
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း
=====================================================================
(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်)
===================
ဒီနေ့ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့တွေပါ ပြည်ထောင်စုအခမ်းအနားကို တက်ရောက်လာကြတဲ့အတွက်လည်း ဝမ်းသာရကြောင်း ပြောကြားလိုပါတယ်။
ပြည်ထောင်စုနေ့ဟာ ပြည်ထောင်စု သားတိုင်းရင်းသား ညီအစ်ကိုမောင် နှမများအားလုံးရဲ့ စည်းလုံးညီညွတ်မှု နဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ထုတ်ဖော်ပြသခဲ့တဲ့နေ့အဖြစ် ကျွန်မ တို့ တန်ဖိုးထားရပါတယ်။ ပင်လုံ ညီလာခံ ဘယ်လိုဖြစ်ပေါ်လာရတယ်၊ အခက်အခဲ အတားအဆီးတွေ ဘယ်လိုကြုံတွေ့ခဲ့ရတယ်ဆိုတာလဲ အကျဉ်းလောက် ပြောပြချင်ပါ တယ်။
လက်မှတ်ရေးထိုးနိုင်ခဲ့
မြန်မာနိုင်ငံ နယ်ချဲ့လက်အောက် ကို ကျရောက်ခဲ့ချိန်မှာ တောင်တန်း ဒေသတွေကို မြေပြန့်ဒေသတွေနဲ့ ခွဲခြားပြီး အုပ်ချုပ်ခဲ့သလို မြန်မာနိုင်ငံ ကို မဖြစ်မနေ လွတ်လပ်ရေးပေးရတော့မယ့်အချိန်မှာလည်း တောင်တန်း ဒေသတွေကို ချန်လှပ်ထားဖို့ကြိုးစားမှုတွေရှိခဲ့ပါတယ်။ ဒါကြောင့် အဲဒီ အချိန်အခါက ယာယီအစိုးရကို ဦးဆောင်တဲ့ ဖဆပလအဖွဲ့ဟာ တောင်တန်း၊ ပြည်မအတူတကွ လွတ်လပ်ရေး ရယူနိုင်ဖို့ကြိုးပမ်းခဲ့ ပါတယ်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလမှာ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အင်္ဂ လန်ကိုသွားရောက်ပြီး တောင်တန်း ဒေသများအပါအဝင် မြန်မာတစ်နိုင်ငံ လုံး လွတ်လပ်ရေးအတွက် ဗြိတိသျှ အစိုးရကိုယ်စားလှယ်တို့နဲ့ ဆွေးနွေး ခဲ့ကြပါတယ်။ အဲဒီလိုလွတ်လပ်ရေး အတွက် ဆွေးနွေးနေစဉ်အတွင်း ရှမ်း ပြည်နယ်စော်ဘွား ကောင်စီအဖွဲ့ဝင် အချို့က ဗိုလ်ချုပ်အောင်ဆန်းဟာ ရှမ်းပြည်နယ်ရဲ့ ကိုယ်စားလှယ် မဟုတ်ကြောင်း ကြေးနန်းစာတစ် စောင်ကို ဗြိတိသျှအစိုးရထံကို ပေးပို့ခဲ့ပါတယ်။ ဒီကြေးနန်းစာကြောင့် ဆွေးနွေးပွဲကို ခေတ္တရပ်ဆိုင်းလိုက် ရတဲ့အချိန်မှာ ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့က လူငယ်တွေက တောင်ကြီးမြို့မှာ ရှမ်းပြည်နယ် လူထု အစည်းအဝေးကြီး ခေါ်ယူ ကျင်းပပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကိုယ်စား လှယ် အဖွဲ့ဟာ ရှမ်းပြည်နယ်လူထုရဲ့ ကိုယ်စားလှယ် အစစ်အမှန်ဖြစ် ကြောင်း ဆုံးဖြတ်ချက်ချပြီး လန်ဒန်မှာ ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှ ဝန် ကြီးချုပ်တို့ထံကို ကြေးနန်းရိုက် အကြောင်းကြားခဲ့ပါတယ်။
