထားရှိပါ သည်။ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များရှိ သုတေသီ ပညာရှင်များမှ တင်သွင်းလာသော သုတေသနစာတမ်းများကို အခြေခံ သုတေသနစာတမ်း (Basic Research)၊ အသုံးချသုတေသနစာတမ်း (Applied Research)၊ လူမှုရေးနှင့် ကျန်းမာရေးစနစ် သုတေသနစာတမ်း (Social Science/ Health Systems Research) များနှင့် ပိုစတာများအသွင်ဖြင့် အမျိုးအစားခွဲခြား၍ တင်သွင်းရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။
ယခုနှစ်တွင် အခြေခံသုတေသနစာတမ်း (၂၈) စောင်၊ အသုံးချသုတေသန စာတမ်း (၃၂) စောင်၊ လူမှုရေးနှင့် ကျန်းမာရေးစနစ်သုတေသနစာတမ်း(၂၉) စောင်၊ ပိုစတာစာတမ်း (၇၅) စောင် စုစုပေါင်း စာတမ်း (၁၆၄) စောင်ကို စာတမ်းကြီးကြပ်ရေးဆပ်ကော်မတီမှ စိစစ်ပြီး ညီလာခံသို့ တင်သွင်း၊ ဖတ်ကြား၊ ပြသရန် လက်ခံထားရှိကြောင်း သိရှိရပါသည်။ တင်သွင်းမည့် စာတမ်းများတွင် COVID-19 ကမ္ဘာ့ကပ်ရောဂါ နှင့် သက်ဆိုင်သော သုတေသန များ၊ ငှက်ဖျား၊ ကင်ဆာ၊ တီဘီ၊ မျိုးဆက်ပွားကျန်းမာရေးတို့နှင့် သက်ဆိုင်သော သုတေသနများ၊ ဇီဝကမ္မဆိုင်ရာသုတေသန၊ ကျန်းမာရေးဆိုင်ရာ သုတေသန၊ သွားကျန်းမာရေး၊ ခုခံအားကျဆင်းမှု၊ တိုင်းရင်းဆေးတို့နှင့် ပတ်သက်သော သုတေသနများ၊ ပြည်သူ့ကျန်းမာရေးစီမံချက် အကောင်အထည်ဖော်ခြင်း ဆိုင်ရာ သုတေသန၊ ကျောင်းကျန်းမာရေး၊ အာဟာရ၊ လူ့စွမ်းအားအရင်းအမြစ် ဆိုင်ရာ သုတေသနနှင့် အားကစားဆိုင်ရာ သုတေသနများ စသည်တို့ ပါဝင် ကြောင်း သိရှိရပါသည်။ သုတေသနစာတမ်းများ တင်သွင်းဖတ်ကြားခြင်းကို virtual နည်းလမ်းဖြင့် တစ်ဦးလျှင်(၁၅)မိနစ်ကြာ တင်ပြရန်စီစဉ်ထားရှိ၍ မေးမြန်းလိုသူများသည် Chat box မှတစ်ဆင့် မေးမြန်းနိုင်ပြီး စာတမ်းရှင်က ပြန်လည်ဖြေကြားပေးရန် စီစဉ်ထားရှိပါသည်။ ပိုစတာပြသခြင်းကို E-poster အသွင်ဖြင့် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်မည် ဖြစ်ပါသည်။
၂၀၁၉ ခုနှစ်ကုန်ပိုင်းတွင် စတင်ခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာသတ်မှတ်ခဲ့ရသော COVID-19 ရောဂါကြောင့် ကမ္ဘာ့ပေါ်တွင် အသက်ပေါင်းများစွာ ဆုံးရှုံးလျက်ရှိနေသည်မှာ နှစ်ပတ်လည် ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ယင်း COVID-19 ကပ်ရောဂါကို ကာကွယ်၊ ထိန်းချုပ် ကုသရာမှ သိရှိလာရသော အတွေ့အကြုံများ၊ ဗဟုသုတများ၊ သင်ခန်းစာများ၊ သုတေသနလေ့လာတွေ့ရှိချက်များကို အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ဤညီလာခံတွင် တင်ပြသွားမည်ဖြစ်ပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန အနေဖြင့် သုတေသနလုပ်ငန်းများကိုသာ ဦးစားပေးကအနေဖြင့် အစဉ်တစိုက် ဆောင်ရွက်ခဲ့ရာမှ COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားလာချိန် တွင် အဆင့်မြင့် မော်လီကျူးသုတေသနဌာနမှ ပညာရှင်များ ဦးဆောင်၍ COVID-19 ရောဂါရှာဖွေဖော်ထုတ်ခြင်းကတွင် ပါဝင်ဆောင်ရွက်ခဲ့ကြ ပါသည်။ ယခုကဲ့သို့ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် ပြင်ဦးလွင်ရုံးခွဲနှင့် ရန်ကုန်ရုံးချုပ်မှ ဝန်ထမ်းများသည် မိမိသဘောဆန္ဒအလျောက် ရှေ့တန်းတွင် တာဝန်ထမ်းဆောင်ရန် ဆန္ဒပြုခဲ့ကြပြီး နှာခေါင်းတို့ဖတ် နမူနာယူသော Swab team များတွင် လည်းကောင်း၊ ရခိုင်ပြည်နယ်သို့ စေလွှတ်သည့် စေတနာ့ဝန်ထမ်းအဖွဲ့တွင်လည်းကောင်း အသီးသီးဆန္ဒပြု တာဝန်ထမ်းဆောင် ခဲ့ကြပါသည်။
ဖော်ထုတ်ပြသခွင့်ရရှိမည်
၂၀၂၀ ပြည့်နှစ် မတ်လ ၂၄ ရက်မှစ၍ မြန်မာနိုင်ငံတွင် ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောက်ရှိပျံ့နှံ့လာချိန်မှ စတင်ပြီး SARS-CoV2 ဗိုင်းရပ်စ်၏ မျိုးရိုး ဗီဇတစ်ခုလုံးကို လေ့လာနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ ယခုအချိန်အထိ စုစုပေါင်း ဓာတ်ခွဲနမူနာ (၅၂)ခု စစ်ဆေးလေ့လာနိုင်ခဲ့ပြီး ယင်းနမူနာများ၏ မျိုးရိုးဗီဇ (Sequences) များကို US/NCBI/GenBank တွင် တင်သွင်းစိစစ်ခံ၍ အတည်ပြုချက် ရယူပြီးဖြစ်ပါသည်။ သုတေသနတွေ့ရှိချက်များအရ ကမ္ဘာပေါ် တွင် ကူးစက်မှုပိုမိုမြန်ဆန်လာစေနိုင်မှုနှင့် ဆက်စပ်နေသော D614G မျိုးဗီဇ ပြောင်းလဲမှုနှင့် အခြားတွဲဖက်ဖြစ်ပေါ်နေသော မျိုးဗီဇပြောင်းလဲမှုများ၊ တောင်အာဖရိကနိုင်ငံတွင် အဖြစ်များလာမှုနှင့် ဆက်စပ်သည်ဟု ယူဆရသော မျိုးဗီဇပြောင်းလဲမှုများ၊ ဒိန်းမတ်နိုင်ငံတွင် မြွေပါကတိုး (Mink) များမှ တစ်ဆင့် လူသားများထံ ကူးစက်မှုဖြစ်ပေါ်သည်ဟု သံသယရှိသော Cluster-5 မျိုးဗီဇ ပြောင်းလဲမှုများ၊ နိုင်ဂျီးရီးယားတွင် အသစ်ထပ်မံတွေ့ရှိလာသည့် မျိုးဗီဇ ပြောင်းလဲမှုများ၊ မြန်မာနိုင်ငံရှိ ဓာတ်ခွဲနမူနာများတွင် တွေ့ရှိရသော မျိုးဗီဇ ပြောင်းလဲမှုများနှင့် မျိုးဗီဇနွှယ်ဆိုင်ရာ အချက်အလက်များကို ဆန်းစစ်ခြင်း များမှ သုတေသနတွေ့ရှိချက်များကို ဤညီလာခံကြီးတွင် တင်သွင်းဖတ်ကြား သွားမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံမှ သုတေသနပညာရှင်များ၏ နိုင်ငံ တကာနှင့် ရင်ပေါင်တန်းလျက် ကြိုးပမ်းဆောင်ရွက်မှုများကို ဖော်ထုတ်ပြသ ခွင့်ရရှိမည် ဖြစ်ပါသည်။
