ကိုဗစ် -၁၉ ကာလ ခရီးသွားလုပ်ငန်းဆိုင်ရာ အယူအဆများ

Type

 

 

စည်သူကျော်

 

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးဖြစ်ပေါ်နေသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။ သို့သော် ကပ်ရောဂါ၏ အရှိန်ကား မသေသေး။ တစ်ကျော့ပြန်၊ နှစ်ကျော့ပြန် စသည်ဖြင့် စန်းထ၍ ကောင်းဆဲပင်ဖြစ်သည်။ မျိုးရိုးဗီဇကလည်း ပြောင်းလဲ ကွဲထွက်လျက်ရှိသည်။ ဆေးပညာနှင့် ကျန်းမာရေးစောင့်ရှောက်မှု အသိုင်းအဝိုင်းကမူ ကိုဗစ်ကပ်ရောဂါကို ကာကွယ်ကုသရန် တစိုက်မတ်မတ် အားထုတ်ကြိုးပမ်းလျက်ရှိသည်။ လူမှုရေး၊ ပညာရေး၊ စီးပွားရေးနယ်ပယ်တို့ကလည်း ကိုဗစ်-၁၉ နှင့် ယှဉ်တွဲနေထိုင်နိုင်ရေး ကြိုးပမ်းနေကြရသည်။ ယှဉ်တွဲမနေ၍လည်း မရ။ ကပ်ရောဂါကား မည်သည့်အချိန်တွင် အပြီးတိုင်ပပျောက်သွားမည်ကို ခန့်မှန်း၍ မရနိုင်သောကြောင့်ဖြစ်သည်။

အသားကျလာသော လူနေမှုပုံစံသစ်

လူမှုဆက်ဆံရေးနယ်ပယ်တွင် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရခြင်း၊ နှာခေါင်းစည်း (Mask) ကို တပ်ဆင်ရ ခြင်းနှင့် မကြာခဏဆိုသလို လက်ဆေးမှုပြုရခြင်းတို့သည် လူတို့ နိစ္စဓူဝ နေထိုင်မှုပုံစံတွင် တဖြည်းဖြည်းအသား ကျလာခဲ့ရပြီဖြစ်သည်။ မိတ်ဆွေတစ်ဦးကမူ နှာခေါင်း စည်း (Mask) မတပ်ထားလျှင် မိမိကိုယ်ကို ယုံကြည်မှု အပြည့်မရှိတော့သလို ခံစားရကြောင်း ပြောလာသည်။ နှာခေါင်းစည်း မတပ်မိဘဲ တစ်ဦးနှင့်တစ်ဦး အနီးကပ် မတော်တဆ မျက်နှာချင်းဆိုင်မိလျှင် စိတ်မလုံသလို စိတ်မသက်မသာ ခံစားမိလာသည်။ ဒါက လူမှုဆက်ဆံရေး နယ်ပယ်တွင် ဖြစ်သည်။

လေ့လာသင်ကြားမှုနယ်ပယ်တွင် အင်တာနက် အွန်လိုင်းကို ပိုမိုသုံးစွဲလာရသည်။ ပညာရေးနယ်ပယ်တွင် Zoom, Google Meet, Google Classroom စသည့် အက်ပလီကေးရှင်းများ အသုံးပြု လေ့လာသင်ကြားမှု သည်ပင် အသစ်အဆန်း မဟုတ်တော့ပေ။ Zoom အက်ပလီကေးရှင်းဆိုလျှင် ၂၀၂၀ ပြည့်နှစ်မတိုင်မီက စီးပွားရေးလုပ်ငန်းအချင်းချင်းသာ ဆက်သွယ်အသုံးပြု ခဲ့ရာမှ ယခုအခါ ကျန်းမာရေး၊ ပညာရေးစသည့်နယ်ပယ် များတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်။

ယူအက်စ်တူဒေး သတင်းဌာန၏ ဖော်ပြချက်အရ Zoom Video Meeting အသုံးပြုမှုသည် မူလက ၁၀ သန်းခန့်သာရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်အတွင်းတွင် သန်း ၃၀၀ ခန့်ရှိလာခဲ့သည်။ ဘာသာရေးဆိုင်ရာ ဟောပြောပွဲ များ၊ တရားပွဲများနှင့် အဘိဓမ္မာသင်တန်းများကိုပင် အွန်လိုင်းမှ ပြုလုပ်လာကြသည်။ ဈေးရောင်း ဈေးဝယ်ကို လည်း လူမှုကွန်ရက်မီဒီယာများ၊ မိုဘိုင်းအက်ပလီ ကေးရှင်းများ အသုံးပြု၍ လုပ်ဆောင်လာကြသည်။ ကုန်ပစ္စည်း တစ်ခုကို လက်တွေ့လေ့လာ ကြည့်ရှုစမ်းသပ် ပြီးမှ ဝယ်ယူတတ်သော မိမိသည်ပင် ယခုအခါ အရေးတကြီးလိုအပ်သော ပစ္စည်းများကို အွန်လိုင်းမှ မှာယူဝယ်ခြမ်းတတ်လာပြီ ဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားသော ကာလအတွင်း ဆေးရုံဆေးခန်း မသွားလိုသူများအတွက် အွန်လိုင်းမှတစ်ဆင့် ကျန်းမာရေးဆွေးနွေးခြင်းများ ပြုလုပ်နိုင်သော ဝန်ဆောင်မှုများလည်း ပေါ်ပေါက်လာ သည်။ ယုတ်စွအဆုံးဆိုသော် အပန်းဖြေခရီးသွားလာခြင်း၊ ဒေသန္တရ ဗဟုသုတ ရှာဖွေခြင်းကဲ့သို့သော မြေပြင်ဆင်း၍ လက်တွေ့သွားလာရသော ကိစ္စရပ်များကိုပင် အွန်လိုင်း မှလုပ်ဆောင်လာကြသည်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွား လာချိန်တွင် အထိခိုက်ဆုံးသော လုပ်ငန်းကဏ္ဍတစ်ခုကို ပြပါဆိုလျှင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍကို ပြရပေ လိမ့်မည်။ ကုလသမဂ္ဂဆိုင်ရာ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ကြီး၏ ထုတ်ပြန်ချက်အရ အပြည်ပြည်ဆိုင်ရာ ခရီးသွားလာမှုသည် ၂၀၂၀ ပြည့်နှစ်တွင် ၇၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအတွင်း ကျဆင်းသွားဖွယ်ရှိကြောင်း သိရှိရသည်။

အခက်ကြုံလာသော ခရီးသွားလုပ်ငန်း

ခရီးသွားကျဆင်းခြင်းနှင့်အတူ ခရီးသွားလုပ်ငန်းကို အမှီပြု၍ လုပ်ငန်းများ လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းများလည်း တစ်နွယ်ငင် တစ်စင်ပါ ဆိုသလို ဆက်တိုက် ပြိုလဲကြရပေတော့သည်။ ခရီးသွားလုပ်ငန်း ပြန်လည်နာလန်ထူလာစေရေးအတွက် အစိုးရ၊ ပုဂ္ဂလိက နှင့် နိုင်ငံတကာ အဖွဲ့အစည်းအသီးသီးက ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။ ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ် နိုင်ရန်အတွက် ပြည်တွင်းပြည်ပခရီးသွားလာခြင်းများကို တားမြစ်ကန့်သတ်မှုများ ပြုလုပ်ခဲ့ရာ ခရီးသွားခြင်းကို နှစ်သက်သူများနှင့် ဒေသန္တရ ဗဟုသုတ ရှာဖွေဆည်းပူးခြင်းကို ဝါသနာပါသူများအဖို့ အခက်ကြုံ ရပါလေတော့သည်။

သို့သော် မိမိနေအိမ်မှနေ၍ ကမ္ဘာကြီးကို လေ့လာ လည်ပတ်လိုသူများအတွက် လူမှုကွန်ရက်မီဒီယာ အသီးသီးမှနေ၍ လိုက်ပါကြည့်ရှုနိုင်ပြီဖြစ်သည်။ ဧည့်လမ်း ညွှန် (သို့မဟုတ်) ခရီးသွား ဝါသနာရှင်တစ်ဦးဦးမှ သာယာ လှပသော၊ စိတ်ဝင်စားဖွယ်ကောင်းသော ထူးခြားထင်ရှား သည့် ခရီးစဉ်ဒေသများသို့ သွားရောက်ရာတွင် ၎င်းတို့နှင့် အတူ လိုက်ပါခံစားနိုင်စေရန် ရုပ်သံလွှင့် ပြသသည်ကို ကြည့်ရှု စိတ်အပန်းဖြေကြရသည်။ အလားတူ နိုင်ငံတကာ မှ အချို့သော ပြတိုက်ကြီးများသည် ကိုဗစ်-၁၉ ကာလ အတွင်း အွန်လိုင်းမှတစ်ဆင့် လေ့လာကြည့်ရှုနိုင်စေရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်သည်။