ဒါကြောင့် ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ခဲ့ ပြီး မြန်မာ့လွတ်လပ်ရေးအတွက် အရေးပါတဲ့ အောင်ဆန်း - အက်တလီ စာချုပ်ကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ၂၇ ရက်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါ တယ်။
အောင်ဆန်း - အက်တလီစာချုပ် မှာ တောင်တန်းဒေသများက မြန်မာ ပြည်မနဲ့ ပူးပေါင်းလိုခြင်း ရှိ/ မရှိ တောင်တန်းဒေသများရဲ့ သဘော ထားရယူရမယ်လို့ ဖော်ပြထားချက် အရ ကွန်ဖရင့်တစ်ရပ် ကျင်းပဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရှမ်း၊ ကချင်၊ ချင်းတိုင်းရင်းသားခေါင်းဆောင်တွေဟာ ရှမ်းပြည်နယ် ပင်လုံမြို့လေးမှာတိုင်ပင်ဆွေးနွေးပြီးတော့ ဗမာပြည်မ (Burma Proper)၊ ဖက်ဒရယ်ရှမ်း ပြည်နယ် (The Federated Shan States)၊ ကချင်တောင်တန်းဒေသ (The Kachin Hill Tracts) နဲ့ ချင်း တောင်တန်းဒေသ (The Chin Hill District) တို့အပါအဝင် မြန်မာတစ် နိုင်ငံလုံး တစ်ပြိုင်တည်း လွတ်လပ်ရေး အရယူဖို့အတွက် ၁၉၄၇ ခုနှစ်၊ ဖေဖော် ဝါရီ ၁၂ ရက်မှာ ပင်လုံစာချုပ်ကိုလက် မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါ ဒီနေ့ ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။
ပြည်သူလူထု မပါမဖြစ်
ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုး ခဲ့တာ ယခု (၇၃) နှစ် ပြည့်သွားပါပြီ။ “ပင်လုံ”ဆိုတာ ပြည်ထောင်စုကို ကိုယ်စားပြုတဲ့ အဓိက ဝေါဟာရဖြစ် တယ်လို့ ဆိုနိုင်ပါတယ်။ ပင်လုံစာချုပ် ဖြစ်ပေါ်နိုင်ခြင်းနဲ့ပတ်သက်တဲ့ အရေး ကြီးဆုံးအချက်ကတော့ ပြည်သူလူထု ပါဝင်ခဲ့ခြင်း ဖြစ်တယ်လို့ ကျွန်မယူဆ ပါတယ်။ ဒါဟာ နိုင်ငံ့အတွက် အရေး ပါတဲ့ ကိစ္စရပ်တွေ အောင်မြင်စွာ ပြီးမြောက်ဖို့အတွက် ပြည်သူလူထု မပါမဖြစ်ဆိုတဲ့ ဒီမိုကရေစီတန်ဖိုးကိုအသိအမှတ်ပြုလိုက်တာပဲ ဖြစ်ပါ တယ်။ ဒုတိယအချက်အနေနဲ့ ပြောရ မယ်ဆိုရင် စာချုပ်ထဲမှာပါတဲ့ ဝါကျ ကလေးတစ်ခုပါပဲ။
တန်ဖိုးထားရမယ့် စိတ်ဓာတ်
အဲဒီဝါကျလေးကတော့ “ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်း အားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျင်မြန်စွာရရှိ လိမ့်မည်”လို့ ဖြစ်ပါတယ်။
တိုင်းရင်းသားတွေ ပူးပေါင်းဆောင် ရွက်မှ တကယ်အရေးပါတဲ့ နိုင်ငံကိစ္စ တွေကို မြန်ဆန်ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်မယ်ဆိုတာ ကို ညွှန်းနေပါတယ်။ အထက်ဖော်ပြပါ အချက်နှစ်ချက်ကို ပေါင်းကြည့်လိုက် မယ်ဆိုရင် ဒီမိုကရေစီပြည်ထောင်စု ကြီး အောင်မြင်စွာ ထွန်းပေါက်လာဖို့ရာ ပြည်သူပါဝင်မှုနဲ့ တိုင်းရင်းသားများရဲ့ပူးပေါင်းဆောင်ရွက်မှု လိုတယ်ဆိုတာ ကို ရှင်းရှင်းလင်းလင်း ပြနေပါတယ်။ ဒါဟာ ပင်လုံစိတ်ဓာတ်ပါ။ ခေတ် မဟောင်းသွားနိုင်တဲ့ အစဉ်အမြဲ ထိရောက် တန်ဖိုးထားရမယ့် စိတ်ဓာတ် ဖြစ်ပါတယ်။
ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် ဂုဏ်ပြုသတ် မှတ်ခဲ့တာ အကြိမ် (၇၀) ကျော်သွားပါ ပြီ။ ဒါပေမယ့် အယူဝါဒကွဲပြားမှုတွေ၊ သံသယတွေကြောင့် လွတ်လပ်ရေး ရပြီးတာနဲ့ တိုင်းရင်းသားအချင်းချင်းစစ်ခင်းနေကြရတာလည်း နှစ်ပေါင်း ၇၀ ကျော်ပြီး အခုအချိန်ထိ သေနတ် သံတွေ မတိတ်ဆိတ်သေးပါဘူး။
ဝေဖန်ဆန်း စစ်တဲ့အမြင်
သမိုင်းကိုပြန်ကြည့်တဲ့အခါ တစ်ဦး ကိုတစ်ဦး အပြစ်တင်တဲ့၊ အပြစ်ရှာတဲ့ အမြင်နဲ့ မကြည့်စေချင်ပါဘူး။ တစ် ယောက်ကိုတစ်ယောက် အပြစ်တင်နေ လို့ အဖြေမှန်မရနိုင်ပါဘူး။ သူတို့ဘက် က ဘာမှားလဲဆိုတာထက် ကိုယ့်ဘက် ရော ဘာမှားလဲဆိုတဲ့ ငါတို့အားလုံး ဘာတွေမှားခဲ့ကြသလဲ၊ ဘာတွေပြင် ဆင်ဖို့ လိုအပ်သလဲဆိုတဲ့ ဝေဖန်ဆန်း စစ်တဲ့အမြင်နဲ့ ကြည့်စေချင်ပါတယ်။ကမ္ဘာလုံးဆိုင်ရာ အမြင်သစ်တွေနဲ့ အတူ မဟောင်းနွမ်းနိုင်တဲ့ ပင်လုံစိတ် ဓာတ်နဲ့လည်း ကြည့်စေချင်ပါတယ်။ကျွန်မတို့အနေနဲ့ နှစ်ပေါင်း(၇၀)ကျော် လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ် နိုင်ဖို့ အတိတ်သမိုင်းက ဘာတွေသင် ခန်းစာရနိုင်မလဲဆိုတာကိုပဲ ကြည့်စေ ချင်ပါတယ်။ ကိုယ့်နိုင်ငံသမိုင်းနဲ့ဆက် စပ်နေတဲ့ ကမ္ဘာကြီးရဲ့ အခြေအနေတွေ ကလည်း အရေးကြီးတဲ့အတွက် အတိတ်သမိုင်းကို လေ့လာသုံးသပ် တဲ့အခါမှာ အဲဒီတုန်းက ဆက်စပ် အခြေအနေနဲ့ အခုဆက်စပ်အခြေ အနေတွေ မတူညီတာကိုလည်း ထည့် သွင်းစဉ်းစားကြဖို့ လိုပါတယ်။ အနာဂတ်မှာ ကျွန်မတို့နိုင်ငံကို ဘယ် လိုပုံစံမျိုးနဲ့ လက်ဆင့်ကမ်း အမွေပေး ခဲ့မှာလဲဆိုတာ အင်မတန်မှအရေးကြီး ပါတယ်။
ကြိုးစားကြရမှာဖြစ်
နှစ်(၇၀)ကျော် လက်နက်ကိုင် ပဋိပက္ခကြောင့် ကျွန်မတို့နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုအခြေအနေ ဘယ်လိုဖြစ်နေ သလဲဆိုတာ အားလုံးသိကြတဲ့ အတိုင်း ပါပဲ။ မြန်မာနိုင်ငံကို ကမ္ဘာနဲ့ချီပြီး နိုင်ငံ တကာနဲ့အတူတကွ ရင်ပေါင်တန်း လျှောက်လှမ်းနိုင်ဖို့ တည်ဆောက်ကြ ရမှာဖြစ်ပါတယ်။ အဲဒီလိုလျှောက်လှမ်း နိုင်တဲ့ အချုပ်အခြာအာဏာပိုင် ဒီမို ကရေစီ ဖက်ဒရယ်ပြည်ထောင်စုတစ် ရပ်ဖြစ်လာအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။
ခေတ်အဆက်ဆက်အစိုးရတွေဟာလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းဖို့နဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ကြိုးစားခဲ့ကြ ပေမယ့် ငြိမ်းချမ်းရေးရည်မှန်းချက် တွေ ပြီးပြည့်စုံအောင် မဆောင်ရွက်နိုင် ခဲ့ကြပါဘူး။ အပစ်အခတ်ရပ်စဲရေး လောက်ပဲ အမြင့်ဆုံးရရှိခဲ့ကြပြီး ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ခဲ့ကြပါဘူး။ ဒီလို မတည်ဆောက်နိုင်တာဟာ လက်နက် ကိုင်ပဋိပက္ခရဲ့ အကြောင်းရင်းခံဖြစ်တဲ့ နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင် ခဲ့လို့ ဖြစ်တယ်လို့ ကျွန်မတို့အစိုးရက မြင်ပါတယ်။ ဒီကိစ္စကိုလည်း သမ္မတ ကြီးရဲ့ သဝဏ်လွှာထဲမှာ အကျယ် တဝင့် ပြောသွားပါတယ်။
ရအောင်ယူနိုင်ခဲ့
ဒါကြောင့် ယခုအချိန်မှာနိုင်ငံတော် အစိုးရက ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရာမှာ တိုင်းရင်းသား အပေါင်း ကျေနပ်လက်ခံနိုင်မယ့် ဒီမို ကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေး ဆွေးနွေးမှုဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံအစည်းအဝေးတွေ ကျင်းပပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံလို့ နာမည်ပေးထား ခြင်းဟာ (၂၀) ရာစုပင်လုံရဲ့ စုစည်း ညီညွတ်တဲ့ စိတ်ဓာတ်နဲ့ အဲဒီအချိန်က တကယ်လိုအပ်နေတဲ့ လွတ်လပ်ရေး ကို ရအောင်ယူနိုင်ခဲ့ပါတယ်။ ဒါကို ကျွန်မတို့တွေ ပြန်ပြောင်းအမှတ်ရပြီးစည်းလုံးညီညွတ်ကြဖို့ပဲ ဖြစ်ပါတယ်။ (၂၀) ရာစုပင်လုံရဲ့ စည်းလုံးညီညွတ်မှု စိတ်ဓာတ်ကို ယူဆောင်ပြီးတော့ (၂၁) ရာစုပင်လုံကို လက်ရှိကာလရဲ့ ဆက်စပ်အခြေအနေတွေနဲ့ ကိုက်ညီ အောင် ဆွေးနွေးညှိနှိုင်းကြပြီး ကျွန်မ တို့နိုင်ငံအတွက် အသက်တမျှအရေး တကြီးလိုအပ်နေတဲ့ ရေရှည်တည်တံ့မယ့်ငြိမ်းချမ်းရေးကို စုပေါင်းအားနဲ့ ရယူကြဖို့ပဲ ဖြစ်ပါတယ်။
ကျွန်မတို့ဘိုးဘွားတွေ ထူထောင်ခဲ့ တဲ့ နိုင်ငံ၊ ကျွန်မတို့ဘိုးဘွားတွေရဲ့ စုစည်းညီညွတ်မှုအားနဲ့ ဥမကွဲ သိုက် မပျက် လွတ်လပ်ရေး အရယူနိုင်ခဲ့တဲ့ ပြည်ထောင်စုကြီး အရှည်သဖြင့် တည်တံ့ခိုင်မြဲစေဖို့ဆိုရင် အားလုံး သဘောတူလက်ခံနိုင်တဲ့၊ (၂၁) ရာစု ဆက်စပ်အခြေအနေတွေနဲ့ ကိုက်ညီ တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ဖို့ အရေးကြီးလှပါတယ်။ ကျွန်မတို့တွေအားလုံးမှာ မတူညီတဲ့ အမြင်တွေ၊ ယုံကြည်ချက်တွေရှိနေ ကြပေမယ့်လည်း အားလုံးရဲ့ရည်မှန်း ချက်ပန်းတိုင်ဟာ အမျိုးသားတန်းတူ ရေးနဲ့ အမျိုးသားညီညွတ်ရေးကို အခြေခံတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးပဲ ဆိုတာ သံသယရှိစရာမလိုပါဘူး။ ဒီမို ကရေစီ ဖက်ဒရယ်ပြည်ထောင်စုကိုဘယ်လိုပုံဖော်ကြမလဲဆိုတဲ့ နည်းနာ ပိုင်းဆိုင်ရာမှာ အမြင်မတူညီတာတွေ ရှိနေဆဲဖြစ်ပေမယ့်လည်း တူညီတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ အတွက် ကျွန်မတို့တစ်တွေ အမြော် အမြင်ကြီးကြီး၊ ညီညီညွတ်ညွတ် ကြိုးစားသွားကြမယ်ဆိုရင် မအောင် မြင်နိုင်စရာအကြောင်း မရှိဘူးလို့ ယုံကြည်ပါတယ်။