ယခုနှစ်တွင်ကျင်းပမည့် “(၄၉)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေး ဆိုင်ရာ သုတေသနညီလာခံ”ကို ကမ္ဘာ့ကပ်ရောဂါကြီး တိုက်ဖျက်ရာတွင် နိုင်ငံတော်မှ အထူးအလေးထားဆောင်ရွက်သကဲ့သို့ ပုဂ္ဂလိက ကဏ္ဍများ၏ ပူးပေါင်းပါဝင် ပံ့ပိုးကူညီဆောင်ရွက်မှု၊ ပြည်သူလူထု၏ ကျန်းမာရေး အသိပညာ ပိုမိုနားလည်သဘောပေါက်မှုများဖြင့် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အရေးကြီးပုံ၊ နိုင်ငံသားတစ်ဦးတစ်ယောက်စီ တွင် တာဝန်ရှိစွာဖြင့် မိမိကိုယ်ပိုင်အရေးကဲ့သို့ သဘောမှတ်ယူ၍ ထဲထဲဝင်ဝင် ဆောင်ရွက်ရန် အရေးကြီးပုံကို မီးမောင်းထိုးပြနိုင်ရန်ရည်ရွယ်၍ “ကိုဗစ်ရောဂါ တိုက်ဖျက်ဖို့၊ ပူးပေါင်းပါဝင်ဆောင်ရွက်စို့” “Fighting together against COVID-19” ဟူသော ဆောင်ပုဒ် (Congress Theme) ဖြင့် ကျင်းပရန် စီစဉ် ထားရှိပါသည်။
ယခုညီလာခံတွင် ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (Symposia) (၄)ခု ကို ထည့်သွင်းကျင်းပမည် ဖြစ်ပါသည်။ ကျန်းမာရေးစီမံချက်များ၊ မူဝါဒများ ချမှတ်ရာတွင် အထောက်အထားခိုင်လုံသော သုတေသနအချက်အလက်များ ကို အခြေခံပြီး ရေးဆွဲအကောင်အထည်ဖော်သည့် အလေ့အကျင့်များ ပိုမို အားကောင်းလာစေရန်နှင့် ရေရှည်ဆက်လက်တည်မြဲအောင် ဆောင်ရွက် သွားနိုင်ရန် ရည်ရွယ်လျက် “Make It Happen, Make It Matter: Improving Health Outcomes Through Data-Driven Polices” နှီးနှောဖလှယ်ပွဲကို သုတေသီများ၊ ကျွမ်းကျင်ပညာရှင်များနှင့် Data to Policy (၂၀၁၉-၂၀၂၀) သင်တန်းပြီးမြောက်ခဲ့သည့် သင်တန်းသူ/ သင်တန်းသားများအပြင် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်ကြသော Vital Strategies (USA), Centers for Disease Control and Prevention (CDC), United States နှင့် Bloomberg Data for Health Initiative တို့ပါဝင်လျက် သက်ဆိုင်ရာကအလိုက် ဆွေးနွေး တင်ပြကြမည် ဖြစ်ပါသည်။
