ပြည်ထောင်စုဖွား ညီအစ်ကိုမောင်နှမများ အလေးအနက်ခံယူအပ်သည့် ပြည်ထောင်စုစိတ်ဓာတ်

 

မြန်မာနိုင်ငံ၏  လွတ်လပ်ရေးသည်  ၇၅ နှစ်ပြည့်မြောက်ခဲ့ ပြီဖြစ်ရာ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုကို သက်သေ စိုက်ထူခဲ့သည့် အထိမ်းအမှတ်ဖြစ်သော ပြည်ထောင်စုနေ့သည် စိန်ရတုလွန် (၇၆) နှစ်မြောက်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။

 

  မိမိတို့နိုင်ငံ၏   သမိုင်းကြောင်းကို   ပြန်ကြည့်လျှင် ဂုဏ်ယူဖွယ်များစွာနှင့်အတူ သင်ခန်းစာယူဖွယ်များကိုလည်း တွေ့ရှိနိုင်သည်။ အတိတ်သမိုင်းတွင် မြန်မာနိုင်ငံတော်ကြီး ထွန်းလင်းတောက်ပခဲ့သည့် အခါသမယများသည် နိုင်ငံအတွင်း စည်းလုံးညီညွတ်ခြင်းဖြင့် တစ်သွေးတည်း၊ တစ်သံတည်း အင်အားခိုင်မာတောင့်တင်းခဲ့သော အချိန်များဖြစ်ပြီး မြန်မာ တို့ ဘုန်းတန်ခိုးမှိန်သည့် ကာလသည် ဝါးအစည်းပြေသကဲ့ သို့   စည်းလုံးညီညွတ်မှု   ပြိုကွဲသော    ကာလပင်ဖြစ်သည်။ အဆုံးစွန်သော အခြေအနေတွင် လွတ်လပ်ရေးနှင့် အချုပ် အခြာအာဏာပိုင်ဆိုင်မှု ဆုံးရှုံးခဲ့ရပြီး ကျွန်သပေါက်ဘဝဖြင့် နိုင်ငံပျောက်ကွယ်သွားခဲ့ရသည်။

 


မိမိတို့နိုင်ငံကို လာရောက်သိမ်းပိုက်အုပ်စိုးခဲ့သူတို့သည် လောဘကြီးသလောက်  ပရိယာယ်ကြွယ်ဝသူများလည်း ဖြစ်သည်။ လက်အောက်ခံဘဝရောက်ရှိနေသော လူမျိုးများကို မည်သို့အုပ်ချုပ်မည်၊ အချိန်တန်၍ သူ့လူမျိုး သူ့နိုင်ငံ ဟူ၍ မဖြစ်မနေ ပြန်လည်ပေးအပ်လျှင်ပင် မည်သို့ပေးအပ်မည် စသည်တို့အတွက် နယ်ချဲ့တို့၏ ပရိယာယ်များမှာ အပေါ်ယံ လေ့လာရုံဖြင့်မရ။ တိုင်းရင်းသားလူမျိုးများစွာ စုပေါင်းနေထိုင် ကြသော နိုင်ငံတစ်နိုင်ငံအတွက် အလွယ်တကူအုပ်ချုပ်နိုင်ရန် အလုပ်အဖြစ်ဆုံး နည်းလမ်းမှာ သွေးခွဲအုပ်ချုပ်သည့် နည်းလမ်း ပင်ဖြစ်သည်။    နိုင်ငံ၏    သယံဇာတအရင်းအမြစ်များကို အနိုင်ကျင့်ရယူရန်သာ အဓိကထားသည့် နယ်ချဲ့အစိုးရအဖို့ တွက်ခြေကိုက်သည့် နည်းလမ်းလည်းဖြစ်သည်။

 


တောင်တန်းဒေသများနှင့် ပြည်မကို ခွဲခြားအုပ်ချုပ်ခြင်း၊ တောင်တန်းဒေသများကိုလည်း လူမျိုးအလိုက် ထပ်မံခွဲခြမ်း ခြင်း၊ ယင်းဒေသများတွင် နယ်ချဲ့လက်အောက်ခံ ပဒေသရာဇ် စနစ်ကို ဆက်လက်အသက်သွင်းထားခြင်း၊ ကူးလူးဆက်ဆံ မှုများ ကန့်သတ်ခြင်း၊ ဖွံ့ဖြိုးမှုနိမ့်ကျသော လူမျိုးများ၊ ဒေသ များအဖြစ် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်အောင် သွေးခွဲ သပ်လျှိုခဲ့သည့် ရလဒ်များမှာ မိမိတို့နိုင်ငံအတွက် မျိုးဆက် နှင့်   ချီနေပြီဖြစ်သော  လက်နက်ကိုင်ပဋိပက္ခများ၏  အဓိက အကြောင်းရင်းခံပင်ဖြစ်သည်။  ယင်းအတွက်  တစ်ခုတည်း သောအဖြေမှာ ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်သည်။ 

 


နိုင်ငံတော်အကြီးအကဲ  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် ၏    (၇၅)   နှစ်မြောက်   ပြည်ထောင်စုနေ့    မိန့်ခွန်းတွင် ‘‘ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ပြည်ထောင်စုကြီး တစ်ခု လုံးကို  တစ်မိသားစုတည်း၊  တစ်အိမ်တည်းလို့   စွဲမြဲခိုင်မာစွာ    လက်ခံမှတ်ယူထားတဲ့ သဘောထားခံယူချက်ပဲ ဖြစ်ပါတယ်။    တိုင်းရင်းသားအားလုံးဟာ   ဆွေမျိုးသားချင်း    ညီအစ်ကို မောင်နှမများဖြစ်တယ်လို့  ခံယူတဲ့စိတ်ဓာတ်၊ တစ်မြေတည်း နေ၊ တစ်ရေတည်းသောက်ကြသူများဖြစ်တယ်လို့  ခံယူတဲ့ စိတ်ဓာတ်၊   တစ်ဦးမှာ အရေးကြုံရင်  တစ်ဦးက မပစ်ပယ်ဘဲ  တလုံးတစည်းတည်း ပူးပေါင်းရင်ဆိုင်ဖြေရှင်းလိုတဲ့ စိတ်ဓာတ်၊ အရေးကြီးရင်  သွေးစည်းရမယ်လို့  ခံယူထားတဲ့  စိတ်ဓာတ်၊  တောင်ပေါ်မြေပြန့်  မခွဲခြားဘဲ  အေးအတူပူအမျှ  တစ်သွေး တည်း၊  တစ်သားတည်းရှိတယ်လို့  ခံယူတဲ့  စိတ်ဓာတ်တွေကို ပေါင်းရုံးစုစည်းပြီး ခေါ်ဆိုတာဖြစ်ပါတယ်။” ဟူ၍ ရှင်းလင်းစွာ ဖွင့်ဆိုပြောကြားခဲ့ရာ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး အတွက် ပြည်ထောင်စုစိတ်ဓာတ်ကို ပြည်ထောင်စုဖွားအားလုံး က အ‌လေးအနက်  ခံယူကြရန်  လိုအပ်သည်ဟု  နှိုးဆော် တိုက်တွန်းလိုက်ရပါကြောင်း။      ။