(၂၀)ရာစု ပင်လုံအစည်းအဝေးမှာ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေအမြော်အမြင်ကြီးမားစွာနဲ့ ဆွေးနွေး ညှိနှိုင်းခဲ့ကြသလို (၂၁) ရာစုပင်လုံမှာ လည်း ကျွန်မတို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေဟာ အမြော် အမြင် ရှိရှိ၊ စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်နဲ့ ဆွေးနွေးညှိနှိုင်းတိုင်ပင် ကြမယ်ဆိုရင် ကျွန်မတို့အားလုံး လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု အောင်မြင် စွာ တည်ဆောက်နိုင်မှာ မလွဲဧကန် ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။
နိဂုံးမချုပ်ခင်မှာ အခုရောက်နေတဲ့ ပရိသတ်ရှေ့မှာ ကျွန်မတို့ပင်လုံဖခင် ကြီးတွေ၊ ခေါင်းဆောင်ကြီးတွေရဲ့ ပုံတွေကို တွေ့ရမှာဖြစ်ပါတယ်။ ဒီခေါင်းဆောင်ကြီးတွေဟာ ပူးပေါင်း ပြီးတော့ ပြည်ထောင်စုထူထောင်ဖို့သဘောတူထားလိုက်တဲ့ အခါမှာ အမြော်အမြင်ဆိုတာပါတယ်။ ပညာ ပါတယ်။ သဘောထားကြီးမှုပါတယ်။ နောက်ပြီးတော့ စွန့်စားရဲတဲ့ စိတ်ဓာတ် ပါပါတယ်။ ဒါတွေအားလုံး ကျွန်မတို့ လိုအပ်ပါတယ်။ စွန့်စား ရဲတဲ့စိတ်ဓာတ်နဲ့ သဘောထားကြီးမှု ဆိုတာလည်း ဆက်စပ်နေပါတယ်။ ကိုယ်ဟာ သဘောထားကြီးလို့ရှိရင်၊ အမြင်ကျယ်လို့ရှိရင် မလုပ်ဖူးတဲ့ ကိစ္စတွေကို လုပ်ရဲတဲ့သတ္တိရှိပါတယ်။ အမြင်ကျဉ်းတဲ့သူတွေက သမိုင်းနဲ့ အတိတ်ရဲ့ အကျဉ်းသားတွေအဖြစ်ဆက်ပြီးနေသွားကြပါတယ်။ အရင် တုန်းကအတိုင်းပဲ လိုအပ်ချက်တွေ၊အရင်တုန်းကအတိုင်းပဲ တောင်းဆို ချက်တွေ ဒီလိုပုံစံအတိုင်း သွားနေကြ ပါတယ်။
အားလုံးဝိုင်းပြီး ကူညီ
ကျွန်မတို့ရဲ့ ပြည်ထောင်စုဖခင် ကြီးတွေဟာ သစ်ဆန်းတဲ့အမြင် တွေနဲ့၊ သတ္တိရှိရှိနဲ့ငါတို့ခေတ်မှာ ငါတို့ လိုချင်တဲ့နိုင်ငံမျိုးကို ငါတို့ထူထောင် မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အောင်မြင်မှု ကို ရအောင်လုပ်တာပါ။ ကျွန်မတို့ လည်း ဒီတိုင်းပဲ ရအောင်လုပ်ဖို့လိုပါ တယ်။ ကျွန်မတို့ခေတ်မှာ ကျွန်မတို့ရဲ့ အမြင်တွေနဲ့ ကျွန်မတို့ရဲ့ဒီကမ္ဘာကြီး နဲ့ ဒီနိုင်ငံရဲ့ လိုအပ်ချက်တွေအရ လုပ်သင့် လုပ်ထိုက်တဲ့ဟာတွေကို ဘယ်သူမှ မလုပ်ဖူးသော်လည်း အခု ကျွန်မတို့လုပ်မယ်ဆိုတဲ့ သတ္တိနဲ့ ပညာအမြော်အမြင်နဲ့ အားလုံးဝိုင်းပြီး ကူညီကြပါလို့ ကျွန်မအနေနဲ့ မေတ္တာ ရပ်ခံရင်း နိဂုံးချုပ်ပါတယ်။ ကျေးဇူး တင်ပါတယ်။