အကောင်းဘက်မှရှုမြင်သော် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာကြည့်ရှုရန် မလွယ်ကူသည့် နိုင်ငံတကာပြတိုက်ကြီးများကို လေ့လာခွင့်ရရှိခြင်းမှာ အကျိုးအမြတ်တစ်ခုပင်ဖြစ်သည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ကြီးမှ ထုတ်ဝေသော ကိုဗစ်-၁၉ ၏ ခရီးသွား လုပ်ငန်းအပေါ် သက်ရောက်မှုများ သုံးသပ်ချက်တွင် အားသာချက်များ၌ လက်ရှိဆောင်ရွက်နေသော စီးပွားရေး လုပ်ငန်းများ၏ လုပ်ဆောင်ပုံကို ပြန်လည်သုံးသပ်ရန် အချိန်ဖြစ်ကြောင်း ဖော်ပြထားပြီး ဒစ်ဂျစ်တယ်နည်းပညာ နှင့် တီထွင်ဆန်းသစ်မှုတို့ကို ဖြစ်ပေါ်လာစေနိုင်ကြောင်း သုံးသပ်ရေးသားထားပါသည်။

မှန်ပါသည်။ ကိုဗစ်-၁၉ မဖြစ်ခင်က ပုံမှန်တိုးတက် နေသော ခရီးသွားလုပ်ငန်းကဏ္ဍကြီးသည် ပုံမှန်လှေကြီးထိုးရိုးရိုးပုံစံဖြင့်သာ ချီတက်လျက်ရှိပေသည်။ အထိုက် အလျောက် ပြောင်းလဲခြင်းရှိသော်လည်း သိသိသာသာ အသွင်ဆန်းသစ်သွားခြင်းမှာ နည်းပါးလှသည်။ မြန်မာနိုင်ငံတွင်လည်း အစဉ်အလာအရ ထင်ရှားသော ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေးတို့တွင်သာ ခရီးသွား ဧည့်သည်ပုံမှန်ဝင်ရောက်မှု များပြားပြီး အခြားခရီးစဉ် ဒေသများမှာ နိုင်ငံတကာမျက်နှာစာတွင် တိမ်မြုပ်နေသော ရတနာများသဖွယ် မှေးမှိန်နေဆဲဖြစ်သည်။ ကိုဗစ်-၁၉ ကြောင့် လုပ်ရိုးလုပ်စဉ်များမှ ဖောက်ထွက်၍ ဆန်းသစ် လာကြရာတွင် နည်းပညာမြင့်မားသော နိုင်ငံများသည် ခရီးသွားလုပ်ငန်းကို အများပြည်သူသို့ တစ်နည်းတစ်ဖုံပြန်လည်မိတ်ဆက်လာသည်။

ဦးစားပေးသင့်သော ပြည်တွင်းခရီးသွားလုပ်ငန်း

ခရီးသွားပုံစံများ ပြောင်းလဲလာခြင်းနှင့်အတူ ခရီးသွားလုပ်ငန်းဆိုင်ရာ အယူအဆများ၊ သီအိုရီများ လည်း ပြောင်းလဲလာခဲ့သည်။ Travel Bubble ဟုခေါ်သော ကျန်းမာရေးအရ ယုံကြည်စိတ်ချရသော နိုင်ငံအချင်းချင်း အပြန်အလှန် ခရီးသွားလာမှု ခွင့်ပြုခြင်းကို ကိုဗစ်-၁၉ ကပ်ရောဂါ အစပြုပြီး သိပ်မကြာခင်ကပင် နိုင်ငံအချို့တွင် ဖော်ဆောင်ခဲ့သည်။ အခြားအခြားသော နိုင်ငံများသည် လည်း ကပ်ရောဂါလျော့ပါးသွားချိန်တွင် Travel Bubble ကို အကောင်အထည်ဖော်ရန် လျာထားပြင်ဆင်ခဲ့ကြသည်။

