မြန်မာ့အလင်းအယ်ဒီတာအာဘော်
ကိုဗစ်ကပ်ရောဂါ ကမ္ဘာလောကထဲ ဝင်ရောက်လာသည့် အချိန်မှစ၍ ကျန်းမာရေးပြဿနာ၊ စီးပွားရေးပြဿနာ၊ လူမှုရေး ပြဿနာ စသည့် အထွေထွေပြဿနာများနှင့် တစ်ပြိုင်နက် တည်းလိုလို နဖူးတွေ့ ဒူးတွေ့ ကြုံကြရတော့သည်။
မြန်မာနိုင်ငံ၏ စီးပွားရေး အကျပ်အတည်းပြဿနာတွင် လူတစ်ဦးချင်း၏ ဆင်းရဲနွမ်းပါးမှု၊ ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားလွန်းနေခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်း အကျပ် အတည်းတို့က ထင်သာမြင်သာရှိသော ထိပ်တန်းပြဿနာ များဟု ဆိုရပါမည်။
သာမန်ပြည်သူလူထုကြားတွင် သိသိသာသာမဖြစ်သော် လည်း စီးပွားရေးအကျပ်အတည်းကို ဖိအားပေးနေသည့် ပြဿနာတစ်ခုမှာ ငွေကြေးစီးဆင်းမှု ဖြစ်ပါသည်။ ကိုဗစ်ရောဂါ ကြောင့် လုပ်ငန်းအများစု ရပ်ဆိုင်းသွားသည့်အခါ ပြည်သူ အများစု၏ ဝင်ငွေရပ်ဆိုင်းသွားမည် ဖြစ်ပါသည်။
ထို့ကြောင့် သာမန်ပြည်သူတို့ ဝင်ငွေရပ်သွားသည်နှင့် တစ်ပြိုင်နက် ပြင်ပနယ်ပယ်တွင်းက ငွေကြေးစီးဆင်းလည်ပတ်မှု အစဉ်တွင်လည်း လျော့ကျသွားမည် ဖြစ်ပေသည်။ ငွေလည်ပတ်မှု လျော့ကျလာခြင်းသည် စီးပွားရေးအကျပ်အတည်း ပြဿနာ နှင့် ဆက်စပ်နေပါသည်။ စီးပွားရေးအကျပ်အတည်းကို ဖြေရှင်း သည့်အခါတွင် ပြည်တွင်းဈေးကွက်အတွင်း ငွေလည်ပတ်မှုကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။ ထို့အတွက် ပြည်သူလူထုအတွင်း ငွေကြေးသုံးစွဲနိုင်မည့် အင်အားကို တိုးမြှင့် ပေးခြင်းကလည်း ထိရောက်သော ဖြေရှင်းမှုတစ်ခုဖြစ်မည်ဟု ယူဆပါသည်။
ကိုဗစ်ကာလအတွင်း လိုအပ်မည်ဟု သတ်မှတ်သူများကို နိုင်ငံတော်အစိုးရက ငွေကြေးထောက်ပံ့ပေးခြင်းမျိုးကလည်း ပြည်တွင်း ငွေကြေးလည်ပတ်မှု ချောမွေ့စေရေးအတွက် အထောက်အကူကောင်းများ ဖြစ်ခဲ့သည်ဟု မြင်ပါသည်။
ကာကွယ်ဆေးများကို မကြာမီစတင်ထိုးနှံတော့မည်ဟု ဆိုသော်လည်း တစ်နိုင်ငံလုံးအနေဖြင့် စိတ်ချလုံခြုံနိုင်မည့် အနေအထားသို့ ချက်ချင်းရောက်လာမည် မဟုတ်သေးပါ။ ကိုဗစ်ရောဂါ၏ ကူးစက်မှုအန္တရာယ်က ဆက်လက်ရှိနေဦး မည်သာ ဖြစ်ပါသည်။ ထို့ကြောင့် စိစစ်သုံးသပ်ရမည်မှာ အများ ပြည်သူတို့၏ လုပ်ငန်းကိုင်ငန်းများ မည်သို့ ပြန်လည်စတင် လည်ပတ် လုပ်ကိုင်နိုင်မည်ဆိုခြင်းဖြစ်ပါသည်။ ထိုလုပ်ငန်း များကို မည်သို့စနစ်တကျဖြစ်အောင် စီမံနိုင်မည်ဆိုခြင်းက အရေးပါပါသည်။
ပြည်သူတစ်ဦးချင်းကလည်း အခြေခံကျန်းမာရေးစည်းမျဉ်း များကို လိုက်နာကြရင်း သတ်မှတ်ပြဋ္ဌာန်းသည့် အစီအစဉ်များ အတိုင်း လုပ်ငန်းများကို ပြန်လည်လုပ်ကိုင်လာနိုင်ကြမည် ဆိုလျှင် ပြည်သူတို့၏ စားဝတ်နေရေးပြဿနာကို အတော် အသင့် ပြေလည်စေမည်ဖြစ်ပြီး နိုင်ငံ၏စီးပွားရေး အကျပ် အတည်းကိုလည်း တစ်ဖက်တစ်လမ်းက ဖြေရှင်းရာရောက် မည်ဟု မျှော်လင့်ရပါကြောင်း။ ။