ဝန်ထမ်းကောင်းတစ်ဦးဆိုရာဝယ် . . .

Type
မိုးမခ ဝန်ထမ်းတစ်ဦး၏ ဘဝရည်မှန်းချက်သည် အငြိမ်းစားယူပြီးသည့်ကာလတွင် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ခဲ့သည်ဆိုသည့် ဂုဏ်သိက္ခာတစ်ရပ် ကျန်ရှိရေးပင်ဖြစ်သည်။ ဝန်ထမ်းတစ်ဦးအတွက် ပေးအပ်သည့်တာဝန်ကို ကျေပွန်ခြင်း၊ နိုင်ငံနှင့် နိုင်ငံသားတို့၏အကျိုးကို စွမ်းဆောင်နိုင်ခဲ့ခြင်းနှင့် သစ္စာစောင့်သိခြင်းဟူသည့် အခြင်းအရာများကသာ ဘဝတစ်လျှောက် သယ်ဆောင်သွားရမည့် ဂုဏ်အရည်အချင်းများပင် ဖြစ်ပေသည်။ ပတိရူပဒေသဝါသောစ သင့်တော်သောအရပ်၌ နေထိုင်ခြင်းဟူသည့် မင်္ဂလာတရားတော်အရ နေထိုင်ရေးမင်္ဂလာ (၃) ပါးထဲတွင် ကုသိုလ်၊ ပညာ၊ ဥစ္စာရဖို့ သင့်ရာဒေသအမြဲနေဟူသည့် အချက်သည် တစ်ချက်အပါအဝင် ဖြစ်ပါသည်။ ဝန်ထမ်းတစ်ဦး၏ဘဝသည် ပြည်သူကို ဝန်ဆောင်မှုပေးခြင်း၊ နိုင်ငံနှင့် နိုင်ငံသား၏ အကျိုးကိုသယ်ပိုးခြင်းတည်းဟူသော အချက်ကြောင့် ကုသိုလ်နေ့စဉ်ရပါသည်။ ဝန်ထမ်းဘဝတွင် လုပ်ငန်းနှင့်သက်ဆိုင်သော ပညာရပ်များကို အစဉ်လေ့လာ ဆည်းပူးနေရသဖြင့် ပညာလည်းရပါသည်။ ဝန်ထမ်းဘဝတွင် ရာထူးအလိုက် လစာနှင့်အဆောင်အယောင်ဟူသော ဥစ္စာများလည်းရရှိသဖြင့် ကုသိုလ်၊ ပညာ၊ ဥစ္စာတည်းဟူသော အရာများ ရရှိရန် သင့်တင့်လျောက်ပတ်သော အလုပ်တစ်ခုဖြစ်သည်ဟု စာရေးသူ ယူဆပါသည်။ အချို့သော ရာထူးဌာနများတွင် လစာနှင့်မလျော်ညီသော ဥစ္စာဓနများ ရရှိစုဆောင်းနိုင်မည် ဖြစ်သော်လည်း အများစုသော ဝန်ထမ်း များသည် ရရှိသည့် လစာငွေနှင့် သင့်တင့်လျောက်ပတ်အောင် ရောင့်ရဲသုံးစွဲကာ ဘဝကို ဂုဏ်သိက္ခာရှိရှိ ဖြတ်သန်းရှင်သန်နေကြသူများ ဖြစ်ပါသည်။ စည်းကမ်းတကျ တာဝန်ကျေကျေ စာရေးသူသည် လူ့ဘဝသက်တမ်း (၅၀) ကျော်ဖြတ်သန်းခဲ့ပြီး ဝန်ထမ်း လုပ်သက် (၃၀) ကျော်ခဲ့ပြီဖြစ်သဖြင့် ဘဝ၏ အကောင်းဆုံးအရွယ်ကို လုပ်ငန်း ခွင်ထဲတွင်ပင် ကုန်ဆုံးဖြတ်သန်းခဲ့သူတစ်ဦး ဖြစ်ပါသည်။ လုပ်သက်များလာ သည်နှင့်အမျှ နိုင်ငံရေးအလှည့်အပြောင်းများ၊ ခေတ်စနစ် အပြောင်းအလဲများ ကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသလို ကိုယ်တိုင်ပါဝင်ဖြတ်သန်းခဲ့ရသည့် အဖြစ် အပျက်များလည်း များလှပြီဖြစ်သည်။ မျက်လှည့်ပြသလို ဖျတ်ခနဲပြောင်းလဲ သွားသည့် အရာများရှိသလို အစီအစဉ်တကျ စည်းစနစ်ရှိရှိ ပြောင်းလဲခဲ့ သည့် အရာများလည်း ဒုနဲ့ဒေးပင်။ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့ သည့်အရာများရှိသလို