
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုအထိမ်းအမှတ်ဆောင်းပါး
ခက်မာ
ငယ်ဘဝနဲ့ရေဒီယိုကဏ္ဍ
မြန်မာ့အသံလို့ကြားလိုက်ရင် ကျွန်မကတော့ ရေဒီယိုလေး ကိုပဲ ပြေးမြင်မိပါတယ်။ မြန်မာ့အသံဆိုတာကို ရေဒီယိုက တစ်ဆင့် သိခဲ့ရတာကိုး။
ကျွန်မတို့ငယ်ငယ်က ခုခေတ်လို တီဗွီမရှိ၊ ကွန်ပျူတာ အင်တာနက်မရှိလေတော့ အဘွားရဲ့ တစ်ထွာသာသာ လောက်ပဲရှိတဲ့ ဆန်ညို (Sanyo) ရေဒီယိုလေးသည်သာ တစ်မိသားစုလုံးအတွက် အဖော်ပေါ့။ ကျွန်မကြိုက်တာက ကာလပေါ်သီချင်း၊ ဇာတ်လမ်းပမာနားဆင်စရာ၊ အသံလွှင့် ဇာတ်နဲ့ ဇာတ်သဘင်အဖွဲ့ ဖျော်ဖြေခန်းတွေပေမယ့် အဘွားက ရေဒီယိုကိုတောက်လျှောက်ဖွင့်ထားလေတော့ သီချင်းကြီးတွေ၊ ကွက်စိပ်တွေ၊ အငြိမ့်ခန်းတွေနဲ့လည်း ရင်းနှီးခဲ့ရပါတယ်။
ကျွန်မကြီးပြင်းခဲ့တဲ့ရွာမှာ အိမ်တိုင်းရေဒီယို မရှိပါဘူး။ ဒါကြောင့် ဘောလုံးပွဲလာတဲ့ညနေတွေမှာ ကျွန်မတို့ အိမ်ရှေ့မှာ လူတွေစုရုံးနေတတ်ပါတယ်။ ရင်းနှီးသူ တချို့က အိမ်ပေါ်မှာ၊ အိမ်နားဝန်းကျင်က လူကြီး လူငယ်တချို့က အိမ် ရှေ့ဇကွဲပန်းပင်ရိပ်မှာ၊ တချို့ကတော့ အိမ်အောက်မှာ ရော်ဘာဖိနပ်ဖင်ခုပြီး ထိုင်လျက် နေရာယူ ကြပါတယ်။ အဘွားက အဲဒီအချိန်ဆို သူ့ရဲ့ဆန်ညိုရေဒီယို လေးကို အသံကုန်တဲ့အထိ ဖွင့်ထားပေးပါတယ်။ တစ်ဖက်ဖက်ကို ဂိုးသွင်းနိုင်ခဲ့လိုက်ပြီဆို အိမ်ပေါ်က လူတွေရော၊ အိမ်အောက်ကလူတွေရော ‘‘ဂိုး...’’လို့ အော်ပြီး ထခုန်ကြ၊ လက်ခုပ်လက်ဝါးတီးကြပါတယ်။ ပထမပိုင်းမှာ ဘောလုံးပွဲကိုသိပ်နားမလည်ပေမယ့် ကလေး သဘာဝအိမ်မှာ လူရုတ်ရုတ် ရုတ်ရုတ်ဆိုပျော်တာနဲ့ လူအုပ်ကြားရောထွေး နားထောင်ရင်း ကျွန်မပါ ဘောလုံး ပွဲကို မျှော်တတ်လာပါတယ်။ ဂိုး...