ကျန်းမာရေးဌာနများတွင် ကောင်းမွန်သောရေရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ လိုအပ်ချက်များနှင့် ရောဂါပိုးများမှ ကာကွယ်ရေးဆောင်ရွက်ရာတွင် ပိုမိုထိရောက်ကောင်းမွန်စေရေးအတွက် အခြေခံဝန်ဆောင်မှုအဆင့်များ ပြည့်မီစေရန်၊ ဆေးရုံများ တွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် အားသာချက်၊ အားနည်းချက်များကို မျှဝေပေးနိုင်စေရန်နှင့် ပိုမိုကောင်းမွန်သည့် အကြံပြုချက်များ ဖြစ်ထွန်းလာ စေရန် ရည်ရွယ်၍ ပြုလုပ်သော “Inclusive WASH & IPC improvement in HCFs in Myanmar” ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲတွင်လည်း ပြည်တွင်း ပညာရှင်များနှင့် သြစတြေးလျနိုင်ငံမှ ပညာရှင်များ ပူးပေါင်းဆွေးနွေးကြမည် ဖြစ်ကြောင်း သိရှိရပါသည်။
ညီလာခံတွင် တင်သွင်းလာသည့် စာတမ်းများမှ အကောင်းဆုံးအခြေခံ သုတေသန (Basic Research) စာတမ်းတစ်စောင်၊ အကောင်းဆုံးလက်တွေ့ အသုံးချသုတေသန (Applied Research) စာတမ်းတစ်စောင်၊ အကောင်းဆုံး ကျန်းမာရေးစနစ်သုတေသန (Health Systems Research) စာတမ်း တစ်စောင်နှင့် ပိုစတာများမှ အကောင်းဆုံးပိုစတာတစ်စောင်၊ စုစုပေါင်း (၄) စောင်ကို လည်းကောင်း၊ လူငယ်သုတေသီဆု (၃) ခုအတွက် အခြေခံ သုတေသနစာတမ်းတစ်စောင်၊ လက်တွေ့အသုံးချ သုတေသနစာတမ်း တစ်စောင်၊ ကျန်းမာရေးစနစ်သုတေသနစာတမ်း တစ်စောင်၊ စုစုပေါင်း (၃)စောင်ကို လည်းကောင်း၊ အကောင်းဆုံးစာတမ်းဆု ရွေးချယ်ရေး ဆပ်ကော်မတီက အသီးသီးရွေးချယ်၍ ဆုများပေးအပ်ချီးမြှင့်သွားရန် စီစဉ် ထားပါသည်။ စာတမ်းတင်သွင်းကြသည့် သုတေသနပညာရှင်များ၏ ကြိုးပမ်း ဆောင်ရွက်မှုများကို အသိအမှတ်ပြုအလေးထားသည့်အနေဖြင့် ယခုနှစ်တွင် ဆုရရှိသူ သုတေသီများအား ယခင်နှစ်အတိုင်း တိုးမြှင့်သတ်မှတ်ပေးထားသော ပထမဆု (၁၀)သိန်း၊ ဒုတိယဆု (၈) သိန်းနှင့် တတိယဆု(၆)သိန်းဖြင့် ထိုက်ထိုက်တန်တန် ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ယခင်နှစ်များနည်းတူ ညီလာခံသို့ တက်ရောက်လာကြသူများအား တက်ရောက်ကြောင်း Certificate of Attendance ၊ စာတမ်းတင်သွင်းမှုနှင့် ပိုစတာပြသမှုတို့အတွက် Certificate of Paper Presentation/ Certificate of Poster Presentation တို့ကို ပေးအပ်မည် ဖြစ်ပါသည်။