မျှော်လင့်မထားဘဲ ဖြစ်လာခဲ့သည့်အရာများလည်း အများအပြားပင်။ မည်သို့ပင်ဆိုစေကာမူ စာရေးသူအပါအဝင် ဝန်ထမ်း အများစုသည်ကား ဖြစ်လာသည့် အပြောင်းအလဲများ ရွေ့လျားမှုများအားလုံး တွင် စည်းကမ်းတကျ တာဝန်ကျေကျေနှင့် လုပ်ဆောင်ဖြတ်သန်းခဲ့သည်ပင် ဖြစ်သည်။ နိုင်ငံတကာက အံ့သြရသည့် နိုင်ငံရေးအပြောင်းအလဲများတွင်ပင် စာရေးသူတို့ ဝန်ထမ်းများသည် ပေးအပ်သည့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြသလို ကျရာကဏ္ဍတွင် စွမ်းဆောင်မှုပြခဲ့ကြသည်။ အချို့သော အပြောင်းအလဲများသည် အသားကျနေသော ဝန်ထမ်းတချို့အတွက် လိုက်ပါ ရန် ခက်ခဲကောင်း ခက်ခဲမည်ဖြစ်သော်လည်း အားလုံးကြိုးစားစွမ်းဆောင် ခဲ့ကြသည်မှာ ဝန်ထမ်းတိုင်း၏ ဘဝသမိုင်းတွင် ဂုဏ်ယူစရာတစ်ခုအဖြစ် ရှိနေခဲ့မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဝန်ထမ်းဦးရေ ၁ သန်းကျော်ရှိပြီး ထိုဝန်ထမ်းများ သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွင် နက်နဲသော အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ရှုပ်ထွေးခက်ခဲသော အသွင် ကူးပြောင်းရေးဆိုင်ရာ လိုအပ်ချက်များကို အစိုးရက ဖြည့်ဆည်းပေးနိုင်ရေး အတွက်လည်း အထောက်အကူပြုပေးခဲ့ကြသည်။ မြန်မာ့ဒီမိုကရေစီအသွင် ကူးပြောင်းမှု ရှေ့ဆက်ဖြစ်ပေါ်ရေးနှင့် အစိုးရအပေါ်ယုံကြည်မှုတိုးမြှင့်ရေး တွင်လည်း ကောင်းမွန်စွာဆောင်ရွက်ခဲ့ကြပြီး အများပြည်သူဝန်ဆောင်မှု များကို ထိရောက်စွာပံ့ပိုးဆောင်ရွက်ပေးခဲ့ကြကြောင်း ယခင်နှစ် ဆောင်ရွက် ချက်များက သက်သေပင်ဖြစ်သည်။ ၂၀၁၁-၂၀၁၅ ဒီမိုကရေစီ အသွင် ကူးပြောင်းကာလတွင် ကောင်းစွာလိုက်ပါခဲ့ကြသလို ယခင်အစိုးရလက်ထက် တွင်လည်း ညီညွတ်စွာတာဝန် ကျေပွန်ခဲ့ကြသည်။ အစိုးရအဆက်ဆက် မည်သို့ပင်ပြောင်းလဲစေကာမူ ဝန်ထမ်းများက ကျင့်ဝတ်စည်းကမ်းနှင့်အညီ ခံစားမှုကို ရှေ့တန်းမတင်ဘဲ ပညာရှင်ပီသစွာ တာဝန်ကျေခဲ့ကြသည်။ ဝန်ထမ်းများဘဝ အပြောင်းအလဲများဖြစ်ပေါ် သို့သော် ယခု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၌ မျှော်လင့်မထားသည့် အပြောင်းအလဲကြီးတစ်ရပ် ကြုံတွေ့ခဲ့ရပြန်သည်။ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးအာဏာ ခေတ္တလွှဲအပ် တာဝန်ပေးထားသည့် အခြေအနေများကြုံတွေ့ခဲ့ရပြီး မြန်မာနိုင်ငံအတွင်း သဘောထားကွဲလွဲမှုများ၊ မတည်ငြိမ်မှုများ ပေါ်ပေါက်လာခဲ့သည်ကို တွေ့ကြရသည်။ ထိုအဖြစ်အပျက် သည် ပြည်သူများ၏နေ့စဉ်ဘဝကို