နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် တွင် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်။”ဟူသော လုပ်ငန်းစဉ်တစ်ရပ် ကို ထည့်သွင်းချမှတ်ထားသည်။ အဆိုပါ ရှေ့လုပ်ငန်းစဉ် သည် နိုင်ငံတော်အစိုးရနှင့်အတူ နိုင်ငံသားအားလုံး ပါဝင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည့် နိုင်ငံရေး ရည်မှန်းချက် နှစ်ရပ်လည်း ဖြစ်သည်။
အဆိုပါ နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်ကို မဖြစ်မနေ အကောင်အထည်ဖော်ရာတွင် အရေးကြီးဆုံးသော လိုအပ် ချက်မှာ နိုင်ငံတော်ကို ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိအောင် ဦးစွာပထမ ဆောင်ရွက်ကြရန်ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအား ယခု နှစ်ဦးပိုင်း (၆-၁-၂၀၂၃) က တွေ့ဆုံအမှာစကားပြောကြားခဲ့ရာ တွင် “ပုံမှန်အခြေအနေဟုဆိုရာတွင် ၂၀၁၁ ခုနှစ် နိုင်ငံတော်၏ ပုံမှန်အခြေအနေ၊ ၂၀၁၆ ခုနှစ် နိုင်ငံတော်၏ ပုံမှန်အခြေအနေ များနှင့် ယင်းအခြေအနေများထက် မနိမ့်သည့် အဆင့်နှင့် ဖြစ်နိုင်ပါက သာလွန်သည့် တိုင်းပြည်၏ အခြေအနေကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေး နိုင်မှသာလျှင် နိုင်ငံတော်ကို အာမခံချက်ပေးနိုင်မည်ဖြစ်သည့် အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထောင်စုဝန်ကြီး များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအနေဖြင့် မလျှော့သော ဇွဲလုံ့လဖြင့် ရရှိသည့်ကာလအတွင်း ကြိုးစား၍ တိုးမြှင့် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း”ထည့်သွင်း ပြောကြားခဲ့သည်။
မိမိတို့နိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံး ခဲ့ချိန် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရှိ မြို့နယ် ၃၃၀ အနက် ၃၂၅ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပ နိုင်ခဲ့ပြီး ဒီမိုကရေစီပထမအစိုးရသက်တမ်းကို ၂၀၁၁ ခုနှစ် တွင် စတင်ထမ်းဆောင်နိုင်ခဲ့သည်။ ထို့နောက် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ၃၂၃ မြို့နယ်၌ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီး ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကို ၂၀၁၆ ခုနှစ်တွင် စတင်ထမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်မူ မြို့နယ်ပေါင်း ၃၁၅ မြို့နယ်တွင်သာ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်းဖြစ်ရာ လာမည့်ရွေးကောက်ပွဲ သည် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲများထက် မြို့နယ်များ ပိုလျှင်သာ ပိုမည်၊ မလျော့နည်းစေရဘဲ ကျင်းပသွားစေနိုင်ရန် ကြိုးပမ်း သွားကြရန်ပင်ဖြစ်သည်။
ပါတီစုံဒီမိုကရေစီစနစ်၏ ရှင်သန်မှုမှာ ရွေးကောက်ပွဲ များပင်ဖြစ်ရာ နိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ ဒီမိုကရေစီအခွင့်အရေးများ မဆုံးရှုံးစေရန်အတွက် မြို့နယ် တိုင်းတွင် ရွေးကောက်ပွဲများ ကျင်းပပေးနိုင်ရန် လိုအပ်သည်။ လက်နက်ကိုင်ပဋိပက္ခများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ နယ်မြေအတွင်း ရှိနေခြင်း၊ တည်ငြိမ်အေးချမ်းမှု မရှိခြင်းတို့က ရွေးကောက်ပွဲကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ဒေသခံ တိုင်းရင်းသားပြည်သူတို့၏ ဒီမိုကရေစီအခွင့်အရေးများကို လည်း ဆုံးရှုံးစေသည်။
ရပ်ရွာဒေသများ တည်ငြိမ်အေးချမ်းရေး၊ လက်နက်ကိုင် လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်များ စွန့်လွှတ်ချုပ်ငြိမ်း၍ တရားဝင်နိုင်ငံရေးစင်မြင့်ဖြစ်သော လွှတ်တော်မှတစ်ဆင့် ဒေသနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရေး အတွက် နိုင်ငံတော်နှင့်အတူ ပြည်သူတစ်ရပ်လုံးက ပူးပေါင်း ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။