သုတေသနစာတမ်းရှင်များသည် ဆေးသုတေသနဦးစီးဌာနမှ ထုတ်ဝေ သည့် မြန်မာ့ကျန်းမာရေး သိပ္ပံသုတေသနဂျာနယ် (Myanmar Health Sciences Research Journal) သို့ ပေးပို့လိုပါကလည်း ဂျာနယ်သတ်မှတ် ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်လျက် ဂျာနယ်၏ website (www. myanmarhsrj.com) သို့ Online submission ဖြင့် ပေးပို့နိုင်ကြောင်း သိရှိရ ပါသည်။ ပေးပို့သောစာမူများကို ပညာရပ်အလိုက် ပြည်တွင်း ပြည်ပမှ ပညာရှင် များက စနစ်တကျ အကဲဖြတ်စိစစ်ပြီးနောက် ပုံနှိပ်ထုတ်ဝေခြင်းကို ဆောင် ရွက်မည်ဖြစ်ပါသည်။ ဤသုတေသနဂျာနယ်ကို ရည်ညွှန်းကိုးကားဖော်ပြခြင်း (Citation) ပြုလုပ်ခြင်းသည် ဂျာနယ်ကို ကမ္ဘာ့အဆင့်သို့ တက်လှမ်းနိုင်ရေး အတွက် ဆောင်ရွက်ရာတွင် အထောက်အကူတစ်ရပ်ဖြစ်စေသဖြင့် သုတေသီ များမှ မြန်မာ့ကျန်းမာရေးသိပ္ပံသုတေသနဂျာနယ်သို့ တင်သွင်းပုံနှိပ်ဖော်ပြ ပေးစေရေးအတွက် တိုက်တွန်းအပ်ပါသည်။
ညီလာခံသို့ တစ်နေ့တာတင်သွင်းဖတ်ကြားခဲ့သည့် သုတေသနစာတမ်း များနှင့် ပတ်သက်၍ ပြန်ကြားရေးဆပ်ကော်တီမှ သတင်းမီဒီယာများကို ညနေပိုင်းတွင် လက်ခံတွေ့ဆုံ၍ သိလိုသည်များကို ဖြေကြားပေးမည်ဖြစ်ပါ သည်။ ပိုမိုအသေးစိတ်သိရှိလိုပါက သုတေသနစာတမ်းတင်သွင်းသူ အဓိက သုတေသီပညာရှင်နှင့် သတင်းမီဒီယာတို့ တိုက်ရိုက်တွေ့ဆုံမေးမြန်းနိုင်ရန် လည်း စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
မည်သူမဆို တက်ရောက်နိုင်
မကြာမီကျင်းပတော့မည့် ဤသုတေသနညီလာခံကြီးသို့ စာတမ်း တင်သွင်းကြမည့် သုတေသီပညာရှင်များသာမက တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ဆရာဝန်များ၊ ဆေးတက္ကသိုလ်များနှင့် နှီးနွှယ်တက္ကသိုလ်များမှ ဆရာ/ဆရာမများ၊ ဘွဲ့လွန်သင်တန်းသားများ၊ ကျန်းမာရေးဝန်ထမ်းများ သာမက သုတေသနစိတ်ပါဝင်စားသူ မည်သူမဆို Online မှ https://conference.caremebot.com တွင် အခမဲ့ စာရင်းပေးသွင်းပြီး တက်ရောက်နိုင်ပါကြောင်း ဖိတ်ကြားအသိပေးအပ်ပါသည်။
နိဂုံးချုပ်အားဖြင့် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ကြီးမှ သုတေသီများ၏ တင်ပြဆွေးနွေးချက်များ၊ သုတေသနဖော်ထုတ်ချက် ရလဒ်များကို ပညာရှင်များ၏ ပညာရပ်ဆိုင်ရာ မျှဝေ၊ ဆွေးနွေး၊ လမ်းညွှန်ချက် များကို အခြေပြုလျက် လက်တွေ့အသုံးချနိုင်သည်အထိ ဆောင်ရွက်သွားနိုင် မည်ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင်ရေး ကဏ္ဍ အတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
- Log in to post comments