ပညာတတ်တွေများမှ တိုင်းပြည်တိုးတက်မယ်

Type
လပြည့် “အမေ… သမီးပညာတတ်ကြီးဖြစ်ရင် လေယာဉ် မောင်းပြီး မေမေ့ကို လေယာဉ်ပေါ်ကနေ အမေရေ...လို့ အကျယ်ကြီးခေါ်မယ်” “အမေ …သမီးကြီးလာရင် ဆရာမ လုပ်မယ်” “အဖေ...သမီး အရာရှိဖြစ်ချင်တာ” “အဖေ...သမီးက မီးသတ်သမားလုပ်ချင်တာ”ဟု အမေနှင့် အဖေကို ကျွန်မ မျိုးစုံပြောပြခဲ့ဖူးသည်။ ထိုသို့ ပြောခဲ့ဖူးသည်ကိုလည်း အမေနှင့် အဖေ ပြန်ပြောပြ၍သာ သိရခြင်းဖြစ်သည်။ ကိုယ်တိုင်မှာမူ မှတ်မိသည်များ၊ မမှတ်မိသည်များနှင့် ရောရောထွေးထွေးသာ။ ကလေးမို့ ဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်လည်း မတွေးတောဘဲ ကလေး ဘဝ ကလေးတိုင်း ပြောလေ့ရှိကြသည့် စကားများသာ ဖြစ်သည်။ သို့သော် ကလေးတိုင်း ပြောလေ့ရှိသည့် စကားများ အပေါ် “ဖြစ်ချင်တာတွေ ဖြစ်လာအောင် စာဖတ်နော်၊ ပညာတတ်အောင် ကြိုးစား၊ ပညာက အရာရာ အောင်နိုင် တယ်၊ ပညာက အရာရာကို ဦးဆောင်နိုင်သည်” စသည့် ဆိုဆုံးမစကားများဖြင့် ကျွန်မမိဘနှစ်ပါးအပါအဝင် မိဘ တိုင်းက သားသမီးတိုင်းကို လူတော်လူကောင်းဖြစ်လာရန် ဆုံးမကြသည်။ ထိုကဲ့သို့ အမျိုးမျိုး အဖုံဖုံ ပြောဆိုတောင့်တခဲ့သည့် ကလေးဘဝ စိတ်ကူးများ အကောင်အထည်ဖော်နိုင်ရန် အတွက် ပညာသည်သာ အဓိကကျသည်ဆိုသည့် မိဘများ ၏ ဆိုဆုံးမစကား အတိမ်အနက်ကို ငယ်သေးသည့်အချိန်က ကောင်းစွာ နားမလည်ခဲ့ပါ။ စာအုပ်စာပေနှင့် ပညာ၏ ဆက်နွှယ်မှုကိုလည်း နားမလည်ပါ။ စာဖတ်၍ စာရလျှင် စာမေးပွဲအောင်မည်၊ ဘွဲ့ရမည်ဟုသာ တွေးတောခဲ့သည်။ အတန်းပညာ ဆုံးခန်းတိုင်လျှင် ပြီးဆုံးပြီဟုသာ တွေးထင် ခဲ့ဖူးသည်။ ပညာသည် လူတစ်ဦးတစ်ယောက်ကို တိုးတက် စေနိုင်ပြီး အသိပညာ၊ အတတ်ပညာများကို စာအုပ်စာပေ များက လမ်းပြပေးသည်။ ထိုသဘောတရားကို ကိုယ်တိုင် လည်း သိရှိနားလည်ကာ ဘဝအသက်မွေးမှုအတွက် အသုံးချတတ်နေပြီဖြစ်သည်။ အကျိုးများသည့် ပညာ တန်ဖိုးကြောင့် မိဘတိုင်းက သားသမီးတိုင်းကို ပညာတတ် ဖြစ်စေချင်သည်မှာ မဆန်းပေ။ ပညာရေးသည် ဘဝအောင်မြင်ရန်အတွက် အထောက်အပံ့များစွာ ပေးသည်။ လူသားတစ်ဦး တစ်ယောက်တိုင်း ချမ်းသာပျော်ရွှင်စွာ နေထိုင်နိုင် ရေးအတွက်လည်း ပညာရေးက အရေးကြီးသည်။ လူသား တိုင်း၏ နေ့စဉ် ရှင်သန်မှုအတွက် ပညာရေးသည် အရေးပါ သည်။ ပညာရေးသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မရှိမဖြစ် အရေးပါသည်။ ဥပမာအားဖြင့် အမေရိကန်၊ သြစတြေးလျနှင့် ဂျပန် နိုင်ငံကဲ့သို့သော နိုင်ငံများသည် ပညာတတ်မြောက်မှုနှုန်း မြင့်မားသည်။ ထို့ကြောင့် အဆိုပါနိုင်ငံများသည် ကြွယ်ဝ ကြပြီး နိုင်ငံသားများ၏ ပျမ်းမျှဝင်ငွေမြင့်မားကြသည်ကို