ထို့အပြင် အမေ့လျော့ခံ ပြည်တွင်းခရီးသွားလုပ်ငန်း (Domestic Tourism) ကို ကိုဗစ်-၁၉ အလွန်ကာလ တွင် ခရီးသွားလုပ်ငန်း ပြန်လည်စတင်မှုတစ်ခုအဖြစ် လုပ်ဆောင်ရန် တာစူထားကြသည်။ ခရီးသွားလုပ်ငန်း ဆိုလျှင် နိုင်ငံခြားသားများလာရောက်လည်ပတ်ခြင်းဟုသာ ယူဆထားကြသော်လည်း အမှန်တကယ်တွင် ပြည်တွင်းခရီးသွားလုပ်ငန်း (Domestic Tourism) ၏ တန်ဖိုးသည်လည်း အကျိုးအမြတ်ကြီးမားလှပါသည်။ မြန်မာနိုင်ငံတွင်လည်း ဘုရားဖူးခရီးစဉ်များနှင့်အတူ Domestic Tourism သည်လည်း ကိုဗစ်-၁၉ မတိုင်မီ ကာလအထိ လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။

ပြည်တွင်းခရီးစဉ်များကို မှီခို၍ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ စားသောက်ဆိုင်နှင့် အမှတ်တရ ပစ္စည်းအရောင်း ဆိုင်များ၊ တည်းခိုနေထိုင်ရေးလုပ်ငန်းများစသည့် အသေး စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် လက်လုပ် လက်စားစျေးသည်များတို့သည် အလုပ်အကိုင် အခွင့် အလမ်းနှင့် ဝင်ငွေများ ရရှိကြသည်။ ကိုဗစ်-၁၉ လွန်သော် ပြည်တွင်းခရီးသွားလုပ်ငန်းသည် အဓိကထား ဦးစားပေး လုပ်ဆောင်လာမည့် လုပ်ငန်းကဏ္ဍတစ်ခုဖြစ်လာပေမည်။

ယခင်က ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း (Sustainable Tourism)၊ တာဝန်သိ ခရီးသွားလုပ်ငန်း (Responsible Tourism) စသည့် မူဝါဒများကို အစဉ်တစိုက် အားပေးတိုက်တွန်းကြသည်။ အသိပညာ ပေးဆောင်ရွက်ခဲ့ကြသည်။ ခရီးသွားလုပ်ငန်းသည် ခရီးစဉ် ဒေသနှင့် ဒေသခံပြည်သူတို့၏ လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရေးပင်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ခရီးသွားဧည့်သည်များ၏ စိတ်ကျေနပ်မှုရရှိစေရေးကိုလည်း ဝန်ဆောင်မှု ပေးနိုင်ရ မည်ဖြစ်သည်။ ထို့ကြောင့် ရေရှည်တည်တံ့သော ခရီးသွား လုပ်ငန်းသည် ခရီးသွားဧည့်သည်၏ လိုအင်ဆန္ဒနှင့် ခရီးစဉ်ဒေသ (ဒေသခံ လူမှုအဖွဲ့အစည်းအပါအဝင်) ကာကွယ်ထိန်းသိမ်းရေးတို့အကြား မျှခြေတစ်ခုကို ဖန်တီးပေးခြင်းပင်ဖြစ်ပါသည်။ အရှင်းဆုံး တင်ပြရသော် မည်သူမျှမထိခိုက်ရေး (No Harm) ပင် ဖြစ်သည်။

မူလထက် ပိုမိုကောင်းမွန်စေသော လုပ်ငန်းစဉ်

ယခုသော် ခရီးစဉ်ဒေသတစ်ခုကို မထိခိုက်စေရုံသာ မဟုတ်ဘဲ မူလကထက် ပိုမိုကောင်းမွန်သော နေရာ/ဒေသတစ်ခုအဖြစ် ကျန်ရှိခဲ့စေရေးပင်ဖြစ်သည်။ ယင်းကို Regenerative Tourism အဖြစ် သတ်မှတ်ခေါ်ဝေါ်လာ ကြသည်။ Regenerative Tourism သည် Sustainable Tourism ထက် ပိုမိုလေးနက်သော အဓိပ္ပာယ်ကို ဆောင် သည်။ ရေရှည်တည်တံ့ရေးသာမက ပိုမိုကောင်းမွန်သော အနေအထားတစ်ခုကို ခရီးသွားလုပ်ငန်းကို ဗဟိုပြုဖန်တီး ရေးဖြစ်သည်။ Regenerative Tourism ကို မိတ်ဆက်လာ သူ Anna Pollock ၏အဆိုအရ Regenerative Tourism သည် အရေအတွက်ကိန်းဂဏန်းများအရ တိုးတက်လာရေး ထက် အသားတင်အကျိုးအမြတ် တိုးတက်လာရေးကို ဦးတည်မျှော်မှန်းသည်။

လူတစ်ဦးချင်း၊ ဝန်ထမ်းတစ်ဦးချင်းစီမှသည် စီးပွား ရေးလုပ်ငန်းများ၊ လုပ်ငန်းစုများနှင့် ခရီးစဉ်ဒေသ၏ အသားတင်အကျိုးစီးပွား (ယင်းတွင် လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်အပါအဝင်) ကို တိုးတက်စေခြင်းဖြစ်သည်။ ဆိုရသော် Regenerative Tourism သည်ဒေသခံပြည်သူများ၏ စီးပွားရေးတိုးတက် လာရေး၊ သဘာဝပတ်ဝန်းကျင် ပိုမိုစိမ်းလန်းသန့်စင်လာ ရေး၊ လူမှုယဉ်ကျေးမှုတန်ဖိုးမြင့်မားလာရေးကို ဦးတည် ခြင်းဖြစ်သည်။

ယခု ကိုဗစ်-၁၉ ကာကွယ်ဆေးများစမ်းသပ်ထုတ်လုပ် နေခြင်းသည် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင် ရေးအတွက် မျှော်လင့်ချက်တစ်ခုပင်ဖြစ်ပါသည်။ ကိုဗစ်-၁၉ အလွန်ကာလ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင် လာရာတွင် အရေအတွက်ထက် အရည်အသွေးနှင့် အကျိုးစီးပွား ပိုမိုဖြစ်ထွန်းရေးကို မျှော်မှန်းလာရာ Regenerative Tourism ဖော်ဆောင်ရေးသည် ထည့်သွင်းစဉ်းစားသင့်လှသည်။

ထို့အပြင် ကိုဗစ်-၁၉ အလွန်ကာလခရီးသွားလုပ်ငန်း သည် ခရီးသွားများ၏ အမူအကျင့်နှင့် သဘောထား ခံယူချက်တို့ကို အထိုက်အလျောက် ပြောင်းလဲစေမည်ဖြစ် ရာ ပြုပြင်ပြောင်းလဲသော ခရီးသွားလုပ်ငန်း (Transfor-mative Tourism) သဘောတရားများသည်လည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာပါသည်။ Transformative Tourism သည် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း Sustainable Tourism ကို အားပေးသော ခရီးသွား လုပ်ငန်းအမျိုးအစားတစ်ခုဖြစ်ပြီး ခရီးစဉ်ဒေသတစ်ခုသို့ သွားရောက်လည်ပတ်ရာတွင် အလည်အပတ်သက်သက် မဟုတ်ဘဲ အဓိပ္ပာယ်ရှိရှိ လေးနက်စွာလေ့လာလည်ပတ် စေလိုသော သဘောကို ဖော်ဆောင်ပါသည်။

Transformative Tourism သည် လူဦးရေထူထပ် သော ခရီးစဉ်ဒေသများထက် ငြိမ်းချမ်းသာယာသော ခရီးစဉ်ဒေသများသို့ သွားရောက်လည်ပတ်ခြင်းကို အားပေးသည်၊ အချိန်ယူလေ့လာလည်ပတ်ခြင်းကို အားပေးသည်၊ ဧည့်သည်များပြားသော ရာသီချိန်ထက် ဧည့်သည်ပါးသော အချိန်ကို သွားရောက်လည်ပတ်ခြင်းကို လှုံ့ဆော်သည်၊ Transformative Tourism သည် ခရီးသွား ဧည့်သည်များကို အဓိပ္ပာယ်ရှိစွာ လေ့လာလည်ပတ်စေ သည်။ ယင်းတို့သည် ကိုဗစ်-၁၉ အလွန်ကာလတွင် ဖြစ်ပေါ်လာမည့် ခရီးသွားလုပ်ငန်းအတွက် အယူအဆ ရေးရာများဖြစ်သည်။ ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရှင် များက ပိုမိုကောင်းမွန်သော ခရီးသွားလုပ်ငန်း (ရေရှည် တည်တံ့သော ခရီးသွားလုပ်ငန်းမဟုတ်ပါ။) ဆီသို့ ဦးတည် ရန် တွန်းပို့နေလေပြီ။

ကိုဗစ်-၁၉ ကာလနှင့်ကိုဗစ်-၁၉ အလွန်ကာလတို့တွင် ခရီးသွားလုပ်ငန်းပါရာဒိုင်းသည် လျင်မြန်စွာရွေ့လျားလျက် ရှိသည်။ ပိုမိုကောင်းမွန်သော ခရီးသွားလုပ်ငန်း အနာဂတ် ကို လိုက်ပါဖန်တီးကြပါစို့ဟု တိုက်တွန်းအပ်ပါ သည်။ ။