လှုပ်ရှားမှုများ ဖြစ်ပေါ်စေခဲ့သလို ဝန်ထမ်း များ၏ ဘဝကိုလည်း အပြောင်းအလဲများဖြစ်ပေါ်လာစေခဲ့သည်။ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဆိုသည့် ဝန်ထမ်းများကို Civil Disobedience Movement တွင်ပါဝင်ကြရန် စည်းရုံးလှုံ့ဆော်သည့်အတွက် အချို့သောဝန်ထမ်းများက အဆိုပါလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ထိုမျှမက နိုင်ငံရေးလှုပ်ရှားမှုများတွင် မပါဝင်သည့် ဝန်ထမ်းများကိုလည်း လူမှုစာမျက်နှာများတွင် ရေးသားအရှက်ခွဲခြင်းနှင့် ဝန်ထမ်းများ တာဝန် ထမ်းဆောင်ရာနေရာဌာနများသို့ သွားရောက်ကာ ရှုတ်ချသည့် အပြောအဆို များဖြင့် ဖိအားပေးနှိပ်ကွပ်နေမှုများ များစွာဖြစ်ပေါ်နေသည့်အတွက် ဝန်ထမ်း အများစုမှာ စိတ်နှလုံးညှိုးချုံးနေရမှု၊ ကြောက်လန့်စိတ်ဖိစီးမှုများ ကြုံတွေ့ ခံစားနေရကြရသည်။ ထိုမျှမက Civil Disobedience Movement တွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းများပါဝင်ဆောင်ရွက်နေသည့်အတွက် ဒေသတွင်း ပြည်သူလူထု၏ ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍများတွင် အဆင်မပြေမှုများ ကြုံနေရသည်ကို စိတ်နှလုံးမချမ်းမြေ့စရာ ကြားသိနေရပါသည်။ ထို့ကြောင့် ဆေးရုံများရှိ Civil Disobedience Movement လှုပ်ရှားနေသည့် ကျန်းမာရေး ဝန်ထမ်းများကို ရပ်ရွာလူထုက ပြန်လည်ဆန့်ကျင်တောင်းဆိုသည့် လှုပ်ရှားမှု များကြုံတွေ့နေရပေသည်။ ထို့ပြင် Civil Disobedience Movement လှုပ်ရှားမှု တွင် မပါဝင်သည့် ဝန်ထမ်းများကို ဖိအားပေးနှောင့်ယှက်မှုများရှိနေသည့် အတွက် ထိုသို့ဖြစ်ပေါ်လာလျှင် တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များသို့ ဖုန်းဖြင့် ဆက်သွယ်တိုင်ကြားမှုများလည်း အများအပြားရှိလာခဲ့သည်။ လူတိုင်းတွင် မိမိယုံကြည်ရာကို ဆောင်ရွက်ခွင့်ရှိခြင်းသည် နိုင်ငံသား တိုင်း၏ မွေးရာပါအခွင့်အရေးဖြစ်သည်။ သို့သော် လူတိုင်း၏ဘဝများကို စည်းဟူသော အနားသတ်၊ ကမ်းဟူသော အနားသတ်များ ရှိစေရန်အတွက် စည်းကမ်းတည်းဟူသော ဥပဒေ၊ နည်းဥပဒေနှင့် ကျင့်ဝတ်များ ပြဋ္ဌာန်း ကန့်သတ်ထားရှိခဲ့ပေသည်။ နိုင်ငံသားတိုင်းအတွက် လိုက်နာရမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အတူ တည်ဆဲဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များ ရှိသလို ဝန်ထမ်းများသည်လည်း နိုင်ငံသားတိုင်းလိုက်နာရမည့် ဥပဒေများ ကို လိုက်နာရသလို သီးခြားလိုက်နာရမည့် ဥပဒေများ ကျင့်ဝတ်များကိုလည်း လိုက်နာရပါသည်။ စာရေးသူတို့ ဝန်ထမ်းဘဝစခဲ့ချိန်က ဝန်ထမ်းကျင့်ဝတ်ဆိုသည့် လက်တစ်ဝါးအရွယ် စာအုပ်လေးတစ်အုပ်ရခဲ့သည်။ ဆရာက တစ်သက်လုံးစာ ကျင့်ကြံလိုက်နာရမည့် ကျင့်ဝတ်ဟုဆိုဆုံးမခဲ့ဖူးတာ အမှတ်ရသည်။ စာအုပ် ၏အမှာတွင် နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်ယန္တရားတစ်ခုလုံးကို ကောင်းမွန်စွာ သက်ဝင်လှုပ်ရှားစေရန် ဆောင်ရွက်နေကြသူများ ဖြစ်ကြ ကြောင်း၊ နိုင်ငံရေး စီးပွားရေးစနစ်များ အစိုးရအဖွဲ့များ မည်သို့ပြောင်းလဲ စေကာမူ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်ယန္တရားအား စဉ်ဆက်မပြတ် သက်ဝင်လှုပ်ရှားစေရန် ဆောင်ရွက်ကြရပါကြောင်း ညွှန်းဆိုထားပြီး နိုင်ငံ့ ဝန်ထမ်းများ သိရှိလိုက်နာစေနိုင်ရန်အလို့ငှာ မူလအခြေခံနည်းဥပဒေများ၊ နောက်ဆက်တွဲနည်းဥပဒေများ၊ မြို့ပြ ဝန်ထမ်းစည်းမျဉ်းများတို့မှ ထုတ်နုတ် ဘာသာပြန်ထားသည့် ဝန်ထမ်းစည်းမျဉ်းများဆိုင်ရာ ကောက်နုတ်ချက် စာစောင် (၁၉၈၄)၊ ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးလက်စွဲ (၁၉၈၅)၊ အစိုးရ ဝန်ထမ်းများကျင့်ဝတ် နည်းဥပဒေများတို့ပါ ဖော်ပြချက်များအနက်မှ ဝန်ထမ်း များသိရှိလိုက်နာကျင့်သုံးနိုင်ရန် ရည်ရွယ်ပြုစုထားခြင်းဖြစ်သည်။ ထိုကျင့်ဝတ် စာအုပ်တွင် ဝန်ထမ်းတိုင်း လိုက်နာဆောင်ရွက်ရမည့် အချက်များကို တိတိကျကျပြုစုထားပြီး ဖြစ်ပါသည်။ ထိုမျှမက ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများတွင်လည်း ရှင်းလင်းတိကျစွာ ဖော်ပြပါရှိပြီး ဖြစ်ပါသည်။ ထို့ကြောင့် ဝန်ထမ်းတစ်ဦးအနေဖြင့် ဝန်ထမ်းကျင့်ဝတ်၊ ဥပဒေ၊ နည်းဥပဒေများ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းသည် နိုင်ငံတော် အပေါ် သစ္စာဖောက်ဖျက်ခြင်း မဟုတ်သလို ပြည်သူများအပေါ် မရိုသေ မလေးစားခြင်းလည်း မဟုတ်ပေ။ ထို့ပြင် လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်(၂၈) (ခ)တွင် မိမိ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို သုံးစွဲရာတွင် လူတိုင်းသည် အခြား သူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေ လေးစားစေရန်အလို့ငှာ လည်းကောင်း၊ ဒီမိုကရေစီကျင့်သုံးသော လူ့အဖွဲ့ အစည်းတွင် ကိုယ်ကျင့်တရားအပြင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့ အကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက် တရားမျှတစွာ ကျင့်ဆောင်ရန်အလို့ငှာ လည်းကောင်း ဥပဒေဘောင်အတွင်းဖြစ်ရမည်ဟု ပြဋ္ဌာန်းထားပေရာ ဝန်ထမ်း တစ်ဦး၏ဆန္ဒအလျောက် ရုံးလုပ်ငန်းတာဝန်ထမ်းဆောင်ခြင်းကို နှောင့်ယှက် တားဆီးခြင်းသည် လူတစ်ဦး၏အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို အသိအမှတ် မပြုရာရောက်သလို တရားမျှတမှုနှင့် သွေဖည်ရာလည်းရောက်ပါသည်။ ဒီမို ကရေစီ၏ စံနှုန်းများတွင်လည်း နိုင်ငံရေးဆိုင်ရာသည်းခံစိတ်ရှိမှု၊ တာဝန်ယူမှု၊ လူ့အခွင့်အရေးထိန်းသိမ်းမှု၊ ဥပဒေကို လေးစားလိုက်နာမှု စသည့်အချက် များလည်း ပါဝင်နေပေရာ ယနေ့ခေတ်တွင် မိမိနှင့်အယူအဆမတူညီမှုကြောင့် အခြားသူတစ်ဦး၏ အခွင့်အရေးကို ဖိနှိပ်ခြင်း၊ စွက်ဖက်ခြင်းသည်လည်း လူမှုအဖွဲ့အစည်း၏ ကောင်းမွန်သောအမူအကျင့်များနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပေသည်။ လူတို့၏ သဘောသဘာဝအရ မိမိတို့အယူအဆ မိမိတို့သဘောထား အယူအဆအပေါ်တည်၍ မိမိတို့မြင်သလို မိမိတို့အကျိုးစီးပွားနှင့် ကိုက်ညီလျှင် ကိုက်ညီသလို မကိုက်ညီလျှင် မကိုက်ညီသလို ကောက်ချက်ချကာ ဝေဖန် ပြစ်တင်ခြင်း၊ ချီးမွမ်းအားပေးခြင်းတို့က ရှိမြဲသာဖြစ်သည်ကို စာရေးသူအနေ ဖြင့် ကောင်းစွာနားလည်သဘောပေါက်ပါသည်။ သို့သော် ယနေ့ ရုံးတက်နေ ရကြသည့် ဝန်ထမ်းများတွင် ယခင်ကာလက ဝန်ထမ်းစည်းမျဉ်းနှင့်အညီ အစွန်းအထင်းမရှိ နေထိုင်ခဲ့သည့် ဝန်ထမ်းများလည်းပါနိုင်သည်။ ထိုဝန်ထမ်း များ၏ ဖြောင့်မတ်တည်ကြည်မှုကို လေးစားသင့်ပါသည်။ ထို့ပြင် မိသားစု အခက်အခဲကြောင့် စိတ်သွားရာနောက် ကိုယ်မပါနိုင်သည့် ဝန်ထမ်းများလည်း ရှိကောင်းရှိမည်။ ထိုဝန်ထမ်းများ၏ အခက်အခဲများကိုလည်း စာနာနားလည် သင့်ပါသည်။ အသက်အရွယ်နှင့် အတွေ့အကြုံအရ အသိအမြင်မတူကြသည့် ဝန်ထမ်းများလည်း ပါကောင်းပါမည်။ ထိုဝန်ထမ်းများ၏ ရပ်တည်ချက်ကို လည်း ပြည်သူများက အပြန်အလှန်နားလည်သင့်ပါသည်။ ထို့ကြောင့် ယနေ့ အချိန်အထိ နိုင်ငံတော်ကို မျက်နှာမူကာ ကျင့်ဝတ်နှင့် စည်းကမ်းများကို လေးစားလိုက်နာပြီး ပါတီနိုင်ငံရေးကင်းရှင်းကာ မိမိတို့ရပ်တည်ချက်အတိုင်း မမှိတ်မသုန် လျှောက်လှမ်းနေသည့် ဝန်ထမ်းများအတွက် လူ့ဂုဏ်သိက္ခာ နှင့်အညီ လွတ်လပ်လုံခြုံစွာ အသက်ရှင်သန်လှုပ်ရှား နေထိုင်ခွင့်ရှိနိုင်ရေး အတွက် ပြည်သူများအပေါ် ဝန်ထမ်းအားလုံးကိုယ်စား စာရေးသူက လေးနက်စွာ တောင်းဆိုဆန္ဒပြုလိုက်ရပါသည်။ ။