ရန်ကုန်တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံစေရန်နှင့် သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ တိုင်းဒေသကြီးအတွင်း၌ပင် စိုက်ပျိုးမွေးမြူရေးဇုန် များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ လက်ရှိ မြန်မာနိုင်ငံတွင် လူဦးရေ ၅၅ သန်းကျော်ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ ရှစ်သန်းကျော်ရှိနေသည်။ ရန်ကုန်သည် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအားလုံးတွင် အကျယ်အဝန်းပမာဏ အသေးငယ်ဆုံးဖြစ်သော်လည်း လူဦးရေ အများပြားဆုံးနှင့် လူနေအထူထပ်ဆုံးဖြစ်ပြီး နိုင်ငံ၏ စီးပွားရေးအချက်အချာဒေသဖြစ်သည်။
“ရန်ကုန်မြို့တွင် လူဦးရေ ၈သန်းခန့်ရှိပြီး နေ့စဉ်အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက် လိုအပ်ချက်များစွာရှိ သဖြင့် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးရန်လို ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်တို့ အပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် များကလည်း ရန်ကုန်တိုင်းဒေသကြီးသို့ အသား၊ ငါးနှင့်ဥများ ကို တင်ပို့ရောင်းချလျက်ရှိသည်ကို တွေ့ရကြောင်း၊ အခြား ဒေသမှ လာရောက်ရောင်းချခြင်းဖြင့် ထုတ်လုပ်မှု ကုန်ကျ စရိတ်အပြင် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များကြောင့် စားသောက်ကုန်များကို ဈေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူစားသုံး ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များကို အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန် ၁၀ ရက်နေ့ ရန်ကုန် တိုင်းဒေသကြီး သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်မှုအခြေအနေများ သွားရောက်ကြည့်ရှု စစ်ဆေးစဉ် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးသည် စက်မှုဇုန်များ၊ စိုက်ပျိုး မွေးမြူရေးဇုန်များ အများအပြားတည်ရှိနေပြီး နိုင်ငံ၏ အဓိက စီးပွားရေးမောင်းနှင်ရာဒေသဖြစ်သော်လည်း နိုင်ငံတွင် လူဦးရေအထူထပ်ဆုံးနှင့် အများပြားဆုံးဖြစ်သည့်အတွက် စားရေးလိုအပ်ချက်လည်း များပြားသည်။ တိုင်းဒေသကြီး အတွင်း မြို့ပြဒေသနေထိုင်သူ ၆၀ ရာခိုင်နှုန်းကျော်နှင့် ကျေးလက်ဒေသ နေထိုင်သူ ၃၀ ရာခိုင်နှုန်းကျော်ရှိနေပြီး ဝင်ငွေနည်းပါးသူ အခြေခံလူတန်းစား မိသားစုဝင်များလည်း အများအပြားရှိနေရာ ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ဆက်စပ်ဖြစ်ပေါ်လာသည့် စီးပွား ရေး ကျဆင်းမှု၊ နိုင်ငံရေးအခြေအနေများ စသည့်အကြောင်း တရားများက ၎င်းတို့၏ နေ့စဉ်လူနေမှုဘဝများအပေါ် ရိုက်ခတ်မှုကြီးမားသည်။ ဆန်၊ ဆီ စသည့်အခြေခံစားကုန်များ နှင့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်၊ သား၊ ငါး၊ ငရုတ်၊ ကြက်သွန် စသည်တို့ ဈေးနှုန်းကြီးမြင့်မှုက ဝင်ငွေနည်းပါးသူတို့ အပေါ် ဖိစီးမှုများဖြစ်ပေါ်သည့်အလျောက် ဝိသမလောဘဖြင့် သိုလှောင်ဈေးကစားမှုများကို ထိရောက်စွာအရေးယူရန်၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချရေး ထိန်းသိမ်းကြပ်မတ်ရန်၊ တိုင်းဒေသကြီးအတွင်း သား၊ ငါး၊ ဟင်းသီးဟင်းရွက်များ တိုးတက်ထုတ်လုပ်ရန် ဆောင်ရွက် သွားရမည့်အပြင် အခြေခံလူတန်းစားများအတွက် အလုပ် အကိုင်အခွင့်အလမ်း ဖန်တီးပေးမှုများ၊ ဝင်ငွေနည်း မိသားစု များအတွက် ဝင်ငွေတိုး အစီအစဉ်ဆောင်ရွက်ပေးမှုများနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်များလည်း ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်သည်။
တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမြေများကို အကျိုးရှိစွာ အပြည့်အဝအသုံးချရန်၊ အသား၊ ငါးနှင့် ဥများ လုံလောက်စွာ ရရှိရေး မွေးမြူရေးလုပ်ငန်းများကို အထွက်တိုးအောင် စနစ်တကျဆောင်ရွက်ရန်၊ အမှန်တကယ်အကျိုးရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြစ်စေလိုပြီး ရန်ကုန်မြို့နေ လူဦးရေ၏ စားရေးကို အထောက်အကူပြုနိုင်ရန် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။