လို့ အော်ရတာ အရသာ ရှိတယ်လို့ ထင်လာပါတယ်။ အဲဒီတုန်းက အရသာရှိခဲ့ပေမယ့် ကိုယ်တစ်ခါမှ မမြင်ဖူးတဲ့သူတွေ ကိုယ်မသိတဲ့နေရာ ကနေ ဘောလုံးကန်တာကို ကိုယ်ကလက်ခုပ်တီးလိုက်၊ တက်ခေါက်လိုက်၊ အံကြိတ်လိုက်၊ အသံကုန်အော်ဟစ် အားပေးနေခဲ့တာ အခုအချိန်ပြန်စဉ်းစားကြည့်တော့ အတော်အူကြောင်ကြောင်နိုင်တာပါပဲ။ ဒါပေမယ့် အဲဒီ ဘောလုံးပွဲတွေကနေ အသင်းအဖွဲ့ရဲ့ စုပေါင်းလုပ်ဆောင်မှု ဆိုတာကို နားလည်ခဲ့ရပါတယ်။
မူလတန်းလောက်ကဆို အဲဒီရေဒီယိုလေးထဲမှာ လူသေးသေးလေးတွေရှိတယ်လို့ပဲ ထင်ခဲ့တာပါ။ လူမရှိဘဲ ဘယ်လိုအသံထွက်မှာလဲနော်၊ အဲဒီအသံတွေကလည်း ဒီရေဒီယိုထဲက ထွက်လာတာဆိုတော့ ဒီရေဒီယိုထဲမှာပဲ သူတို့ ရှိရမှာပေါ့။ အဲဒီစဉ်းစားချက်ဟာ ကျွန်မစိတ်ကို အတော်ဖိစီးပါတယ်။ မူလတန်းကျောင်းသူဘဝက အိမ်မှာ အမေနဲ့ အဘွားမရှိတဲ့ရက်တွေဆို ရေဒီယိုလေးရဲ့ နောက်ဘက်က သစ်သားပြားအဖုံးကိုဖွင့်ပြီး လူသေးသေး လေးတွေ ဘယ်နားမှာရှိနေတာလဲ ရှာမိတတ်ပါတယ်။ ဒါပေမယ့် ကျွန်မတွေ့တာက အပေါက်လေးတွေ၊ အဖုလေးတွေပါတဲ့ သတ္တုပြားတွေနဲ့ ဝိုင်ယာကြိုးတွေပါပဲ။ ရွှေဉာဏ်တော်စူးလှတဲ့ ကျွန်မက မကျေနပ်ပါဘူး၊ တစ်ရက်တော့ အိမ်မှာလူကြီးတွေမရှိတုန်း အဲဒီဝိုင်ယာ ကြိုးတွေကိုဖြုတ်ပြီး ချောင်ကြို ချောင်ကြားပုန်းနေ တဲ့ လူသေးသေးလေးတွေကို ထပ်ရှာပါလေရော။ လူသေးသေးလေးတွေက အပုန်းကောင်းလှလေတော့ သူတို့ကိုမတွေ့ရဘဲ ကျွန်မသာ အဘွားကြိမ်လုံးနဲ့ တွေ့ရ ပါတော့တယ်။ ရေဒီယိုပျက်သွားတာကိုး...။ တစ်ရွာလုံးက ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရတဲ့ မူလတန်းကျောင်းအုပ် ဆရာမကြီးအဘွားရဲ့ ကြိမ်စကြာဒဏ်ကြောင့် ပေါင်မှာ အရှိုးရာနှစ်ချက်လောက် ထင်သွားပေမယ့် ရေဒီယိုသေးသေး လေးထဲက လူပေါင်းစုံရဲ့ အသံတွေ၊ သီချင်းသံတွေ ထွက်လာတာကို အထက်တန်းကျောင်းသူဖြစ်သည်အထိ ကျွန်မနားမလည်နိုင်ခဲ့ပါဘူး။
အတိတ်ရဲ့ခမ်းနားမှုကို မျှဝေရာ
