၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံသူ မိဘပြည်သူ ကျောင်းသူကျောင်းသား၊ ဆရာ ဆရာမများ စည်ကားလှုပ်ရှား နေကြသည့် မြင်ကွင်းများကို တွေ့မြင်ရပြီဖြစ်သည်။ ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သော မေလ ၂၃ ရက်မှ မေလ ၃၁ ရက်နေ့အထိ ကလေးများ ကျောင်းအပ်နှံကြရေး အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဟူသောဆောင်ပုဒ်ဖြင့် တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်ရာ မိမိတို့၏ ရင်သွေးကလေးများ ကျောင်းနေအရွယ်တွင် ရောက်ရှိနေပါက ကျောင်းအပ်နှံကြရန် တာဝန်ရှိသော မိဘအုပ်ထိန်းသူများ မဖြစ်မနေ မြန်မြန် ဆန်ဆန် ကျောင်းအပ်နှံပေးကြဖို့လိုသည်။ ပညာသင်ကြားခြင်း သည် ကလေးတို့၏ ဘဝရှေ့ရေးအတွက် အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်သည်ကို မိဘတိုင်းက ရိုးရှင်းစွာ ရှုမြင်ကြရန် လိုပြီး နိုင်ငံရေးအမှောင့်ပယောဂကြောင့် သားသမီးတို့ ပညာရေးဆုံးရှုံးမှုမဖြစ်စေရန်လည်း သတိပြုကြရမည်ဖြစ်သည်။
နိုင်ငံတော်တွင် ပညာရေးအားနည်းခြင်းသည် လူစွမ်းအား အရင်းအမြစ် အားနည်းခြင်းပင်ဖြစ်သည့်အတွက် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နိုင်ရန် ပညာရေးမြှင့်တင်မှုကို အလေးထားဆောင်ရွက်လျက်ရှိသည်။ မိမိတို့နိုင်ငံ လူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ အခြေခံပညာအလယ်တန်းနှင့် အောက် အဆင့်ရှိသူများ၊ ပညာမသင်ကြားခဲ့ရသူများဖြစ်ပြီး ပညာရေး အားနည်းရခြင်း၏ အခြေခံအကြောင်းရင်းမှာ ဆင်းရဲမွဲတေမှု နှင့် ဆက်နွှယ်နေသည်။ ထို့အပြင် ဒေသမတည်မငြိမ်ဖြစ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကျောင်းတက်ရန် ဝေးလံ ခြင်း၊ ဘာသာစကားအခက်အခဲရှိခြင်း စသည့်အခြားအကြောင်း အရာများလည်း ပါဝင်နေသည်။ ကျောင်းနေအရွယ်ကလေးငယ် တိုင်း (KG+9) (အခြေခံပညာအလယ်တန်းအဆင့်) ပြီးဆုံး သည်အထိ ပညာသင်ကြားနိုင်ရန် ပညာရေးရည်မှန်းချက် ချမှတ်၍ နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
ကျောင်းသူကျောင်းသားတိုင်း အခြေခံပညာအလယ် တန်းအဆင့် ပြီးဆုံးသည်အထိ မသင်မနေရ သင်ယူကာ ယင်းမှတစ်ဆင့် အခြေခံပညာအထက်တန်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ စသောသက်မွေးဝမ်းကျောင်းပညာများသို့ ဆက်လက်သင်ယူကြခြင်းဖြင့် မိမိတို့၏ ဘဝရှေ့ခရီးကို ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြမည်ဖြစ်သည်။ သက်မွေး ဝမ်းကျောင်းပညာ (Vocational Training) မှ သင်ယူခဲ့သော ပညာရပ်များနှင့် ဇွဲ လုံ့လ ဝီရိယ၊ တီထွင်ဖန်တီးမှုတို့ ပေါင်းစပ် ကာ ကြီးပွားချမ်းသာခဲ့ကြသည့် သာဓကများစွာရှိနေရာ နိုင်ငံတော်က စီမံဖန်တီးပေးထားသည့် ပညာသင်ယူမှုအခွင့် အလမ်းများကို မလွတ်တမ်း ဆုပ်ကိုင်ရယူနိုင်ကြပါရန် အလေး အနက်တိုက်တွန်းလိုသည်။
အမျိုးသားပညာရည်မြှင့်တင်ရေးအတွက် နိုင်ငံတော် အစိုးရက ပညာသင်ကြားရေးကို ပထမဦးစားပေးအဖြစ် ဖော်ဆောင်လျက်ရှိရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့်လည်း ဒေသအလိုက် ပညာသင်ကြားရေးနှင့် ကျောင်းသား ကျောင်းသူများအားလုံး ပညာသင်ကြားနိုင်ရေး ဦးစားပေးအလေးထားဆောင်ရွက်ရန်၊ စာသင်ကျောင်းများ အားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး အားပေးကူညီဆောင်ရွက် ကြရန်တို့ကိုလည်း နိုင်ငံတော်အကြီးအကဲက မှာကြားထားရာ ပညာသင်နှစ်သစ်အစ ကျောင်းဖွင့်ရာသီတွင် ကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး၊ ကျောင်းတက်ရာခိုင်နှုန်းနှင့် တန်းစဉ် ကူးပြောင်းမှုနှုန်းများ ပိုမိုမြင့်မားလာရေးတို့အတွက် အလေး ထား ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပညာရေးအခြေအနေကောင်းမွန် မြင့်မားလာသည်နှင့်အမျှ နိုင်ငံတော်၏ အမျိုးသားပညာရည် မှာလည်း ပိုမိုမြင့်မားလာမည်ဖြစ်သည်။
ပညာရေးသည် ကျောင်းသား ကျောင်းသူ တစ်ဦးချင်းစီ အတွက် ဘဝရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရန် အရည်အချင်းဖြစ်သလို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း အထောက်အကူပြုနိုင်သည့် လိုအပ်ချက်ဖြစ်သည်။ နိုင်ငံ၏ ပညာရည်အဆင့်အတန်း မြင့်မားရေးအတွက် ကျောင်းနေအရွယ် ကျောင်းသူ ကျောင်းသားတိုင်း ကျောင်းအမြန်အပ်နှံနိုင်ကြရန် တာဝန်ရှိသူတိုင်းက ဝိုင်းဝန်း ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။