ရာသီဥတုပြောင်းလဲမှုနှင့်လျော်ညီစွာ

 

၂၁ ရာစုနှစ်ဦးပိုင်းမှစကာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများ က သိသိသာသာ ထင်ထင်ရှားရှားဖြစ်လာသည်။ ပုံမှန် မဟုတ်သည့် ရာသီဥတု၏အပြောင်းအလဲနှင့် အကျိုးဆက် များကို ကမ္ဘာ့နိုင်ငံအသီးသီးတို့ ခံစားကြရသည်။ ရာသီဥတု ပြောင်းလဲမှု၏ အကျိုးဆက်ကို ခံစားရသည်ဟု ဆိုရာတွင် ကောင်းကျိုးထက် ဆိုးကျိုးကို ပို၍ ခံစားနေကြရခြင်းဖြစ် သည်။ ယင်းသို့သော နိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။ 


ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝပတ်ဝန်းကျင် များ ထိခိုက်ပျက်စီးရသလို ဂေဟစနစ်များလည်း ယိုယွင်း ရသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို တိုက်ရိုက် ထိခိုက်စေသည့်အတွက် စားနပ်ရိက္ခာထုတ်လုပ်မှုကိုလည်း လျော့နည်းကျဆင်းစေသည်။ ရာသီဥတုပြောင်းလဲခြင်းက မြန်မာနိုင်ငံကဲ့သို့သော စိုက်ပျိုးရေးအခြေခံသည့် စီးပွားရေး အပေါ် အဓိက အမှီပြုနေရသည့် နိုင်ငံအတွက် လွန်စွာ အရေးကြီးသည်။ ပြောင်းလဲလာသည့် ရာသီဥတုနှင့် လိုက် လျောညီထွေဖြစ်မည့် စိုက်ပျိုးရေးပုံစံနှင့် သီးနှံပုံစံတို့ကို ပြောင်းလဲရန်မှာ အရေးတကြီး လိုအပ်ချက်ဖြစ်လာသည်။ မုတ်သုံမိုးကို မှီခို၍ စိုက်ပျိုးနေရသော စပါးစိုက်ပျိုးမှုသည် မိုးရွာသွန်းမှုပုံစံ   ပြောင်းလဲမှုများကြောင့်   စိုက်ပျိုးမှုပုံစံ ပြောင်းလဲရန်နှင့် စပါးမျိုးကိုလည်း ရာသီဥတုအ‌ခြေအနေ နှင့်ကိုက်ညီမည့် စပါးမျိုးကို ရွေးချယ်စိုက်ပျိုးရန်  လိုအပ် လာသည်။


မိုးလေဝသပညာရှင်များ၏ အဆိုအရ မြန်မာနိုင်ငံတွင် မိုးရွာသွန်းမှုသည်  အကြမ်းဖျင်းအားဖြင့် ယခင်က ၁၄၄ ရက်ခန့် ရှိရာမှ  နောက်ပိုင်းတွင် ၁၀၅ ရက်ခန့်သာ ရှိလာ သည်ဟု ဆိုသည်။ နှစ်စဉ် မိုးရေချိန်များကို နှိုင်းယှဉ်လေ့လာ ပါက  နောက်ပိုင်း  ဆယ်စုနှစ်တွင်  မိုးရေချိန်လက်မ  ပိုမို များပြားသော်လည်း နေရာကွက်၍ မိုးကြီးသည့်နေရာတွင် ကြီးကာ ရေကြီးရေလျှံမှု ဖြစ်ပေါ် ခဲ့ခြင်း၊ မိုးခေါင်ခြောက်သွေ့ သည့်နေရာ၌ ခြောက်သွေ့ခဲ့ခြင်း စသည့်ပုံမမှန်သော ရာသီ ဥတုသာ  ဖြစ်သည်။  ယင်းသို့သော   အခြေအနေများက ရေရှည်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုနှင့် စားနပ်ရိက္ခာဖူလုံမှုတို့အပေါ်တွင်  အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာမည်ဖြစ်ရာ ရာသီဥတုပြောင်းလဲမှုနှင့် လိုက် လျောညီထွေစွာ စီးပွားဖြစ် သီးနှံစိုက်ပျိုးမှုပုံစံတို့ကို ဒေသ အလိုက် သုတေသနပြုဖော်ထုတ်ရန်နှင့် တောင်သူလယ်သမား များအား  နည်းပညာအကူအညီများ   ပေးအပ်နိုင်ရန်   ဆောင်ရွက်ရမည်ဖြစ်သည်။ စပါးစိုက်ပျိုးရာတွင် ရေလိုအပ် ချက်နည်းသည့်စပါး၊ သက်တမ်းတိုသည့်စပါး၊ မိုးခေါင်မှု ဖြစ်ပေါ်ပါက ရေငတ်ဒဏ်ခံနိုင်သည့်စပါး၊ ဈေးကွက်တွင် လည်း  ရောင်းတန်းဝင်သည့်  စပါးမျိုးဖြစ်ဖို့ လိုသည်။ စိုက်နည်းစနစ်တွင်လည်း    ပျိုးသက်နုကောက်ကွက်ကြဲ စိုက်ပျိုးခြင်း၊ တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်း၊ မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးခြင်း၊ ကြဲခင်းစနစ်စိုက်ပျိုးခြင်း နည်း လမ်းတို့ကို ကျင့်သုံးနိုင်ကြောင်း စိုက်ပျိုးရေးပညာရှင်များ က အကြံပြုထားသည်။ စပါးအပြီး စိုက်ပျိုးမည့် သီးထပ် သီးနှံကိုလည်း ရာသီဥတုအခြေအနေ၊ ဈေးကွက်အခြေ အနေတို့အပေါ် မူတည်ပြီး ပုံစံချစိုက်ပျိုးသွားရန် အကြံပြု ထားသည်။


မြန်မာနိုင်ငံတွင် လူဦးရေ ၇၀ ရာခိုင်နှုန်းသည် စိုက်ပျိုး ရေးအခြေခံစီးပွားရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်လျက် ရှိရာ   စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုသည်   တောင်သူ လယ်သမားတို့၏ဘဝ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပြီး နိုင်ငံစီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုလည်း ဖြစ်သည်။ ရာသီဥတုဟူသည် သဘာဝဖြစ်စဉ်တစ်ရပ်ဖြစ်သည့်အလျောက် လူသားတို့က လိုသလိုပြုပြင်ဖန်တီး၍မရနိုင်ဘဲ ရာသီဥတုနှင့် လိုက်လျော ညီထွေအောင်သာ ပြောင်းလဲကြရမည်ဖြစ်သည်။ လူသား တို့၏  အသိပညာ၊   အတတ်ပညာ၊   လုံ့လဝီရိယတို့ဖြင့် သဘာဝတရားကို ရင်ဆိုင်ကျော်လွှားကာ လူ့ဘောင်ဘဝ သာယာဝပြောရေး ဖန်တီးဖော်ဆောင်ကြရာတွင် တောင်သူ လယ်သမားတို့၏ စွမ်းပကားဖြင့်  စားနပ်ရိက္ခာထုတ်လုပ် ရေးသည်လည်း လူသားကမ္ဘာအတွက် အသက်သွေးကြော လိုအပ်ချက်ပင် ဖြစ်ပါကြောင်း။       ။