ရေဒီယိုထဲကအသံတွေ ဘယ်လိုထွက်လာမှန်းမသိ ပေမယ့် ရေဒီယိုအစီအစဉ်စလိုက်တာနဲ့ အဲဒီသူဟာ ဘယ်သူ လဲဆိုတာ အဘွားကို ပြောပြမိတတ်တာ ကျွန်မပါ။ အစီ အစဉ် ကြေညာသူရဲ့ မင်္ဂလာပါဆိုတဲ့ နှုတ်ဆက်သံကို ကြားရင် ဘာကိုမှန်းမသိ ကျေနပ် သွားတတ်တာ ကျွန်မပါ။ ဇာတ်လမ်းပမာတို့၊ အသံလွှင့် ဇာတ်တို့လာမယ့်နေ့ဆို ရေဒီယို အနီးဆုံးမှာ နေရာပြေးယူမိတာ ကျွန်မပါ။ ကိုကြီးသာဆန်းတို့၊ ဘကြီးဖြိုးတို့ကို ကိုယ့်အမျိုးလို့ ထင်နေတတ်တာကျွန်မပါ။ ည ၉ နာရီထိုးလို့ မြန်မာပိုင်း အစီအစဉ်တွေ ပြီးသွားတဲ့အခါ အဘွားက တဂျွီးဂျွီး တဂျစ်ဂျစ်နဲ့ BBC တို့၊ VOA နဲ့ All India လိုင်းတို့ဖမ်းရင် အဘွားနဲ့အတူ ကျန်နေခဲ့တာလည်း ကျွန်မပါပဲ။
ဇာတ်သဘင် အဖွဲ့ဖျော်ဖြေ ခန်း လာမယ့်နေ့တွေမှာတော့ ကျွန်မနဲ့အဘွားသာ မအိပ်ဘဲကျန် တတ်ပါတယ်။ အဘွားရဲ့ နံ့သာ ဖြူ၊ ကရမက်နံ့တွေလှိုင်နေတဲ့ ကိုယ်လုံးကြီးကို ဖက်ပြီး ကျွန်မနားမလည်တဲ့ ဇာတ်စကား ဇာတ်စာ၊ ဇာတ်အသုံးအနှုန်းတွေပါလာရင် အဘွားကို မေးရပါတယ်။
ဇာတ်သဘင် အဖွဲ့ဖျော်ဖြေခန်းကနေ ဘုရားလောင်း သိဒ္ဓတ္ထ မင်းသား ဘယ်လိုမွေးဖွားခဲ့သလဲ၊ ဘုရားလောင်းရဲ့ မိဘတွေဟာ ဘယ်သူလဲ၊ အဲဒီခေတ်ကာလက ဘုရင်တွေ ဘယ်လိုအုပ်ချုပ်သလဲ သိခဲ့ရပါတယ်။ စိတ်မဖြူစင်တဲ့ ရွဲ ကုန်သည်ရဲ့အရှုံးနဲ့ စိတ်ကောင်းရှိသူ ရွဲကုန်သည်ရဲ့ အမြတ်ကို သင်ယူခဲ့ရပါတယ်။ ရှင်မွေ့နွန်းလို၊ ဒွေးမယ်နော် လို ဒဏ္ဍာရီထဲကမင်းသမီးတွေကို သိခဲ့ရပါတယ်။ မြန်မာ့ အသံဟာ ကျွန်မတို့ကို အတိတ်ရဲ့ ခမ်းနားမှုအကြောင်း မျှဝေခဲ့ပါတယ်။
မှတ်မှတ်ရရပြက်လုံး
အငြိမ့်ခန်းကိုတော့ ကျွန်မ သိပ်မကြိုက်ပါဘူး။ လူရွှင်တော်တွေ ပြက်လုံးထုတ်တဲ့အချိန်မှာသာ နားထောင်တတ်ပြီး မင်းသမီးသီချင်းဆိုချိန်မျိုးဆို ထွေလီ ကာလီအလုပ်လေးတွေ ထလုပ်တတ်ပါတယ်။ အခု အချိန်အထိ ကျွန်မနားထဲစွဲနေတဲ့ ပြက်လုံးတစ်ခုကတော့ လူပြက်တစ်ယောက် မင်းသမီးကိုခေါ်တဲ့ ပြက်လုံးပါ။ ရှေ့ပိုင်းကထုံးစံအတိုင်းရွတ်တဲ့ ဇာတ်စကားတွေကို ကျွန်မ မှတ်မိပါဘူး။ အဲဒီဇာတ်စကားတွေအပြီး လူရွှင်တော်ခေါ်လိုက်တာက ‘‘အိုဘယ့် ရေခဲချောင်း...’’ တဲ့။ နောက်လူရွှင်တော်တစ်ယောက်က မင်းဟာက မင်းသမီး ခေါ်ပါဆို ဘာလို့ရေခဲချောင်းသည်ခေါ်သလဲ မေးပါတယ်။ ‘မင်းသမီးကိုခေါ်တာပဲဟ’ လို့ ခေါ်တဲ့ တစ်ယောက်က ပြန်ဖြေပါတယ်။ နောက်တစ်ယောက်က ‘မင်းသမီးနာမည်က ရေခဲချောင်းလား’ ဆိုတော့ မင်းသမီး ခေါ်တဲ့လူရွှင်တော်က ‘မင်းတော်တော်ခက်တဲ့ကောင်ပဲ’ လို့ပြောပြီး ပြန်မေးပါတယ်။
‘‘ရေခဲချောင်းက မမာဘူးလား။’’
‘‘မာတယ်။’’
‘‘မအေးဘူးလား။’’
‘‘အေးတယ်။’’
‘‘မာမာလေးနဲ့အေးတော့...။’’
‘‘မာမာအေး’’ ပေါ့လို့ ပြောလိုက်တဲ့အချိန်မှာ ရယ်သံ တွေနဲ့အတူ အငြိမ့်မင်းသမီးအဖြစ်သရုပ်ဆောင်တဲ့ အဆို တော်ကြီးဒေါ်မာမာအေးအသံ ထွက်လာပါတယ်။ အငြိမ့် ခန်းရော ဇာတ်သဘင်အဖွဲ့ ဖျော်ဖြေခန်းတွေရောကို ထပ်ခါထပ်ခါလွှင့်တာမို့ တခြားဘာမှ နားထောင်စရာ၊ ကြည့်ရှုစရာမရှိတဲ့ ကျွန်မတို့ဟာလည်း ဒါတွေကိုပဲ ထပ်ခါထပ်ခါ နားထောင်ခဲ့ရတာပေါ့။ ဒါပေမယ့် နားထောင်တိုင်းလည်း အဘွားက ပြောင်းဖူးဖက်ဆေးလိပ် ကိုဖွာရင်း တဟားဟားရယ်ရပြီး ကျွန်မတို့ကလေး တစ်သိုက်ကလည်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ခွက်ထိုးခွက်လန်ရယ်ခဲ့တာပါပဲ။ မြန်မာ့အသံဟာ ကျွန်မတို့ကို ပျော်ရွှင်လွမ်းမောဖွယ် မိသားစုဘဝကို ပေးခဲ့ပါတယ်။
ကျွန်မကြိုက်တဲ့ အစီအစဉ်တွေက ကျေးလက် ဇာတ်လမ်း၊ ဇာတ်လမ်းပမာနားဆင်စရာနဲ့ အကြိုက်ဆုံး ကတော့ စနေနေ့ည ၈ နာရီသတင်းအပြီးမှာ လာတဲ့ အသံလွှင့်ဇာတ်ပါ။ အသံလွှင့်ဇာတ်ကလွှင့်ချိန်လည်း ကြာသလို မင်းသား မင်းသမီးတွေက အသံနဲ့ဝင်သရုပ် ဆောင်ကြတာကိုး၊ ဝင်းဦးအသံနဲ့ သရုပ်ဆောင်တဲ့ ‘အိမ်ကြီးမာယာဝင်္ကပါ’ တို့၊ (ညွန့်ဝင်းနဲ့ဒေါ်မေသစ် တို့ထင်ပါရဲ့) အသံနဲ့သရုပ်ဆောင်တဲ့ ‘စမ်းရေပမာ မိမေတ္တာ’ တို့လို အသံလွှင့်ဇာတ်တွေဆို ဘယ်နှခေါက် လာလာ မလွတ်တမ်းနားထောင်လွန်းလို့ အလွတ်တောင် ရခဲ့ပါရဲ့။
