မြန်မာ့အလင်းအယ်ဒီတာအာဘော်
လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း မြန်မာနိုင်ငံတစ်ဝန်းတွင် မီးလောင်မှုများက တရိပ်ရိပ်တိုးလာသည်။ ဆယ်နှစ်တာအတွင်း မီးလောင်မှုများတွင် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ခေတ်မီ ဈေးကြီးများနှင့် နာမည်ကြီး ဟိုတယ်တို့လည်း မီးဘေးသင့်ခံခဲ့ကြ ရသည်။ နှစ်စဉ်တန်ဖိုးငွေကျပ်သန်းထောင်ပေါင်းများစွာ ဆုံးရှုံး ခဲ့ရပြီး လူများလည်း ရာနှင့်ချီ၍ သေဆုံးခဲ့ရာ မီးဘေးအန္တရာယ်၏ အတိုင်းအဆ ပမာဏကြီးမားမှုကို သတိမူဖွယ်ဖြစ်သလို မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လူတိုင်းသတိ ဝီရိယနှင့် ဝါယမစိုက်ကြရန်လည်း လိုအပ်မည်ဖြစ်သည်။
ယမန်နှစ် (၂၀၂၀ ပြည့်နှစ်) အတွင်းက မြန်မာနိုင်ငံတစ်ဝန်းလုံး တွင် မီးလောင်မှု အကြိမ်ပေါင်း၂၁၃၉ ကြိမ် ဖြစ်ပွားခဲ့ရာ ပေါ့ဆမှု ကြောင့် လောင်ကျွမ်းမှုကသာ အများဆုံးဖြစ်ခဲ့သည်။ ရာခိုင်နှုန်း အားဖြင့် ပေါ့ဆမီး ၃၄ ရာခိုင်နှုန်း၊ လျှပ်စစ်မီး ၂၅ ရာခိုင်နှုန်း၊ မီးဖိုမီး ၁၇ ရာခိုင်နှုန်း၊ မသမာသူ ရှို့မီး ၁၄ ရာခိုင်နှုန်း၊ တောမီး ၈ ရာခိုင်နှုန်းနှင့် အခြားမီးလောင်မှု ၂ ရာခိုင်နှုန်းဖြစ်ပြီး ဆုံးရှုံးမှု တန်ဖိုးအားဖြင့် ငွေကျပ်သန်းပေါင်း ၆၆၄၀ ဒသမ ၇၄ ဖြစ်သည်။ လူဦးရေထူထပ်သော၊ စက်မှုလက်မှုလုပ်ငန်း အများအပြားတည်ရှိ သော တိုင်းဒေသကြီးများဖြစ်သည့် မန္တလေးတိုင်းနှင့် ရန်ကုန် တိုင်းတို့တွင် မီးလောင်ကျွမ်းမှု အများဆုံးဖြစ်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။ နှစ်စဉ်တန်ဖိုးကျပ်သန်း ထောင်ပေါင်းများစွာ ဆုံးရှုံး ရပြီး ပျမ်းမျှ လူ ၁၀၀ ခန့် သေဆုံးရသည့် မီးလောင်မှုများ လျော့နည်းကျဆင်းစေရန် အသိပညာပေးရေးနှင့် ကြိုတင် ကာကွယ်တားဆီးရေးတို့ကို ပိုမိုပြုလုပ်သွားရမည်ဖြစ်သည်။
မီးအန္တရာယ် ပညာပေးရေးအတွက် မီဒီယာနည်းလမ်းပေါင်းစုံ တို့မှတစ်ဆင့် စဉ်ဆက်မပြတ် အသိပညာပေးခြင်း၊ ရပ်ရွာနှင့် လူထုအခြေပြု ပညာပေးနည်းလမ်းများဖြင့် ဆောင်ရွက်ခြင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ကျောင်း စသည့်နေရာများတွင် အလုပ်သမား များနှင့် ကျောင်းသား ကျောင်းသူများကို လက်တွေ့သရုပ်ပြ သင်ကြားပြသခြင်း နည်းလမ်းများဖြင့် ထိရောက်စွာ ပညာပေး ခြင်းဖြင့် လူတိုင်း မီးသတိပြုရေးနှင့် မီးငြှိမ်းသတ်ရေး အသိသုတ များ ရရှိနိုင်ကြမည်ဖြစ်သည်။
ဘုရားမီးပူဇော်ခြင်း၊ ဖယောင်းတိုင်၊ အမွှေးတိုင်များ ထွန်းညှိ ခြင်း၊ ခြင်ဆေးခွေထွန်းခြင်းတို့ကို အပူခံခွက်အသုံးပြုရန်၊ လိုက်ကာ၊ ခြင်ထောင်၊ အဝတ်လှန်းထားသည့်နေရာတို့နှင့် လွတ်ကင်းစေရန်၊ ထမင်းဟင်း ချက်ပြုတ်သည့် ထမင်းပေါင်းအိုး၊ ဒယ်အိုးများ၊ လျှပ်စစ်မီးပူ၊ လေအေးပေးစက်၊ ရေခဲသေတ္တာ၊ ပန်ကာနှင့် အိမ်တွင်း သွယ်တန်းထားသည့် ဓာတ်ကြိုးများ၊ မီးခလုတ်များ၊ ဓာတ်အားဖြတ်တောက်ပေးသည့် ဒဏ်ခံကြိုး များ စသည်တို့ကို အခါအားလျော်စွာ စစ်ဆေးမှု ပြုလုပ်ပေးရန် လိုသည်။ မီးပျက်သည့်အခါတိုင်း လျှပ်စစ်အသုံးပြုသည့် ခလုတ် အားလုံးကို သတိပြု၍ ပိတ်ရန်၊ မီးကြွင်းမီးကျန်များကို လုံးဝ မကျန်အောင် ငြှိမ်းသတ်ရန်၊ နေ့လယ်ခင်း အပူရှိန်မြင့်မားနေချိန် တွင် ဓာတ်ဆီပုံးများ ပြောင်းထည့်ခြင်းတို့ကို မပြုလုပ်ရန်တို့ အပါအဝင် အထက်တွင် ဖော်ပြခဲ့သည့် အချက်များအားလုံးသည် မီးလောင်မှုဖြစ်စဉ်များစွာတို့ကို ဖြစ်ပေါ်စေခဲ့သည့်အချက်များပင် ဖြစ်သည်။
မီးဘေးအန္တရာယ်သည် ကြိုတင်ကာကွယ်၍ရသော ဘေး အန္တရာယ်ဖြစ်သည်။ လူတို့၏ ပေါ့ဆမှုက မီးလောင်မှုများစွာ တို့၏ အဓိကအကြောင်းအရာဖြစ်သည့်အလျောက် မမေ့မလျော့၊ မပေါ့မဆသော သတိတရားက သန်းထောင်ပေါင်းများစွာသော ငွေကြေးတန်ဖိုးဆုံးရှုံးမှု၊ နှစ်စဉ်ရာနှင့်ချီသော လူ့အသက်ဆုံးရှုံး မှုတို့ကို ရှောင်ရှားကာကွယ်နိုင်မည် ဖြစ်ပါကြောင်း။ ။