လေ့လာသိရှိရသည်။ မဖွံ့ဖြိုးသောနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ပညာတတ်မြောက်မှုနှုန်း နိမ့်ပါးကြသည်ကို လည်း တွေ့ရသည်။ မြန်မာနိုင်ငံတွင် စာတတ်မြောက်မှု အခြေအနေနှင့် စပ်လျဉ်း၍ လေ့လာကြည့်ပါက ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်း အချက်အလက်များအရ အသက် ၁၅ နှစ်အထက် စာတတ်မြောက်သူ ဦးရေ ၃၀ ဒသမ ၃၇ သန်းအထိ တိုးတက်လာပြီး ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်း ခေါင်စာရင်း ရှေ့ပြေးရလဒ်များ စာရင်းအရ စာတတ် မြောက်သူ ဦးရေ ၃၃ ဒသမ ၁၈ သန်း တိုးတက်လာသည်ကို တွေ့ရသည်။ ခေတ်အဆက်ဆက် ပညာရေးစနစ်များ မည်ကဲ့သို့ ပင် ပြောင်းလဲနေပါစေ ပညာသင်ကြားရခြင်း၏ ရည်ရွယ် ချက်များက မပြောင်းလဲနိုင်ပါ။ ထို့ကြောင့် မည်သည့် အချိန်ကာလမှာမဆို သင်ကြားမှုကို ရပ်တန့်မနေဘဲ သင်ယူ၍ ရနိုင်သမျှ ကြိုးစားသင်ယူနေရမည်သာဖြစ်သည်။ ပညာသင်ကြားသင်ယူမှု အဆက်ပြတ်သည့်နိုင်ငံသည် ဖွံ့ဖြိုးမှုအဆက်ပြတ်သည့်နိုင်ငံ ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့်ပင် ပညာရေးသည် နိုင်ငံရေးဖြစ်သည်ဟု ပြောဆိုကြသည်များလည်း ရှိသည်။ နိုင်ငံအတွင်း နေထိုင် ကြသူများ၏ နေ့စဉ် စား၊ ဝတ်၊ နေရေးမှအစ လူမှုစီးပွား အခါခပ်သိမ်း အရေးကိစ္စများသည် နိုင်ငံရေးပင်။ နိုင်ငံ တိုးတက်သာယာမှုသည် နိုင်ငံသားများ၏ ပညာရေး နှင့် တိုက်ရိုက်အချိုးကျနေပြီး နိုင်ငံသားများ၏ ပညာရည် မြင့်မားလျှင် ကမ္ဘာ့အလယ် ဝင့်ထည်သည့်အတွက် “ပညာမြင့်မှ တိုင်းပြည်တင့်”ဟုလည်း ဆိုကြသည်။ ထို့ကြောင့် နိုင်ငံအဆင့်၊ ကမ္ဘာအဆင့်အထိ ထွန်းပေါက်မည့် ပညာ အရည်အသွေးရရှိအောင် တစ်ဦးတစ်ယောက်၊ မိသားစု တစ်ခုမှအစပြု၍ ကြိုးပမ်းကြရမည်ဖြစ်သည်။ လူသားတိုင်းအတွက် အတန်းပညာသင်ယူမှု ပညာ ရေးသည် အရေးကြီးသကဲ့သို့ ဘဝတစ်သက်တာ သင်ယူမှု ပညာရေးသည်လည်း အရေးပါနေပြီဖြစ်သည်။ မွေးဖွား ချိန်မှ သေဆုံးချိန်အထိ ဘဝတစ်သက်တာ သင်ယူနေရမည် ဆိုသည့် “Lifelong learning” သဘောတရားမှာ ပျံ့နှံ့နေပြီ ဖြစ်သည်။ ထို့ကြောင့် အတန်းပညာ သင်ယူနိုင်ခွင့်နှင့်အတူ အသက်မွေးဝမ်းကျောင်း ပညာရပ်များ တစ်နည်းအားဖြင့် နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးပညာ ရပ်များ သင်ယူနိုင်ခွင့်ကလည်း တန်းတူအရေးကြီးနေပြီ ဖြစ်သည်။ တစ်နည်းအားဖြင့် အတန်းပညာနှင့်အတူ အတတ်ပညာကိုလည်း အားပေးရမည်ဖြစ်သည်။ ဘွဲ့ရမှ ပညာတတ်ဖြစ်သည်ဆိုသည့် ခေတ်မှာ အတိတ်တွင် ကျန်ရစ်ကာ ပညာရေးသည် တစ်သက်တာ ပညာရေးအဖြစ် ပြောင်းလဲနေပြီဖြစ်သည်။ ပညာရေးသည် ဖွံ့ဖြိုးမှု အဓိကအခြေခံဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးရေး အတွက် စဉ်းစားလျှင် ကဏ္ဍတိုင်း၏ အသိပညာ၊ အတတ် ပညာ ဖွံ့ဖြိုးရေးကိုပါ စဉ်းစားရမည်ဖြစ်ပြီး နိုင်ငံတိုးတက် ရေးအတွက် ကဏ္ဍတိုင်းသည် ဖွံ့ဖြိုးရမည်သာ ဖြစ်သည်။ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးရန်အတွက် ဆရာဝန် များ သာမက သူနာပြုများ၊ ဆေးရုံသန့်ရှင်းရေး ပြုလုပ်သူ များအထိပါ အားလုံးသည် အရေးကြီးပေသည်။ ထို့အတူ နိုင်ငံသားတိုင်း၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် စိုက်ပျိုး၊ မွေးမြူ၊ ကုန်ထုတ်၊ ကုန်သွယ် စသည်ဖြင့် ကဏ္ဍ တိုင်းတွင် ပါဝင်ဆက်နွှယ်သူတိုင်းသည် အရေးပါပြီး အတတ်ပညာ၊ နည်းပညာကို ခေတ်နှင့်အညီ ညှိနိုင်ရန် လိုအပ်နေပြီ ဖြစ်သည်။ သို့သော် ကိုဗစ်-၁၉ ကြောင့် ကမ္ဘာတစ်လွှားရှိ ပညာသင်ယူမှု အခွင့်အလမ်းများသည် အရှိန်လျော့ခဲ့သည်။ ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ္ဘာအနှံ့ စာသင်ကျောင်းများ၊ အခြားပညာသင်ယူခွင့်ရသည့်နေရာများ ပိတ်ထားခဲ့ရ သည်။ နိုင်ငံပေါင်း ၁၉၀ ကျော်က ပညာသင်ယူနေသူပေါင်း ၁ ဒသမ ၆ ဘီလီယံ နီးပါးနှင့် အခြေခံပညာဆရာ ဆရာမ ၆၃ သန်းခန့်အပေါ် သက်ရောက်မှုရှိခဲ့သည်ဟု ကုလသမဂ္ဂ ကမ္ဘာ့ပညာရေးအဖွဲ့များ၏ ဆန်းစစ်ချက်များတွင် ဖော်ပြ ထားသည်။ ခေတ်မီနည်းပညာများ အသုံးပြုပြီး ကျန်းမာရေး ဆိုင်ရာ မှန်ကန်သော အသိပညာပေးသည့် သတင်းအချက် အလက်နှင့် အွန်လိုင်းသင်ယူမှု၊ Off-line သင်ယူမှု၊ ပေါင်းစပ်သင်ယူမှုစသည့် အခွင့်အလမ်းများနှင့် ဝေးကွာ နေနိုင်သဖြင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ ပိုမိုများပြားနေကြောင်း ပညာရေးဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားမှ သိရှိခဲ့ရသည်။ ကပ်ရောဂါကြောင့် သင်ယူမှုဆုံးရှုံးရခြင်း၏ သက်ရောက်မှုကို အလျင်အမြန် တုံ့ပြန်ကုစားမှု မပြုနိုင် ကြလျှင် အနာဂတ်မျိုးဆက်များအပေါ်ပါ ခြိမ်းခြောက် လာနိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း ထိခိုက်နစ်နာ ဆုံးရှုံးမှု များပြားစေနိုင်သည့်အချက်ကို အထူးသတိထား ရမည်ဖြစ်သည်။ ကိုဗစ်ကို ကျော်လွန်၍ အရည်အသွေး ပြည့်ဝသည့် အသိပညာရှင်၊ အတတ်ပညာရှင်များ အရေ အတွက်များများ ပေါ်ထွန်းလာအောင် ပညာစွမ်းအားဖြင့် မြှင့်တင်ရမည် ဖြစ်သည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပေါ်ထွက်လာမှုနှင့်အတူ တည်ငြိမ်စပြုလာ သည့် ကိုဗစ်ကပ်ရောဂါကို ဆက်လက်ကာကွယ်၊ ထိန်းချုပ် ရင်း နိုင်ငံတိုးတက်ရေးအတွက် အားကြီးမားသည့် ပညာရေးကို အဆတိုး အရှိန်တစ်ခုဖြင့် တုံ့ပြန်ကုစားရမည် ဖြစ်သည်။ ။