ရေဒီယိုကတစ်ဆင့်မြင်ခဲ့ရတဲ့ လူ့လောက
ကြောက်စရာအိမ်ကြီးတစ်လုံးအကြောင်းဖြစ်တဲ့ အိမ်ကြီးမာယာလာရင် ဇာတ်လမ်းအစမှာ ကျွန်မတို့ မောင်နှမတွေဟာ တစ်နေရာစီရှိနေပေမယ့် တဖြည်းဖြည်းနဲ့ အဘွားနား စုပြုံရောက်သွားတာချည်းပါပဲ။ ‘စမ်းရေပမာ မိမေတ္တာ’ ကတော့ သားဖြစ်တဲ့သူကို ရပ်ကွက်ထဲမှာ လိုက်အဝတ်လျှော်ရင်း ဆရာဝန်ဖြစ်သည်အထိ ပညာသင်ပေးသွားတဲ့ အမေတစ်ယောက်အကြောင်းပါ။ သားဆရာဝန်အိမ်ထောင်ကျတော့ နှစ်ပေါင်းများစွာ အဝတ်လျှော်လာတဲ့ အမေဖြစ်သူရဲ့လက်မှာ ဆပ်ပြာ စားပြီး အဖြူကွက်တွေဖြစ်လာတာကို အရေပြားရောဂါ ထင်ပြီး ချွေးမက အိမ်ပေါ်က ဆင်းခိုင်းခဲ့ပါတယ်။ သားက အမေ့ကို အိမ်ပေါ်မှာ မနေတော့ဖို့ပြောတဲ့အခါ အမေဖြစ်သူပြန်ပြောတဲ့ အခန်းရောက်ရင် အမေကြီးကို သနားပြီး အဘွားနဲ့အတူ ကျွန်မတို့လည်း ရောယောင် မျက် ရည်ကျကြတာပါပဲ။ သားနဲ့ချွေးမလုပ်သူအပေါ်ဒေါသ ထွက်ပြီး တတွတ်တွတ် ရေရွတ် အပြစ်တင်မိတာပါပဲ။ လူ့သဘော၊ လူ့သဘာဝဆိုတာကို ကျွန်မ စပြီးနားလည် ခဲ့ရတာ အဲဒီဇာတ်လမ်းတွေကတစ်ဆင့်ပါ။ မြန်မာ့အသံ ဟာ ကျွန်မလို ကလေးတစ်ယောက်ကို လူ့လောကထဲကို အသံတွေနဲ့ ဆွဲသွင်းပေးခဲ့တာပါ။
အဲဒီတုန်းက နားထောင်ခဲ့ဖူးတဲ့ အသံလွှင့်ဇာတ်တွေ ထဲက ဇာတ်လမ်းတစ်ပုဒ်ကို နာမည်ရော ဇာတ်လမ်းအသေး စိတ်ကိုပါ မမှတ်မိတော့ပါဘူး။ မှတ်မိတာကတော့ မင်းသမီးခင်သန်းနု ဇာတ်လိုက်မင်းသမီးအဖြစ် အသံနဲ့ သရုပ်ဆောင်ခဲ့တယ်ဆိုတာပါပဲ။ ဇာတ်လမ်းက ရေဒီယို အသံလွှင့် ရုံမှာအလုပ်လုပ်သူ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝအကြောင်းပါ။ ကိုယ်တိုင်ရဲ့ဘဝမှာ ဘယ်လောက်ပဲ စိတ်လက် ပင်ပန်းညှိုးနွမ်းနေပါစေ၊ အသံလွှင့်ခန်းထဲက မိုက်ခရိုဖုန်း ရှေ့ရောက်ပြီဆိုရင်တော့ ‘သောတရှင်များ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ’ လို့ နေ့စဉ် နှုတ်ခွန်းဆက် ဆုတောင်းပေးရတဲ့ဘ၀ကို ဖော်ကျူးထား တာပါ။
လေထဲမှာပျံ့လွင့်နေသော အကြည်ဓာတ်လေးတွေ
အသံနဲ့လုပ်စားရတဲ့ဘဝကို ဘယ်တုန်းကမှစိတ်ကူး မယဉ်ခဲ့ဖူးတဲ့ ကျွန်မအတွက် ကိုယ့်မိခင်မြေနဲ့မိုင်ပေါင်း သောင်း ချီဝေးတဲ့ နိုင်ငံကြီးတစ်ခုမှာ ရေဒီယိုအသံလွှင့်သူ တစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းဖို့ ကံကြမ္မာ က ဖန်တီးလာပါတယ်။ ရေဒီယိုမှာ အသံစလွှင့်ပြီ ဆိုကတည်းက ငယ်ငယ်ကကြားဖူးခဲ့တဲ့ အဲဒီအသံလွှင့် ဇာတ်လမ်းလေးကို သတိရခဲ့မိတာပါ။ အထူးသဖြင့် ‘မင်္ဂလာမနက်ခင်းပါရှင်’ လို့ အစီအစဉ်စတင်ချိန် နှုတ်ခွန်း ဆက်တဲ့အခါနဲ့ ‘သောတရှင်များ ကိုယ်စိတ်နှစ်ဖြာရွှင်လန်း ချမ်းမြေ့ကြပါစေ’ လို့ အစီအစဉ်ပြီးချိန် ဆုတောင်းစကား ပြောတဲ့အခါတွေမှာ ပိုသတိရပါတယ်။
တီဗွီမှာ တာဝန်ကျချိန်တွေမှာတော့ ဘယ်လောက်ပဲ သောကဖိစီးနေပါစေ၊ အဖွင့်တီးလုံးသံကြားတာနဲ့ မျက် နှာကိုချိုရွှင်သွားအောင်ပြုံးပြီး မင်္ဂလာပါလို့ နှုတ်ဆက်ရတဲ့ အခါ ကိုယ့်ကိုယ်ကိုယ်အိပ်မက်ကမ္ဘာထဲရောက်နေသလို မကြာ ခဏခံစားမိတတ်ပါတယ်။ ဒါဟာငါဟုတ်ရဲ့လားလို့ တွေးမိတာ မကြာခဏပေါ့။ ငယ်ငယ်က ရေဒီယိုထဲမှာ လူသေးသေးလေးတွေများရှိမလား၊ ရေဒီယိုပျက်အောင် မွှေနှောက် ရှာခဲ့သလို တီဗွီထဲမှာသတင်းကြေညာနေတဲ့သူ ရှိမလားဆို ပြီး တီဗွီဖွင့်ရှာခဲ့သူတွေ ရှိလေ မလားစဉ်းစားပြီး သတင်းဖတ်ရင်း ပြုံးမိခဲ့တာလည်း ရှိပါသေးတယ်။ သေကောင်ပေါင်းလဲ နေမကောင်းဖြစ်နေတဲ့ အမေ အကြောင်း ခေါင်းထဲမှာရှိနေချိန်၊ ကိုယ်တိုင်မခံချိမခံသာ ဖျားနာနေတဲ့ အချိန်၊ အိမ်ပြန်ချိန်နောက်ကျတဲ့ သားတွေ ကို ဖုန်းဆက်မရလို့ ပူပင်နေချိန်၊ ဘယ်လိုသောကမျိုးရှိနေ ပါစေ ကိုယ့်မျက်နှာရှေ့က တီဗွီကင်မရာကိုကြည့်ပြီး ပြုံးပြရတာပါပဲ၊ ဘယ်လိုအမင်္ဂလာနဲ့ ရင်ဆိုင်နေရပါစေ ‘မင်္ဂလာပါ’ လို့ ချိုချိုရွှင်ရွှင်ပြုံးပြီး နှုတ်ဆက်ရတာ ချည်းပါပဲ။
သတင်းဆောင်းပါးတစ်ပုဒ်ကိုဖြစ်ဖြစ်၊ အပတ်စဉ် အစီအစဉ်တစ်ခုကိုဖြစ်ဖြစ် မမှားအောင်ဂရုစိုက်ဖတ်နေ ချိန်မှာ ကျွန်မဟာ လူတွေအကြောင်း ရေဒီယိုကတစ်ဆင့် စတင်နားလည်ခဲ့ရသလို ကလေးတွေအများကြီးကို ရေဒီယိုကတစ်ဆင့် လူတွေအကြောင်း ပြန်ပြောပြနေတာ ပါလားလို့ တွေးမိလာပါတယ်။
အဲဒီလိုတွေးမိချိန်မှာတော့ ကိုယ့်မှာဘယ်လောက် ပူပင်သောက ဖိစီးနေပါစေ သိန်းနဲ့သန်းနဲ့ချီတဲ့ ရေဒီယို နားထောင်သူတွေကို ‘မင်္ဂလာပါ’ လို့ နှုတ်ဆက်ခွင့်ရနေ တဲ့၊ ‘ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ’ လို့ ဆုတောင်းပေးခွင့်ရနေတဲ့ ဘဝကို တန်ဖိုးထားလာမိ ပါတယ်။ အရင်ကအလုပ်သဘောအရ ပြောတယ်လို့သာ နားလည်ခဲ့ပေမယ့် အခုတော့ အဲဒီစကားတွေပြောချိန်မှာ တကယ့်ကိုရင်ထဲက လှိုက်လှိုက်လှဲလှဲ ပြောမိလာပါတယ်။ အဲဒီလိုပြောမိချိန်တွေမှာ ကျေနပ်စိတ်ကို ခံစားလာမိပါ တယ်။ မမြင်ရပေမယ့် လေထဲမှာ လွင့်ပျံ့နေတဲ့ အကြည်ဓာတ် ကို ခံစားလာရပါတယ်။ ရေဒီယို ဆိုတာကနေတစ်ဆင့် ရင်းနှီးခဲ့ရတဲ့ မြန်မာ့အသံကို ကျေးဇူးတင်လာပါတယ်။
အတိအကျရေတွက်လို့မရပေမယ့် ကျွန်မလို မြန်မာ့ အသံကတစ်ဆင့် လူ့လောကအကြောင်း၊ ကမ္ဘာကြီး အကြောင်း၊ အတိတ်အကြောင်း၊ အနာဂတ်အကြောင်း လေ့လာသင်ယူ နိုင်ခဲ့သူတွေ မနည်းမနောရှိမှာအသေအချာ ပါပဲ။ ဘဝများစွာကိုလမ်းပြခဲ့တဲ့ မြန်မာ့အသံဟာ နောက်ထပ်ဘဝများစွာကိုလည်း ဆက်လက်လမ်းပြ နေဦးမှာပဲလို့ တွေးမိချိန်မှာ မြန်မာ့အသံအဓွန့်ရှည်ပါစေလို့ ဆုတောင်းလိုက်မိပါတယ်။ ။
- Log in to post comments