စေတနာသဒ္ဓါတရားဖြင့်ပါဝင်

 

မုန်တိုင်းဒဏ်သင့်ဒေသများတွင်   ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီဖြစ်သည်။ အလွန့်အလွန်အားကောင်းသော  ဆိုင်ကလုန်းမုန်တိုင်း၏ အဖျက်စွမ်းအားကြောင့်   ဖြစ်ပေါ်လာခဲ့သည့်  အပျက်အစီး ပမာဏမှာ လွန်စွာကြီးမားကျယ်ပြန့်များပြားလှသည်ဖြစ်ရာ ဆောင်ရွက်ရမည့်လုပ်ငန်းများမှာလည်း ပမာဏကြီးမားလှ သည်။

 

အထူးသဖြင့် မုန်တိုင်းစတင်ဝင်ရောက်ဖြတ်ကျော်ခဲ့ သည့် ရခိုင်ပြည်နယ်သည် သဘာဝဘေးအန္တရာယ်ကို အများ ဆုံးထိခိုက်ခံခဲ့ရသောဒေသဖြစ်သည့်အလျောက် ကူညီကယ် ဆယ်မှုနှင့်  ပြန်လည်ထူထောင်မှုတို့၏  အဓိကမျက်နှာစာ လည်းဖြစ်နေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရခိုင်ပြည်နယ်ရှိ  မြို့နယ် ၁၇ မြို့နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်လေးမြို့နယ် တို့ကို    သဘာဝဘေးအန္တရာယ်  ကျရောက်သောဒေသများ အဖြစ်   ကြေညာပြီး   ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် တစ်မြို့နယ်လျှင် တပ်မတော်အရာရှိကြီး တစ်ဦးစီကို တာဝန်ပေးအပ်လိုက်သည့်အပြင်   ၎င်းအရာရှိကြီးများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ   ဆောင်ရွက်မှုများကို  အနီးကပ်ကြီးကြပ်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်   ဒုတိယဝန်ကြီးချုပ်နှင့်   ပြည်ထောင်စုဝန်ကြီး နှစ်ပါးတို့ကိုလည်း တာဝန်ပေးအပ်ခဲ့သည်။

 


ယခုအခါ    မုန်တိုင်းဒဏ်သင့်ဒေသများတွင်  ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလျင်အမြန် ဆောင်ရွက်လျက်ရှိပြီး ကျောင်းများ၊ ဆေးရုံများ၊ ဘုန်းတော်ကြီးကျောင်းများ  ပြုပြင်ရေး၊  မြို့နယ်ရပ်ကွက်၊ ကျေးရွာများသို့  ကယ်ဆယ်ရေးပစ္စည်းများ  အလျင်အမြန် ရောက်ရှိရေး၊ လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်ရေး၊ လျှပ်စစ်မီးများရရှိရေး၊ အပျက်အစီးများ ရှင်းလင်းရေး စသည့် လုပ်ငန်းများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်၊ ကြက်ခြေနီ၊ ပရဟိတ လူမှု ရေးအသင်းအဖွဲ့များက အင်တိုက်အားတိုက် ဆောင်ရွက်လျက် ရှိသည်။ သဘာဝဘေးအန္တရာယ်မကျရောက်မီက ပြင်ဆင်မှု အပိုင်းတွင် အချိန်နှင့်တစ်ပြေးညီ ကြိုတင်ပြင်ဆင်နိုင်ခဲ့ခြင်း ကြောင့်   အဖျက်စွမ်းအားကြီးမားပြင်းထန်သည့်   မုန်တိုင်း ကျရောက်လာချိန်တွင် လူ့အသက်ထိခိုက်ဆုံးရှုံးမှု နည်းပါး ခဲ့ခြင်းဖြစ်သည်။ သဘာဝဘေးကျရောက်ပြီး၍  ပြန်လည် ထူထောင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်း   မိသားစုသဖွယ်စိတ်ဓာတ်ဖြင့်  ညီညီညွတ်ညွတ်၊ တက်တက်ကြွကြွ  ပူးပေါင်းဆောင်ရွက်လျက်ရှိရာ  အချိန် တိုအတွင်း မူလအခြေအနေသို့  ပြန်လည်ရောက်ရှိလာမည့် အပြင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အတိုင်း  ရခိုင်ပြည်နယ်အား    ပြန်လည်ထူထောင်ရေးလုပ်ငန်းများ  ဆောင်ရွက်ရာတွင်  မူလအခြေအနေထက်  ပိုမိုကောင်းမွန် အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။

 


အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ၏ဒဏ်ကို ရင်ဆိုင်ခံစားခဲ့ကြရသည့် ရခိုင်ပြည်နယ်၊ ချင်း ပြည်နယ်နှင့် အခြားဒေသများမှ မုန်တိုင်းဘေးသင့်ပြည်သူ များအတွက် ပြည်တွင်းပြည်ပ စေတနာရှင်၊ အလှူရှင်များက သဒ္ဓါတတ်အားသမျှ အလှူငွေနှင့်  ပစ္စည်းများ  လှူဒါန်းနိုင် ကြောင်း အသိပေးကြေညာဖိတ်ခေါ်ထားရာ သဒ္ဓါထက်သန် စွာ အင်တိုင်အားတိုက် လှူဒါန်းကြမည်ဟု ယုံကြည်သည်။ မုန်တိုင်းရောက်မလာမီကပင်လျှင် ထိုင်းနိုင်ငံရောက် မြန်မာ များက ထိုင်းဘတ်ငွေသန်းနှင့်ချီ၍ တန်ဖိုးရှိသော ခေါက်ဆွဲ ခြောက်ထုပ်များ သိန်းနှင့်ချီ၍ လှူဒါန်းခဲ့ကြသလို မုန်တိုင်း မစဲသေးမီမှာပင် ပြည်တွင်း အလှူရှင်များက ကျပ်ငွေသိန်း ပေါင်းသိန်းနှင့်ချီ၍  လှူဒါန်းခဲ့ကြရာ လိုအပ်နေသည့်အချိန် တွင် အားအင်ဖြစ်စေခဲ့သည်။ ဘေးသင့်ခဲ့ရသည့် ပြည်သူများ အတွက် လှူဒါန်းငွေနှင့် ပစ္စည်းများကို သက်ဆိုင်ရာအလှူခံ ဌာနများသို့ နည်းများမဆို ပါဝင်လှူဒါန်းကြခြင်းအားဖြင့် ကူညီကယ်ဆယ်ရေးနှင့်     ပြန်လည်ထူထောင်ရေးတို့တွင် စေတနာသဒ္ဓါတရားတို့ဖြင့် ပါဝင်ကြရပါမည့်အကြောင်း။   ။